ရှမ်းမြောက် အောင်ပွဲတွင် တရုတ် ပါဝင်ခဲ့သော အခန်းကဏ္ဍ

by Hla Soewai - Jan 19 2024

အထက်ပါ ခေါင်းစဉ် ဖြင့် RFA မင်ဒါရင် ဘာသာ အစီအစဉ်မှ Song Dayang ၏ တင်ပြမှု အား ကောက်နှုတ် တင်ပြသွားပါမည်။

 

ညီနောင် သုံးဖေါ် မဟာမိတ် အဖွံ့ မှ ရှမ်းမြောက်ဒေသတွင် စစ်ဆင်ရေး စတင် လာခဲ့သည့် အချိန်တွင် ၎င်းတို့၏ စတုတ္ထမြောက် မဟာမိတ် ဖြစ်သည့် တရုတ်၏ ထောက်ခံမှူ ရရန် အွန်လိုင်း လူလိမ်ဂိုဏ်းများကို နှိမ်နှင်းသွားမည်ဟု စစ်ဆင်ရေး ရည်ရွယ်ချက် ထဲတွင် ထည့်သွင်း ‌လာခဲ့သည်။

 

ထိုအချိန်တွင် တရုတ်သည် စစ်အာဏာသိမ်း အဖွဲ့ လက်သတ် မွေးထားသော ကိုးကန့် အုပ်ချုပ်ရေး အဖွဲ့မှ လူလိမ်ဂိုဏ်းများ အား အကာအကွယ် ပေးနေမှု ကို အလွန်အမင်း စိတ်ပျက်နေခိုက်လည်း ဖြစ်သည်။ ထိုဒေသတွင် ခန့်မှန်းခြေအားဖြင့် တရုတ် နိုင်ငံသား များ အပါအဝင် လူပေါင်း ၁၂၀,၀၀၀ ခန့် အား ချုပ်နှောင်၍ အတင်းအကျပ် စေခိုင်းခံနေရသည်ဟု ၂၀၂၃ ဩဂုတ်လတွင် ထုတ်ပြန်သော ကုလ လူ့အခွင့်အရေး အဖွဲ့၏ အစီရင်ခံစာတွင် ခန့်မှန်း ဖေါ်ပြထားခဲ့သည်။

 

ညီနောင် မဟာမိတ် အဖွဲ့သည် ကိုးကန့်ဒေသအား သိမ်းယူ နိုင်ရန် ယခင်က နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပဲ ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှသာ လုံးလုံးလျားလျား သိမ်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ထိုအချိန်မှစ၍ တရုတ်သည် နှစ်ဖက် အကြား အပစ်အခတ် ရပ်စဲအောင် ပေါ်ပေါ်ထင်ထင် အားတက်သရော ပါဝင်လာခဲ့သည်။

 

ဒေသအတွင်း တရုတ်သည် ၎င်းတို့ အတွက် ကိုယ်စားလှယ် များ ‌မွေးကာ အနေအထား ခိုင်မာလာရေး နှင့် တဖက်တွင် ကျားဖြန့်ဂိုဏ်းများ ကြောင့် ဒေသတွင်း မတည်မငြိမ် ဖြစ်လာမည့် အရေးကို ဖယ်ရှားရန် တရုတ်ခေါင်းဆောင်ပိုင်းမှ ခဲတလုံး နှင့် ငှက် နှစ်ကောင် ပစ်နိုင်ရေး ကြိုးပမ်းလာခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တိန်ရှုဝင် မှ ဆိုသည်။ 

 

ကိုးကန့် သည် တရုတ် ဩဇာစက်ဝန်း အတွင်း ကာလကြာမြင့်စွာ ကတည်းက ရှိနေခဲ့ပြီး ဖြစ်သည်။ ဒေသတွင်း နေထိုင်သူများသည်လည်း တရုတ်နွယ်ဖွားများ ဖြစ်ကြသည်။ သို့သော် နှစ်ဆယ်ရာစု နှစ် အလယ်ပိုင်းလောက်တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အတွက် ခြေကုပ်စခန်း ဖြစ်လာခဲ့သည်။

 

၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ ပြိုကွဲသွားခဲ့မှု နှင့်အတူ ဒေသ စစ်ခေါင်းဆောင်တဦး ဖြစ်သော ဖုန်ကြားရှင်သည် "ကိုးကန့်ဘုရင်" ဆိုသော အမည်ကို ရရှိလာပြီး ထိုစဉ်က အာဏာသိမ်း ခေါင်းဆောင်များထံ ပြောင်း၍ သစ္စာခံခဲ့သည်။ စစ်တပ်မှလည်း ၎င်းအား ထိုဒေသကို အုပ်ချုပ်ခွင့် ပေးကာ ကိုယ်ပိုင် စစ်တပ်ပင် ထားခွင့်ပေးခဲ့သည်။ သို့သော် ဖုန်ကြားရှင်သည် တရုတ်ကိုပင် ၎င်း၏ အကျိုးစီးပွားအား အဓိက အကာအကွယ်ပေးသူ အဖြစ် အသိအမှတ် ပြုထားဆဲ ဖြစ်သည်။

 

၂၀၀၉ တွင်တော့ ဖုန်ကြားရှင်အား ဒုခေါင်းဆောင် ဖြစ်သူ ပယ်ဆောက်ချိန်မှ အာဏာသိမ်းကာ ဖယ်ရှားပစ်ခဲ့သည်။ ထို့နောက်တွင်တော့ ပယ်ဆောက်ချိန်သည် ကိုးကန့်အား သူ့မိသားစု ပိုင် စီးပွားရေး ဒေသအလား အုပ်ချုပ်စီရင်လာခဲ့သည်။ ပထမဆုံး အကြိမ် အဖြစ် ကိုးကန့်တွင် စစ်တပ် အား စခန်းချခွင့် ပြုခဲ့သည်။ ဒေသခံများအားလည်း မြန်မာ နိုင်ငံသား အဖြစ် အသိအမှတ် ပြုခဲ့သည်။

 

ရာဇဝတ်ဂိုဏ်းများထံမှလည်း မတန်တဆ ဆက်ကြေးများ ကောက်ယူပြီး အကာအကွယ်ပေးခဲ့သည်၊ မြန်မာ စစ်ခေါင်းဆောင်များလည်း ခွဲဝေပေးခဲ့သဖြင့် အကျိုးအမြတ် များစွာ ရလာခဲ့သည်။ ဤသို့ဖြင့် တစထက်တစ အွန်လိုင်းမှ လိမ်လည်သည့် ကျားဖြန့်ဂိုဏ်းများ ပေါ်ပေါက်လာခဲ့တော့သည်။

 

တရုတ် အစိုးရမှ ထိုသို့ ဖြစ်လာခြင်းကို ယမန်နှစ်ကစပြီး သည်းမခံနိုင် ဖြစ်လာခဲ့သည်။ ဩဂုတ် လတွင် မြန်မာ၊ ထိုင်းနှင့် တွဲ၍ ပူးတွဲစစ်ဆင်ရေးကို ဆင်နွှဲလာခဲ့ရာ ရှမ်းပြည်နယ် တခုထဲမှာပင် တရုတ် နိုင်ငံသား ၄၀,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။

 

အောက်တိုဘာလ တွင် ကိုးကန့်ရှိ ထင်ရှားသော စီးပွားရေး သမားများအား ကုန်စည်ပြပွဲသို့ ဟန်ပြဖိတ်ပြီး ဖမ်းဆီးလိုက်သည်။ နိုဝင်ဘာလ တွင် ဘီဂျင်းမှ ကိုးကန့်‌ဒေသ၏ USDP အမတ်နှင့် မိသားစု သုံးစု အား ဖမ်းဝရမ်းထုတ်လာခဲ့သည်။

 

ဒီဇင်ဘာ ၁၀ ရက်တွင်တော့ စစ်ကောင်စီ ခန့် ကိုးကန့် ခေါင်းဆောင် ပယ်ဆောက်ချိန် နှင့် မိသားစု ဝင်များ အပါအဝင် လူဆယ်ဦး အား တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန (ပြည်ထဲရေး) မှ ဖမ်းဝရမ်း ထုတ်လိုက်ပြန်သည်။

 

ယင်းကို ကြည့် ခြင်းအား ဖြင့် စစ်ကောင်စီမှ ကျောထောက်နောက်ခံ ပေးထားသော ကိုးကန့် ခေါင်းဆောင်ပိုင်းကို တရုတ်က ဆက်၍ သည်းငြည်း မခံနိုင်တော့ပဲ ၎င်းတို့လူများ နှင့် အစားထိုး ချင်လာသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

ဖုန်ကြားရှင်သည် ကိုးကန့် ခေါင်းဆောင် အဖြစ် မှ ဖယ်ရှားခံရပြီးနောက်တွင် ၎င်း၏ MNDAA တပ်များသည် မြန်မာ စစ်တပ်အား အခါအားလျှော်စွာ တိုက်ခိုက်လာခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့၊ ဖုန်ကြားရှင်သည်လည်း ၂၀၂၂ တွင် ကွယ်လွန်သွားခဲ့သည်။

 

ထို့နောက် သားဖြစ်သူ ဖုန်ဒင်ရင်း မှ ဖခင် ဆုံးရှူံးသွားခဲ့သည့် နယ်မြေများကို ပြန်၍ သိမ်းနိုင်ရန် အစီအစဉ်များ ရေးဆွဲလာခဲ့သည်။ ဤသို့ဖြင့် ၁၀၂၇ စစ်ဆင်ရေး ကြီး အကောင်အထည် ပေါ်လာခဲ့သည်။

 

ထိုစစ်ဆင်ရေးသည် မထင်မှတ်ပဲ နှင့် ၎င်းတို့ထက် အင်အား များစွာ သာလွန်သည့် မြန်မာ စစ်တပ် မပေါ် အောင်ပွဲများ ဆက်တိုက်ဆိုသလို ရရှိခဲ့ပြီး စစ်စခန်းပေါင်း သုံးရာကျော်ကို သိမ်းပိုက် နိုင်လိုက်သည်။ ယူနန် ပြည်နယ် နှင့် ဆက်သွယ်နေသော ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း ထိန်းချုပ် လာနိုင်ခဲ့သည်။

 

နိုဝင်ဘာလ ထဲတွင် အာဏာသိမ်း ခေါင်းဆောင်မှ တိုင်းရင်းသား လက်နက်ကိုင်များသည် အဆင့်မြင့် နည်းပညာ သုံး ဒရုန်းများ နှင့် တိုက်ခိုက်လာ၍ ပြည်ပ ဒရုန်းပညာရှင်များ၏ အကူအညီကို ရနေသည်ဟု ထုတ်ပြောလာခဲ့သည်။

 

၎င်းမှ မည်သည့် နိုင်ငံဟု ထုတ်မပြောသော်လည်း MNDAA ပြောခွင့်ရ လီဂျာဝင်က မူ မိမိတို့အား တရုတ်မှ အကူအညီ ပေးနေခြင်း မရှိဟု ငြင်းဆိုပြီး ယခုလို အောင်ပွဲများ ရလာခဲ့ခြင်းသည် ၎င်းတို့ နှစ်ပေါင်း ၇၀ ကြာ မတရားဖိနှိပ်အုပ်ချုပ်လာခဲ့ခြင်း ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်မှ ယခု စစ်ဆင်ရေး အား အကြီးဆုံး‌ ပံ့ပိုးပေးနိုင်ခဲ့မှု သည် ဖြစ်မလာအောင် မဟန့်တားပဲ နေခဲ့ခြင်းသာ ဖြစ်သည်ဟု ဝါရှင်တန် ရှိ စတင်ဆန် စင်တာမှ ယွန်ဆန်က မှတ်ချက်ချခဲ့သည်။

 

တိုင်းရင်းသား တပ်များသည် စစ်တပ်၏ လက်နက်ကြီးများ ပစ်ခတ်‌မှု မှ လွတ်ရာလွတ်ကြောင်း အဖြစ် တရုတ်နိုင်ငံထဲ တိမ်းရှောင်နိုင်ခဲ့ပြီး တရုတ်မှလည်း စစ်ဆင်ရေး ဆက်လက်ဆင်နွှဲနိုင်ရန် ငွေကြေး နှင့် ကုန်စည် စီးဆင်းမှု များ ပြတ်တောက်မသွားအောင် ခွင့်ပြုပေးခဲ့သည်ဟုလည်း ဆိုသည်။

 

တရုတ်မှ ခွင့်မပြုပါက နယ်စပ်ဒေသအား ဆက်၍ ထိန်းချုပ် နိုင်စွမ်း မရှိတော့သည်ကို သဘောပေါက်လာသော စစ်ကောင်စီ တပ်များသည် စိတ်ဓါတ်များ ကျဆင်းလာခဲ့သည်။

 

သို့သော် တရုတ်၏ ဦးစားပေး အဆင့်တစ်သည် မြန်မာ နိုင်ငံတွင်း တည်ငြိမ်မှု ရှိရေး ဖြစ်၍ စစ်တပ် ဆက်၍ ထိန်းချူပ်နိုင်အောင် ပံ့ပိုးပေးမှ ဖြစ်မည်ကိုလည်း သိထားကြသည်။ ဤသည်ကိုလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ္စက် မောနင်းမှ ရှင်းလင်းစွာ ပြောကြားခဲ့ပြီးလည်း ဖြစ်သည်။

 

ယူနန် ပြည်နယ်ထဲရှိ တရုတ် နယ်ခြား မြို့သို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲလာသည့် အခါတွင်တော့ တရုတ်မှ ပြင်းထန်စွာ ပြစ်တင် ကြိမ်းမောင်းပြီး ဇန်နဝါရီ ၄ ရက်‌ တွင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဆွန် ဝေဒေါင်းသည် နေပြည်တော်သို့ ပေါက်ချလာပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်။ ထို နေ့မှာပင် ကိုးကန် ဒေသရှိ ၎င်းတို့၏ စစ်ဌာနချုပ်ကို MNDAA သို့ လက်သို့ အပ်လိုက်ပြီဟု စစ်တပ်မှ ကြေငြာလာခဲ့သည်။

 

ယင်းသည် စစ်ကောင်စီ မှ ကာကွယ်ရန် ခက်သည့် နယ်မြေကို တရုတ်တို့လည်း ကျေနပ်အောင် လက်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

 

နောက်တကြိမ် တရုတ် တို့ စိတ်ပြေရာ ပြေကြောင်း အဖြစ် တိုင်ဝမ်‌ ရွေးကောက်ပွဲ အပြီးတွင် တိုင်ဝမ် လွတ်လပ်ရေး ဆိုကာ ခွဲထွက်ရန် လှုပ်ရှားမှု မှန်သမျှ ကို ဆန့်ကျင်ကြောင်း ကြေငြာချက် ထုတ်ပြန်လာခဲ့သည်ဟု ဆောင်းပါးတွင် ပါရှိလာသည်။

 

တရုတ် မှ ၎င်းတို့၏ အကျိုး အတွက် မည်မျှပင် ဝင်ရောက်စွက်ဖက် လာစေကာမူ မြန်မာပြည်သူ တရပ်လုံးက စစ်ကျွန် ဘဝ မှ လွတ်မြောက်ရန် တော်လှန်စစ်ကို အရှိန်မြှင့်သည်ထက် မြှင်တင်လာ‌ နေပြီ ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရက်ပေါင်း ၈၀ အတွင်း နိုင်ငံ တဝှမ်း မြို့ပေါင်း ၃၃ မြို့ကို သိမ်းယူ နိုင်ခဲ့သည်ဟု ဧရာဝတီ မှ စစ်တမ်း ထုတ်ပြန်လာခဲ့သည်။

 

မြန်မာ တွင် မြို့ပေါင်း ၃၃၀ ရှိသဖြင့် နိုင်ငံ၏ ဆယ်ပုံတပုဲ စစ်ကျွန် ဘဝ မှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!