နိုင်ငံတကာ ရေးရာ မိတ်ဆက်(24)

by Hla Soewai - Jan 15 2024

အရှေ့ အလယ်ပိုင်းသည် မကြာသေးမီက ဖြစ်ပွားနေသော ပဋိပက္ခများ၊ ရင်သိမ့်တုန် နိုင်ငံရေး အပြောင်းအလဲများ၊ သံခင်း တမန်ခင်း လှုပ်ရှားမှု များ ကြောင့် ကမ္ဘာ၏ အထူး အာရုံစိုက် ခံရဆုံး ဒေသတခု ဖြစ်သည်။ ထိုဒေသတွင်း ရှိနေသော စွမ်းအင် အရင်းအမြစ်များ၊ နှင့် အကြမ်းဖက် ဝါဒ များသည် ကမ္ဘာကြီးအား နည်းအမျိုးမျိုး ဖြင့် နက်ရှိုင်းစွာ ရိုက်ခတ်စေခဲ့သည်။

 

အရှေ့အလယ်ပိုင်းသည် အခြားဒေသများ နည်းတူ လျှင်မြန်စွာ လိုက်ပါပြောင်းလဲနေသော်လည်း ထို အပြောင်းအလဲများကို အလွယ်တကူ အတိုချုပ် ဖေါ်ပြရန် မူ ခက်ခဲလှပေသည်။ အများစုသည် စိတ်ပျက် ငြည်းငွေ့စရာ များ နှင့် ပြည့်နှက်နေ၍ လည်း ဖြစ်သည်။

 

အာဖရိက ဆိုသော်လည်း အတိအကျ ဖေါ်ပြရလျှင် ဆာဟာရ သဲကန္တာရ လွင်ပြင် အောက်ပိုင်း ဒေသများ ပင် ဖြစ်သည်။ အထက်ပိုင်းအား အရှေ့အလယ်ပိုင်းတွင် ထည့်သွင်းထားခဲ့ပြီး ဖြစ်သည်။ အာဖရိက တွင် ဗိုလ်လုပ် နိုင်စွမ်း ရှိသော နိုင်ငံဟူ၍ မရှိသေးသည့် အပြင် ဘူမိနိုင်ငံရေး အရ စိန်ခေါ်မှုများသည်လည်း တနိုင်ငံ နှင့် တနိုင်ငံ ကွဲပြားနေပြန်သဖြင့် ခြုံ၍ တင်ပြနိုင်ဖို့ ခဲယဉ်းပေသည်။ နိင်ငံများ တွင်တူညီသော အရာတခု ရှိနေသည်ကား နိုင်ငံရေး နှင့် စီးပွားရေး ဖွံ့ဖြိုးမှု လစ်ဟာနေခြင်းပင် ဖြစ်သည်။

 

လက်တင် အမေရိကား တိုက် အတွက်လည်း အလားတူ ပြော၍ ရနေပြန်သည်။ ၎င်းတို့ ရင်ဆိုင်နေရသော စိန်ခေါ်မှု ကြီးသည်ကား အချို့သော အစိုးရများသည် အားပျော့လွန်းနေ၍ လူထူ၏ မျှော်လင့် ထားသလောက် ဖြစ်မလာခဲ့ခြင်းပင် ဖြစ်သည်။

 

နောက်ထပ် သီးခြား ဖေါ်ပြစရာ အကြောင်း သိတ်မရှိလှသော ဒေသကြီး နှစ်ခု ရှိနေပြန်သည်။ ပထမ ကား အာတိတ်ဒေသ ဖြစ်သည်။ ထိုဒေသတွင် ရာသီဥတု ပြောင်းလဲလာမှု ကြောင့် ပင်လယ်ရေလမ်းကြောင်း ပွင့်လာခြင်းနှင့် အတူ သယံဇာတ အရင်းအမြစ်များ တူးဖေါ်ယူနိုင်မည့် အလားအလာ များကို တွေ့လာရ၍ မဟာဗျူဟာ အရ ပြိုင်ဆိုင်မှု များ ရှိလာခဲ့သည်။

 

နောက်ထပ် တခုကား အာရှ အလယ်ပိုင်း ဒေသ ဖြစ်သည်။ ထိုဒေသ အပေါ် ကမ္ဘာကြီး ၏ ရိုက်ခတ်ခံရမှု အသင့်အတင့်မျှသာ ရှိပြီး ရုရှား၏ အာဏာစက် အောက်နှင့် တရုတ်၏ တဖြေးဖြေး ကြီးထွားလာနေသော ဩဇာ စက်ဝန်း အတွင်း ရှိသည်ဟူလည်း ယူဆခံထားရ၍ ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။

 

ဒေသများစွာ အား သက်ဝင်လှုပ်ရှား စီးမျောနေ စေသည့် အရာကား ဘာသာရေးပင် ဖြစ်သည်။ မည်သည့်ဘာသာ ကိုမျှ ကမ္ဘာလူဦးရေ အများစု၏ ကိုးကွယ်ရာ အဖြစ် ပြော၍ မရသေးပေ။ ကမ္ဘာ့လူဦးရေ သုံးပုံတပုံ ဖြစ်သော ၂.၃ ဘီလီယံခန့် သည် ခရစ်ယာန် ဘာသာ ကို ကိုးကွယ်ကြသည်။ လေးပုံတပုံ နီးပါးခန့်သည် မူဆလင် များ ဖြစ်ကြသည်။ တစ် ဘီလီယံ ကျော်သည် ဟိန္ဒူများ ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဝင်များသည် သန်း ငါးရာခန့် ရှိသည်။ ဆယ့်ငါးသန်း ကျော်ကျော်သည် ဂျူးများ ဖြစ်သည်။ တစ် ဘီလီယံ ခန့်သည် မည်သည့် ဘာသာမျှ မကိုးကွယ်ဟု ဆိုသူများ ဖြစ်သည်။

 

မူဆလင် ဦးရေသည် ကမ္ဘာလူဦးရေ တိုးတက်နှုန်း နှင့် အပြိုင် လျှင်မြန်စွာ ကြီးထွားလာဖို့ ရှိနေသည်၊ ၂၀၅၀ တွင် ကမ္ဘာလူဦးရေသည် ၁၀ ဘီလီယံခန့် ရှိမည် ခန့်မှန်းထားပြီး မူဆလင်ဦးရေသည် ၃ ဘီလီယံ ခန့် ရှိလာပြီး ခရစ်ယာန် ဘာသာ ကိုးကွယ်သူ အနည်းအကျဉ်း ခန့် များလာဖွယ် ရှိ‌နေသည်။

 

အရှေ့အလယ်ပိုင်းတွင် နေထိုင်သူ အများစုသည် မူဆလင်များ ဖြစ်ကြသော်လည်း ကမ္ဘာတွင် မူဆလင် အများဆုံး နေထိုင်သည့် နိုင်ငံများသည် အင်ဒိုနီရှား၊ ပါကစ္စတန်၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် တို့ ဖြစ်သည်။

 

လူဦးရေ ပိုင်းတွင် အတက်အကျများ ရှိလာခြင်းသည် ဒေသတခု အတွက် အပြောင်းအလဲ ဖြစ်စေနိုင်သည့် တွန်းအား များ ဖြစ်လာစေသည်။ အရှေ့အာရှ နှင့် ဥရောပတွင် လူဦးရေ ပိုင်းတွင် တိုးတက်မှု မရှိပဲ တန့်နေပြီး လျော့နည်းကျဆင်းသွားသည်များပင် ရှိလာသည်။

 

ဆာဟာရ လွင်ပြင် အောက်ပိုင်း အာဖရိက နှင့် တောင် အာရှတို့တွင် သိသိသာသာ တိုးပွားလာနေသည့် အနေအထား နှင့် ရင်ဆိုင်နေကြရသည်။ ထို့ပြင် နိုင်ငံ အများအပြားတွင် အသက်အရွယ် အလိုက် လူဦးရေ နှုန်းထားသည် ညီမျှ မှု မရှိ ဖြစ်နေသည်ကို တွေ့ရသည်။ အချို့နိုင်ငံများ အထူးသဖြင့် အာဖရိကတွင် လူငယ် အရည်အတွက် ပိုများနေသည်၊ ဆာဟာရ အောက်ပိုင်း အာဖရိကတွင် လူဦးရေ၏ ‌လေးဆယ်ရာနှုန်းသည် အသက် ဆယ့်ငါးနှစ်အောက် ဖြစ်နေပြီး သုံးရာနှုန်းသည် ခြောက်ဆယ့်ငါးနှစ် အထက် ဖြစ်နေသည်။

 

ထိုနိုင်ငံများသည် စာသင်ကျောင်းများ ဆောက်လုပ်ရန် ရံပုံငွေ ရှာလာရသည့် အပြင် လုပ်ငန်းခွင် အတွင်း ဝင်ရောက်ရန် အရွယ်ရောက်လာသူများ အတွက် အလုပ်အကိုင် များ ဖန်တီးပေးရသဖြင့် ဝန်ပိလာကြသည်။

 

ထိုအနေအထားများ နှင့် ဆန့်ကျင် ဖြစ်ပေါ်လာနေသည်ကား အနောက်ဥရောပ နှင့် အာရှ နိုင်ငံ အတော်များများ တွင် ဖြစ်သည်။ ထိုဒေသများ တွင် သက်ကြီးရွယ်အို အရည်အတွက် များပြားလာနေသည်။ ဆယ့်ငါးနှစ် အရွယ် လူငယ်များသည် လူဦးရေ၏ ၂၅ ရာနှုန်းအောက်တွင် ရှိနေပြီး ၁၀ ရာနှုန်း ခန့်သည် ခြောက်ဆယ့်ငါးနှစ် အရွယ် များ ဖြစ်ကြသည်။ ဂျပန်တွင် ခြောက်ဆယ့်ငါးနှစ် အထက် သည် လူဦးရေ၏ ၂၇ ရာနှုန်း ဖြစ်နေသည်။

 

အသက်အရွယ် ကြီးရင်သူများ အား စောင့်ရှောက်ပေးရဖို့ ဖြစ်လာ၍ အလုပ်လုပ်ကိုင် နိုင်သူများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေသည်။ ထို့ပြင် အသက်ရှည်ရှည် နေရသူ များလာ၍ ၎င်းတို့ စုဆောင်း‌ထားသမျှ ကုန်ခမ်းလာသဖြင့် ကျန်းမာရေး အရ စောင့်ရှောက်ပေးရန် လိုအပ်လာခဲ့သည်။

 

စိတ်ဝင်စားဖွယ် ကောင်းနေရသည်က အမေရိကန် ပြည်ထောင်စု တွင် အသက်အရွယ် လိုက် လူဦးရေသည် အများအားဖြင့် ညီမျှ နေခြင်းပင် ဖြစ်သည်။ ဤသည်ကလည်း ပြင်ပ မှ ရွှေ့ပြောင်းဝင်ရောက်လာမှုများ ကြောင့်ပင် ဖြစ်သည်။ အသက် ဆယ့်ငါးနှစ် အောက်သည် လူဦးရေ၏ ၂၀ ရာနှုန်း နီးပါး ရှိသည်။ ခြောက်ဆယ့်ငါးနှစ် ကျော်သည် ၁၅ ရာနှုန်း ခန့် ရှိနေသည်။

 

ကမ္ဘာ ပေါ်တွင် လူအများစု ပြောဆိုသုံးစွဲ နေသည့် ဘာသာစကား ဟူ၍ မရှိသေးပေ။ အင်္ဂလိပ် စကား သည် အများသုံး အဖြစ် သတ်မှတ်နိုင်လုလု နီးပါး အဆင့်သာ ရှိသည်။ သို့သော် အင်္ဂလိပ်စကားအား ကမ္ဘာပေါ်တွင် လူခုနှစ်ေယာက်တွင် တယောက်သာ ပြောဆိုနေသေးသည်။ ထိုကဲ့သို့သော အရည်အတွက်သည် မန်ဒါရင် ဘာသာကို ပြောဆိုနေကြပြန်သည်။ သို့သော် ထိုသို့ ပြောနေသူ အားလုံးသည် တရုတ်နိုင်ငံထဲတွင်သာ နေထိုင်ကြသူများ ဖြစ်ကြသည်။

 

နောက်ဆုံး အနေဖြင့် ပြောစရာရှိသည်က အမေရိကန် ပြည်ထောင်စု နှင့် ပတ်သက်၍ ဖြစ်သည်။ အမေရိကန်သည် အမေရိကား တိုက်တွင် တည်ရှိနေသော်လည်း လက်တင် အ‌မေရိကား တွင် ဩဇာ လွှမ်းမိုးမှု အတိုင်းအတာ နှင့် ကနေဒါ အပါအဝင် ထိုနိုင်ငံများ နှင့် ဆက်ဆံရေး ဘောင်အတွင်းမှ တင်ပြသွားမည် ဖြစ်သည်။

 

အမေရိကန် သည် ကမ္ဘာတဝှမ်းတွင် စစ်အင်အား ဖြန့်ကျက် ချထားနိုင်ခြင်း၊ ဥရောပ နှင့် အာရှတွင် မဟာမိတ် နိုင်ငံများ ရှိနေခြင်း နှင့် ကမ္ဘာတဝှမ်းရှိ မည်သည့် နေရာကို မဆို အင်အား ဖြန့်ကြက် နိုင်စွမ်းများ ရှိနေ၍လည်း ကမ္ဘာအင်အားကြီး နိုင်ငံ ဖြစ်လာခဲ့ရခြင်းပင် ဖြစ်သည်။ ထို့အတွက်ကြောင့် ဒေသ အလိုက် တင်ပြမည့် အကြောင်းအရာ တိုင်းတွင် အမေရိကန်သည် မဖြစ်မနေ ပါရှိနေမည်သာ ဖြစ်သည်။

 

ဒေသတခုစီ တွင် ရှိသည့် ဩဇာအာဏာအရှိဆုံး နိုင်ငံများ၊ ထိုဒေသတွင်းရှိ အဖွဲ့အစည်းများနှင့် အရေးပါသည့် သမိုင်းနောက်ခံ၊ စီးပွားရေး အနေအထား၊ လူဦးရေ ဆိုင်ရာ အချက်အလက်များ၊ အနာဂတ် ကို အဆုံးအဖြတ် ပေးလာနိုင်သည့် စိန်ခေါ်မှုများ အ‌ကြောင်းကို အတတ်နိုင်ဆုံး အပြည့်အစုံတင်ပြသွားမည် ဖြစ်သည်၊ သို့မှသာ ဒေသတခုစီ သည် အဘယ်အတွက်ကြောင့် အရေးပါနေရသနည်း နှင့် မည်သို့သော အထာများ ရှိနေသည်ကို နားလည် နိုင်မည် ဖြစ်သည်။

 

ဒေသတခုစီသည် ၎င်းတို့ ပြင်ပ ကမ္ဘာနှင့် အရွယ်အစား၊ လူဦးရေ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ချမ်းသာကြွယ်ဝမှု၊ တည်ငြိမ်မှု၊ နိုင်ငံရေး အနေအထား၊ ဆက်ဆံရေးများတွင် သိသိသာသာ ကွဲပြားနေသည်ကို တွေ့ကြရမည် ဖြစ်သည်။

 

ထို့အပြင် ဒေသတိုင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း ကြီးမားသော အပြောင်းအလဲ များ ဖြစ်ပေါ်လာခဲ့မှု နှင့် ဆက်၍လည်း လျှင်မြန်သော အဟုန် ဖြင့် ပြောင်းလဲလာဖို့ ရှိနေသည် ကို နားလည်လာနိုင်မည်လည်း ဖြစ်သည်။