အမေရိကန် ထောက်လှန်းရေး မှ ကွန်ကရက် သို့ တင်ပြမည့် ပန်ကန်ပြားပျံ အစီရင်ခံစာ

by Hla Soewai - Jan 15 2024

အမေရိကန် ထောက်လှန်းရေး မှ ကွန်ကရက် သို့

တင်ပြမည့် ပန်ကန်ပြားပျံ အစီရင်ခံစာ

 

အမေရိကန် ထောက်လှမ်းရေးသည် ကွန်ဂရက်ရှိ ဥပဒေပြု အမတ်များအား ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် လွန်စွာ အရေးကြီးသော ပြဿနာများကို အစီရင်ခံလေ့ ရှိသည်။ ၂၀၂၃ အတွင်း ဉာဏ်ရည်တု အကြောင်း၊ အစ္စရေး၊ ရုရှား၊ တရုတ်၏ သတင်းလိမ် ထုတ်လွင့်မှုများ၊ ဆူဒန် နှင့် ယူကရိန်း အရေးများကို ထိတ်တန်းလျို့ဝှက် အဆင့် သတ်မှတ်ပြီး အစီရင်ခဲ့ပြီး ဖြစ်သည်။

 

ထိတ်တန်း လျိုဝှက် အဆင့် ဆိုသည်ကား မည်သည့် နည်းနှင့် မျှ အပြင်သို့ ပေါက်ကြားခွင့် မရှိ၊ ဥပဒေအရ နှစ်ဆယ့် ငါးနှစ် ကျော် (ပြန်၍ သက်တမ်း တိုးခြင်း မရှိ) မှသာ အများပြည်သူ သိရှိခွင့် ရသည်။

 

ယခု လည်း ထိတ်တန်း လျို့ဝှက် အဆင့် သတ်မှတ်ချက်ဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အမေရိကန် အမျိုးသား ထောက်လှန်းရေး ရုံးမှ ပန်ကန်ပြားပျံ ဟု သိထားကြသည့် Unidentified Flying Objects အမျိုးအမည် မသိ ပျံသန်းနေသော အရာဝတ္ထုများ UFO အကြောင်းကို ကွန်ဂရက်သို့ အစီရင်ခံလိမ့်မည်ဟု Axios သတင်းဝက်ဆိုဒ် တွင် ဖေါ်ပြထားသည်။

 

အဆိုပါ UFO များ အရေးကို အမေရိကန် နိုင်ငံရေး အသိုက်အဝန်းမှ ပို၍ အာရုံစိုက်လာကြသောကြောင့် လည်း ဖြစ်သည်။ ၂၀၁၇ အတွင်း နယူးယောက်တိုင်းမ် သတင်းစာမှ ကာကွယ်ရေး ဝန်ကြီးဌာနသည် UFO များ တွေ့လာရသည် ဆိုသော စစ်ဖက် အစီရင်ခံစာများကို စုံစမ်းစစ်ဆေးရန် ၂၀၀၇ မှ ၂၀၁၂ အတွင်း ပရိုဂရမ်တခု သတ်မှတ်ပြီး ရံပုံငွေ ချပေးခဲ့သည်ဟု ရေးသားခဲ့ဖူးသည်။ ယင်းဆောင်းပါး နှင့် အတူ ရေတပ် ဂျက်တိုက်လေယာဉ်များသည် လွန်စွာမှ လျှင်မြန်သော အရှိန်ဖြင့် သွားနေသည့် အရာဝတ္ထု များ တွေ့ခဲ့ရသည့် သတင်းဓါတ်ပုံများပါ တပါတည်း ဖေါ်ပြခဲ့သည်။

 

ရေတပ်မှ လေယာဉ်မှုး တဦး၏ ၂၀၀၄ ခုနှစ် အတွင်း ပစိဖိတ် သမုဒ္ဒ‌ရာ ပေါ်တွင် ၎င်းတခါမှ မမြင်ဖူးသည့် အမြန်နှုန်း ဖြင့် သွားနေသည့် လေယာဉ် တစီးကို တွေ့ခဲ့ရသည်ဆိုသည့် အပြောကိုလည်း ကိုးကား ဖေါ်ပြထားသည်။ ထိုသို့ ပြောဆိုလာမှုများ အပေါ် ကွန်ဂရက် မှ စိတ်ဝင်တစား ရှိလာပြီး ၂၀၂၀ တွင် အထက်လွှတ်တော် ထောက်လှန်းရေး ကော်မတီမှ ပင်တဂွန် အား UFO နှင့် ပတ်သက်သည့် အချက်အလက်များ အား ခြေရာခံ ထောက်လှန်းရန် နှင့် ‌တွေ့ရှိချက်များကို ပြန်၍ အစီရင်ခံရန် ညွှန်ကြားလာခဲ့သည်။ ထိုအစီရင်ခံစာတွင် UFO နှင့် ပတ်သက်ပြီး မည်သို့မျှ ကောက်ချက်ချခဲ့ခြင်း မျိုး မပါရှိခဲ့ပေ။

 

နယူးယောက်တိုင်းမ်မှ UFO နှင့် ပတ်သက်၍ ပထမဆုံး ရေးသားခဲ့ခြင်း မဟုတ်၊ ၁၉၄၇ တွင် သတင်းစာ တစောင် မှ အပျော်ထမ်း လေယာဉ်မောင်းတဦး၏ ဝါရှင်တန် ပြည်နယ် ရိမ်နီယား တောင်အနီး "ပန်ကန်ပြားပျံ" ကိုးခု နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရပုံများကို ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ အမေရိကန် လူထု မှ အလားတူ တွေ့ရှိခဲ့ရသည်များကို လေတပ်သို့ သတင်းပို့ခဲ့သည့် အကြိမ်ပေါင်းသည်လည်း ရာနှင့်ချီ ရှိနေပြီး ဖြစ်သည်။

 

ထိုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး တွင်နင်း၏ "တွင်နင်း မီမို" တွင် "ပန်ကန်ပြားပျံ" များကို ပေါ့ပေါ့ဆဆ သဘောမထားသင့်၊ ရန်သူမှ ထုတ်လုပ်ထား‌ သော နျူကလီယား တွန်းကန် မောင်းနှင်အား အဖြစ် အသုံးချထားသည့် ဒုံးလက်နက် ဖြစ်သွားနိုင်သည်ဟု ရေးသားထားခဲ့သည်။ ၎င်း၏ အကြံပေးချက် အတိုင်း အမေရိကန် လေတပ်မှ Project Sign ဟု အမည်ပေးကာ လေ့လာခဲ့မှုသည် ၁၉၇၀ တွင် အဆုံးသတ် သွားခဲ့သည်။

 

၂၀၂၃ ဇွန်လ အတွင်း ဒေးဗစ် ဂရုခ်ျ ဆိုသည့် ထောက်လှန်းရေး အရာရှိ ဟောင်းတဦး မှ ဖေါ်ကောင် လုပ် ဖွင့်ချလာမှု ကို မထင်မရှား စာစောင်တခု ဖြစ်သည့် Debrief တွင် ဖေါ်ပြလာခဲ့သည်။ ၎င်းမှ မိမိသည် ပင်တဂွန်၏ ဆယ်စုနှစ်‌ ပေါင်းများစွာ ကြာ‌ အောင် စုံစမ်းခဲ့သည့် ပရိုဂရမ်များ အကြောင်း သိထားပြီး ဖြစ်ကြောင်း၊ လူသားတို့ တီထွင် ဖန်တီးထားသည့် ခြေရာလက်ရာ များ မတွေ့ရသည့် ယာဉ်ကို ရရှိလာခဲ့ပုံ နှင့် ထိုမှတဆင့် နည်းပညာများကို ပြန်လည် မွမ်းမံ အသုံးချ စီမံလာခဲ့ပုံများကို ထုတ်ဖေါ်ပြောဆိုထားခဲ့သည်။

 

၎င်း၏ အပြောကြောင့် UFO နှင့် ပတ်သက်ပြီး အရူးအမူး ဖြစ်ခဲ့သူများ တဖန် ပြန်၍ နိုးနိုးကြားကြား ဖြစ်လာကြသည်။ သို့သော် သူပြောသည်များထဲတွင် အတော်များများသည် ယုံကြည်ရန် ခက်ခဲနေသည်။ ဥပမာ အားဖြင့် ၁၉၃၀ ကျော်နှစ်များ အတွင်း အီတလီတွင် UFO တစင်း ပျက်ကျသွားခဲ့မှု မှ အစပြု၍ ဝင်ရိုးတန်း နိုင်ငံများ မဟာမိတ် အဖွဲ့ ပေါ်ထွက်လာပုံ မျိုး ဖြစ်သည်။

 

ဂရုခ်ျမှ မိမိသည် ကွန်ဂရက်သို့ ထိတ်တန်းလျို့ဝှက် သတင်းအချက်အလက်များ တင်ပြခဲ့ပြီး ဖြစ်ကြောင်း နှင့် ဂြိုလ်သားများကိုမူ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲဖူးခြင်း မရှိဟု ဆိုသည်။

 

ဇူလိုင်လထဲတွင် အောက်လွှတ်တော် စီစစ် ကြီးကြပ်ရေး ကော်မတီမှ ဂရုခ်ျ နှင့် အခြား ရေတပ် လေယာဉ် မှုးများအား ဆင့်ခေါ်ခဲ့ပြီး UFO အကြောင်း ကြားနာစစ်ဆေးခဲ့ကြသည်။

 

ထိုကြားနာပွဲတွင် သိပ္ပံ အခေါ်အဝေါ်များ ဖြင့် ဝေ့လည်ကြောင်ပတ် ‌ထွက်ဆိုသွားသော်လည်း ထိတ်တန်းလျို့ဝှက် သတင်းများ လေ့လာသုံးသပ်သည့် SCIF ခေါ် လုံခြုံစိတ်ချရသည့် အခန်းတွင်‌ ပြောမည်ဟု ကမ်းလှမ်းခဲ့သည်။ သူ၏ ထွက်ဆိုချက်များမှ ရှင်းလင်းစွာ သိလာရသည်က လူသားမဟုတ်သော ရုပ် အလောင်းများကို အစိုးရမှ သိုလှောင်ထားသည် ဆိုသော စွပ်စွဲချက်ပင် ဖြစ်သည်။

 

ကွန်ဂရက် အမတ် အများအပြားက ထိုသို့ ဂရုခ်ျ၏ ထိတ်လန့်ဖွယ် ကောင်းလှသည့် အပြောများကို ယုံကြည်ခဲ့ခြင်း မရှိကြပေ။ ၎င်းတို့က အဓိက ပြဿနာသည် အစိုးရမှ ပြောသင့်သည် များကို ထုတ်မပြောခဲ့ခြင်းဟု ဝေဖန်ခဲ့ကြသည်။ အမေရိကန် လေကြောင်း ပိုင်နက် အတွင်း ပျံသန်းနေမှု များအတွက် စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြောဆိုခဲ့ကြပြန်သည်။ ထိုကဲ့သို့ မသိနိုင်လောက်အောင် ရန်သူဖက်မှ နည်းပညာ အရ ခုန်ပျံ ကျော်လွှား သွားနိုင်ပြီလားဟု အထက်လွှတ်တော် အမတ် မာကို ရူဘီယို မှ ၂၀၂၁ အတွင်း မေးခွန်းထုတ်ခဲ့ဖူးသည်။

 

ဒီဇင်ဘာလ တွင်တော့ ကွန်ဂရက်မှ အမျိုးသား မော်ကွန်းတိုက်များသည် UFO (အစိုးရ အခေါ် Unidentified Anomalous Phenomena UAP) နှင့် ပတ်သက်သော အထောက်အထား စာရွက်စာတမ်းများကို စုဆောင်း သိမ်းဆည်းထားပြီး ၂၅ နှစ် အတွင်း လျို့ဝှက်ထားသည်များကို ထုတ်ပြန်ရမည် ဟူသော ဥပ‌ဒေကို ပြဋ္ဌာန်း ခဲ့သည်။

 

အောက်လွှတ်တော် ရီပတ်ဘလီကင် အမတ် သုံးဦး နှင့် ဒီမိုကရက်တဦး မှ UFO နှင့် ပတ်သက်ပြီး သီးသန့် ကော်မတီ ဖွဲ့စည်းကာ သက်ဆိုင်ရာ အာဏာပိုင်များကို ဆင့်ခေါ် ကြားနာနိုင်ရေး အတွက် လော်ဘီ လုပ်လာကြသည်။

 

ပွင့်လင်း မြင်သာမှု ပို၍ ရှိလာမည် ဆိုက အစိုးရ သည် လူထု၏ ယုံကြည်မှု ပြန်ရလာမည် ဖြစ်ပြီး၊ ယခုအခါ လူများသည် အစိုးရထက် UFO ကို ပို၍ ယုံကြည်နေကြသည်ဟု လော်ဘီ လုပ်နေသူများထဲတွင် ပါဝင်သည့် အောက်လွှတ်တော် အမတ် တွန် ဘားချက်က ဇူလိုင်လ အတွင်း ပြောလာခဲ့သည်။

 

(၂၀၂၄ ဇန်နဝါရီ ၁၁ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Why is America’s Congress being briefed on UFOs?" ဆောင်းပါးကို တင်ပြသည်။)