တရုတ် နှင့် အမေရိကန် တို့ မျက်စိဒေါက်ထောက် ကြည့်လာရသော တိုင်ဝမ် သမ္မတ ရွေးကောက်ပွဲ

by Hla Soewai - Jan 15 2024

ဆရာဝန် တဦးလည်း ဖြစ်‌ သော တိုင်ဝမ် ဒုသမ္မတ လိုင်ချင်‌ တေး သည် ဖြစ်ပြီး ယခုအခါ စနေနေ့တွင် ပြုလုပ်မည့် တိုင်ဝမ် ရွေးကောက်ပွဲတွင် ထိတ်ဆုံးမှ ပြေးနေသည့် သမ္မတ လောင်း တဦး ဖြစ်လာခဲ့သည်။

 

ထိုပုဂ္ဂိုလ် သည် မည်သို့သော လူစားမျိုးလည်း ဆိုသည့် မေးခွန်း ထွက်ပေါ်လာသည်။

 

၎င်းအား ဝီလျံ လိုင်း ဟုလည်း လူသိများပြီး လွတ်လပ်ရေး ကို လိုလားသည့် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (DPP) အား ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သူ ဖြစ်သည်။

 

၂၀၂၀ တွင် ဒုသမ္မတ ဖြစ်လာခဲ့ပြီး၊ ထို့မတိုင်မီက တောင်ပိုင်း ရှိ တိုင်နန် မြို့၏ မြို့တော်ဝန် နှင့် ဥပဒေပြု အမတ်တဦးလည်း ဖြစ်သည်။ ၂၀၁၇ မှ ၂၀၁၉ အထိ သမ္မတ အဖြစ် နှုတ်ထွက်ရတော့မည့် 

မစ္စက် ဆိုင်အင်ဝင်း လက်အောက်တွင် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြန်သည်။ 

 

သူသည် တိုင်ဝမ် အတွက် လွန်စွာ အန္တရာယ်ကြီးသော လွတ်လပ်ရေး ဆိုသည် အပေါ် ဆိုင်အင်ဝင်း၏ မူဝါဒ အတိုင်း သတိထား ကိုင်တွယ်သွားမည်ဟုလည်း ကတိပေးခဲ့ပြီး ဖြစ်၍ ထိုကိစ္စ အပေါ် နောက်ထပ် သဘောထား ကြေညာချက် ထုတ်စရာ မလိုတော့ပေ။

 

ဘီဂျင်းရှိ အစိုးရကတော့ လူဦးရေ ၂၄ သန်းရှိ ဒီမိုကရေစီ နိုင်ငံအား ၎င်းတို့ပိုင် နယ်မြေ တစိတ် တပိုင်း အဖြစ် အမြဲလို ယူဆထားခဲ့သည်။ လိုအပ်လျှင် အင်အားသုံး ပြန်ယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့ပြီး ဖြစ်သည်။

 

ထိုကဲ့သို့သော အပြောများကြောင့် အသက် ၆၄ နှစ် ရှိပြီ ဖြစ်သော လိုင် သည် နိုင်ငံရေး ထဲသို့ ခြေချ လာခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းသည် ကျွန်း၏ မြောက်ဖက်ပိုင်းရှိ ကျောက်မီးသွေး တူး လုပ်ငန်းဖြင့် အသက်မွေးကြသော ရွာကလေး တရွာတွင် ဆင်းဆင်းရဲရဲ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။

 

ဖခင်သည် ကျောက်မီးသွေးတွင်း အလုပ်သမား တဦး ဖြစ်ပြီး ၎င်း လူမှန်း မသိခင်ကပင် ကွယ်လွန်သွားခဲ့၍ မိခင်ဖြစ်သူသည် သားသမီး ၆ ‌ယောက်ကို လူလားမြောက်အောင် ကျွေးမွေး စောင့်ရှောက်လာခဲ့ရသည်။ ၎င်း ဖြတ်သန်း ကြီးပြင်းခဲ့ရသော ခါးသီးသည့် အတွေ့အကြုံများကြောင့် လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ခွင့် မရခဲ့သူများ အပေါ် လွန်စွာ စာနာစိတ် ရှိသူ ဖြစ်လာခဲ့သည်ဟု ၎င်း၏ ပြောခွင့်ရ အမျိုးသမီးက ဆိုသည်။

 

တိုင်ဝမ်ရှိ ထင်ရှား လူသိများသော တက္ကသိုလ်တွင် ဆေးပညာကို သင်ယူခဲ့သည်။ ဟားဗတ် တက္ကသိုလ် ကြီးမှလည်း လူထု ကျန်းမာရေးဆိုင်ရာ မာစတာ ဘွဲ့ကို ဆွတ်ခူး ခဲ့ပြန်သည်။

 

တိုင်ဝမ်သည် နှစ်ပေါင်း လေးဆယ် နီးပါး မာရှယ်လော စစ်အုပ်ချုပ်ရေး အောက်တွင် နေလာခဲ့ရာမှ ၁၉၉၆ တွင် သမ္မတ အား လူထု မှ တိုက်ရိုက် ရွေးချယ်တင်မြှောက်သည့် ရွေးကောက်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခွင့် ရခဲ့သည်။

 

ထိုအချိန် တွင် လိုင် သည် နိုင်ငံရေး တွင် ထဲထဲဝင်ဝင် ပါဝင်နေခဲ့ပြီးလည်း ဖြစ်၍ DPP ကိုယ်စားလှယ် လောင်းများကို ထောက်ခံခဲ့သည်။ သို့သော် တရုတ်သည် တိုင်ဝမ် မဲဆန္ဒရှင်များကို ၎င်းတို့ လိုလားသည့် သမ္မတ လောင်း အား ရွေးချယ်ရန် ခြိမ်းခြောက်သည့် အနေဖြင့် အနီးအနားရှိ ပင်လယ်ပြင်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်လာခဲ့သည်။

 

ဤသည်ကို သိမြင်လာသော လိုင် သည် အစိုးရ အဖွဲ့ထဲ ပါဝင်ရန် ဆုံးဖြတ်ပြီး သူကိုယ်တိုင် ဝင်ရောက် အရွေးချယ်ခံလာခဲ့သည်။ "ကျွန်တော် အနေနဲ့ တိုင်ဝမ်ရဲ့ အတောင်ပေါက်စ ဒီမိုကရေစီ ကို အန္တရာယ် ပေးလိုသူ တွေရဲ့ ရန် ကနေ ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့လို့ပါ" ဟု ဝေါစထရိ ဂျာနယ် တွင် ဆောင်းပါး ရေးသားခဲ့သည်။

 

ယခု ရွေးကောက်ပွဲတွင် တရုတ်လိုလားသော သမ္မတလောင်း နှစ်ဦး နှင့် ယှဉ်ပြိုင်ရဖို့ ရှိနေသည်။ ၎င်းသည် အကြိုစစ်တမ်း ကောက်ယူမှုများတွင် ပွတ်ကာသီကာ ဖြင့် ရှေ့မှ ဦးဆောင်နေသော်လည်း ကြိမ်းသေပေါက် အနိုင်ရလိမ့်မည်ဟု တော့ ပြော၍ မရသော အခြေအနေတွင် ရှိနေသည်။

 

DPP သည် ယခင်က လူငယ် မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ရှစ်နှစ်ကြာ အာဏာရခဲ့ပြီးနောက်တွင် အများစုက မွန်းကျပ်သလို ခံစားလာကြရသည်။ လုပ်ခ နှုန်းထားများသည် ငွေဖေါင်းပွမှု ကို အမှီ မလိုက် နိုင်ခဲ့၊ အိမ်ဈေး နှုန်းများကလည်း မြင့်တက်လာနေသည်။

 

လိုင် သည် ၂၀၂၅ တွင် တိုင်ဝမ်၏ နျူကလီယား ဓါတ်အားပေး စက်ရုံကို ပိတ်ပစ်ရန် ပါတီ၏ ရည်မှန်းချက်ကို ဆက်လက် စွဲကိုင်ထားခဲ့၍ ဓါတ်အား ဖြန့်ဖြူးရေး တွင် မလုံမလောက် ဖြစ်လာမည် ဟု လူထု အား အတိုက်အခံများက ကြောက်လန့်အောင် ခြိမ်းခြောက်နိုင်စရာ ဖြစ်လာခဲ့သည်။

 

ထို့ထက် ပိုအရေးပါသည့် ပြဿနာကား တရုတ်သည် DPP အစိုးရများ နှင့် တရားဝင် ဆက်သွယ်မှု ပြုလုပ်မည် မဟုတ် ဟု ရှင်းရှင်းလင်းလင်း သိသာလာခဲ့ခြင်းပင် ဖြစ်သည်။

 

လိုင် သည် ၂၀၁၇ အတွင်း ၎င်းကိုယ်၎င်း "တိုင်ဝမ် လွတ်လပ်ရေး အတွက် လက်တွေ့ကျကျ ထမ်းရွက်သွားမည့် အလုပ်သမား တဦး" ဟု ခေါင်းစဉ် တပ်လာမှုကြောင့် တရုတ် အစိုးရ မှ ဒေါသ အမျက်ချောင်း ချောင်း ထွက်ခဲ့သည်။ မကြာမီက တရုတ် အရာရှိများက ၎င်းအား "လွတ်လပ်ရေး လူလိမ်"၊ "အစွန်းရောက် လူရမ်းကား" ဟူ၍ ကင်ပွန်းတပ် ပြောဆိုလာကြသည်။

 

၎င်းပြောဆိုခဲ့သည်ကို တရုတ် အစိုးရကသာ စိုးရိမ်နေခဲ့သည် မဟုတ်၊ အမေရိကန် ဖက်ကလည်း ၎င်း အနိုင်ရသွားပါက တိုင်ဝမ် ရေလက်ကြားတွင် တင်းမာမှု များ မြင့်တက်လာမည့် အရေးကို အထိတ်တလန့် ရှိနေကြသည်။ အထူးသဖြင့် ၎င်း၏ အာချောင်တတ်မှု ကြောင့်ပင် ဖြစ်သည်။ ၂၀၂၃ ဇူလိုင်လ အတွင်းက "‌တနေ့တွင် တိုင်ဝမ် သမ္မတ တဦးသည် အိမ်ဖြူတော်သို့ ဝင်ထွက်နိုင်ခွင့် ရှိသူ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း" ၎င်းက ပြောခဲ့ဖူးသည်။ အမေရိကားသည် တိုင်ဝမ်ကို ကျောထောက်နောက်ခံ ပေးထားသော်လည်း တရားဝင် သံတမန်ရေး အဆက်အသွယ် သည် တရုတ်နှင့်သာ ရှိနေသည်။

 

လိုင် သည် သမ္မတ ဖြစ်လာခဲ့ပါက တိုင်ဝမ်၏ ထိလွယ် ရှလွယ်သော အချုပ်အခြာ အာဏာတည်တံ့နေရေး လုံးပမ်းရာတွင် အမေရိကန် ကို မှီတွယ်ရမည်သာ ဖြစ်သည်။ တရုတ်ပြည်မကြီး အပေါ် စီးပွားရေး အရ မှီခိုနေရမှုကို လျော့ချသွားမည်ဟုလည်း ကတိပေးထားခဲ့သည်။ ၂၀၂၃ အတွင်း ဟောင်ကောင် နှင့် ပြည်မကြီးသို့ တင်ပို့မှု သည် တိုင်ဝမ်၏ ပို့ကုန် စုစုပေါင်း၏ ၃၅ ရာနှုန်း ရှိနေသည်။

 

၎င်းက ပြည်ပ နိုင်ငံများ နှင့် ကုန်သွယ်ရေး စာချုပ်များ တိုး၍ ချုပ်ဆိုသွားမည်၊ ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီ နိုင်ငံများ နှင့် အကျိုးတူ မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံရေး တည်ဆောက်သွားရန်လည်း မျှော်လင့် ကြောင်းနှင့် ရေလက်ကြား တဖက်ရှိ အင်အားကြီး နိုင်ငံ နှင့် လည်း ဆွေးနွေးရန် လမ်းဖွင့်ထားဆဲ ဖြစ်သည်ဟု ဆိုသည်။

 

တိုင်ဝမ် ကျွန်းသားများကတော့ ၎င်းတို့ စီးပွားရေး တိုးတက်‌ရာ တိုးတက် ကြောင်း အဖြစ် တရုတ်နိုင်ငံသားများ တိုင်ဝမ်သို့ အလည်အပတ် လာရောက်ရေး ပိတ်ပင်ထားမှု အဆုံးသတ်ရန် လိုလားနေကြသည်။

 

သို့သော် လိုင် သာ အနိုင်ရသွားခဲ့လျှင် တရုတ်သည် ယခင် အတိုင်း တိုင်ဝမ်ကို အထီးကျန် အောင် လုပ်ပြီး ဆက်၍ ခြိမ်းခြောက်နေမည်သာ ဖြစ်သည်။ ထို့အတွက် လိုင် သည် တိုင်ဝမ်ကို လုံခြုံမှု မရှိအောင် ဖန်တီးနေသူ အဖြစ် အတိုက်အခံ သမ္မတ လောင်းများက ဝေဖန် ပြစ်တင်လာကြသည်။

 

လိုင်က သူ၏ အတိုက်အခံများသည် မိမိတို့ အပေါ် ရန်လိုနေသော တရုတ်အား ချွေးသိပ်လိုသူ ရွှေပြည်အေး သမားများဟု ပုံဖေါ် ပြောဆိုလာခဲ့သည်။ ၎င်းတို့သာ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရခဲ့လျှင် တရုတ်သည် ၎င်းတို့၏ ကြီးထွားလာနေသော အရှိန်အဝါကို သုံး၍ တိုင်ဝမ်၏ ခက်ခက်ခဲခဲ ရယူထားသော ဒီမိုကရေစီအား ဖျက်ဆီးပစ်လိမ့်မည်ဟု ပြောခဲ့သည်။

 

(၂၀၂၄ ဇန်နဝါရီ ၈ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "Who is Lai Ching-te, the leader in Taiwan’s presidential race?" အား ပြန်လည် တင်ပြသည်။)