နိုင်ငံတကာ ရေးရာ မိတ်ဆက်(23)

by Hla Soewai - Jan 15 2024

အထက်တွင် ဆိုခဲ့သည့် အဖြစ်အပျက် များ နှင့် ကြုံနေရသည့် ခေတ်ကြီးသည် မည်သည့် အချိန်တွင် မည်သို့သော ပုံစံဖြင့် အဆုံးသတ် သွားမည်၊ အောင်မြင်မှု များ ရသွား နိုင်သည် ဆိုသည်က ပြောရန် စောလွန်းနေသေးသည်။ သို့သော် သိသာထင်ရှားလာရသည်က အဆိုပါ လားရာများ ထဲတွင် အတော်များများသည် စိုးရိမ်စရာ ကောင်းနေရခြင်းပင် ဖြစ်သည်။

 

ဥပမာ ဆိုရက တရုတ်-အမေရိကန် စစ်အေး တိုက်ပွဲ ကြီး တကယ်တမ်း ဖြစ်လာမည် ဆိုလျှင် ယင်းသို့ ကြုံလာရမည့် ခေတ်ကြီးအား တဖက်တွင် အမေရိကန်-ဆိုဗီယက် စစ်အေးတိုက်ပွဲ ကြီး နှင့် အမေရိကန်-တရုတ် စစ်အေး တိုက်ပွဲကြီးများ၏ စပ် ကြား ကာလ ဟု ဆိုရတော့မည်သာ ဖြစ်သည်။

 

ထိုသို့ ဖြစ်လာက ထွက်ပေါ်လာမည့် ရလဒ်သည် နှစ်နိုင်ငံ စလုံး၏ စီးပွားရေး တိုးတက်မှု နှုန်း ကျဆင်းသွားပြီး ရင်းနှီးမြုပ်နှံမှု များလည်း ကန့်သတ်ခံလာရတော့မည် ဖြစ်သည်။ ဒေသတွင်း နှင့် ကမ္ဘာရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှု ရှိမည် မဟုတ်တော့ ဆိုသည်က ပြောစရာပင် မလိုတော့ပေ။

 

လစ်ဘရယ် စနစ် ဖြင့် သွားနေသော ကမ္ဘာကြီးအား အမေရိကန် မှ ဦးဆောင်မှု အခန်းမှ တာဝန်ယူသွားနိုင်မှုကို ထိန်းထားနိုင်မည် ဆိုလျှင် တည်ငြိမ် ဖွံ့ဖြိုးမှု နှင့် လွတ်လပ်မှု များ လွှမ်းခြုံခဲ့သော ခေတ်ကာလ ဟု မှတ်တမ်းတင် နိုင်မည်လည်း ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စုသည် ‌၎င်း၏ ဦးဆောင်မှု အခန်းကဏ္ဍကို စွန့်လွှတ်သွားနိုင်သည့် အလားအလာများလည်း တွေ့နေရသည်။ ထိုအခါတွင်တော့ တရုတ် တို့ ထိပ်က ဦးဆောင်သွားနေသော ခေတ်ကာလဟု မူအားဖြင့် သတ်မှတ်ရတော့မည်သာ ဖြစ်သည်။

 

သို့သော် ငြားလည်း တရုတ်တို့၏ စရိုက်လက္ခဏာ၊ ပြည်တွင်းတွင် ကန့်သတ် ထိန်းချုပ်ထားရမှု များ၊ ၎င်းတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များ၏ အတိုင်းအတာ နှင့် သဘောသဘာဝများကို ထည့်သွင်းစဉ်းစားမည် ဆိုလျှင် ထိုသို့ ဖြစ်လာနိုင်စရာ အကြောင်း မရှိပေ။

 

ပို၍ ဖြစ်နိုင်စရာ ရှိနေသည်က မည်သည့် နိုင်ငံ၊ မည်သည့် အုပ်စု ကမျှ ထိထိ ရောက်ရောက် ဦးဆောင်မှု မပေးနိုင်ပဲ ဆိုးဝါးလာနေသော ‌ခေတ်ကြီးဟု သတ်မှတ်ရမည့် အရေးပင် ဖြစ်သည်။ ထိုသို့ ဆိုက ကမ္ဘာကြီးသည် လက်ရှိစနစ်မှသည် ဖရိုဖရဲ ဖြစ်လာမည့် အနာဂတ်သို့ အရှိန် နှင့် ဦးတည်သွားနေသည်ဟု သာ ဆိုရတော့မည် ဖြစ်သည်။

 

အပိုင်း (၂)

 

ကမ္ဘာကြီး အား ဒေသအလိုက် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ကြည့်ခြင်း

 

ကမ္ဘာကြီး အကြောင်းကို အဆင့်ပေါင်းများစွာ ဖြင့် ချည်းကပ် လေ့လာနိုင်ပေသည်။ ကမ္ဘာကြီး အား တစုတဝေး တည်း ထားပြီး ခြုံငုံလေ့လာဖို့ လိုအပ်သလို သမိုင်း ၏ ဖြစ်တည်ရာ များစွာ ရှိခဲ့သည့် ဒေသများ အလိုက် ပိုင်းခြားပြီး သုံးသပ်ရမည်လည်း ဖြစ်သည်။

 

ယခင်က နိုင်ငံ အနည်းငယ်ကသာ ကမ္ဘာကြီး ကို လေးလေးနက်နက် ဩဇာ သက်ရောက်မှု ရှိနိုင်ခဲ့သော်လည်း ယခုအခါတွင် ခေတ်သစ် နည်းပညာ များကြောင့် ထိုသို့ သက်ရောက်အောင် လုပ်နိုင်သော နိုင်ငံများစွာ ရှိလာခဲ့ ပြီ ဖြစ်သည်။

 

တဖက်တွင် ထိုသို့ လုပ်နိုင်ရန် နိုင်ငံများသည် ပထဝီ အနေအထား၏ ကန့်သတ်ခံထားရမှု များ ရှိနေပြန်သည်။ နိုင်ငံ တနိုင်ငံသည် လက်ရှိနေရာတွင် မနေနိုင်၍ အခြားနေရာတခုသို့ ရွှေ့ပြောင်း၍ ရရိုး ထုံးစံ ရှိပါ၏‌လော။ လက်ရှိနေရာ၏ ကောင်းကျိုး ဆိုးကျိုး များကိုသာ ခံစားရဖို့ ရှိနေသည်။

 

နိုင်ငံ တနိုင်ငံ သည် စီးပွား‌ ရေး၊ နိုင်ငံ‌‌ ရေး၊ စစ်ပွဲနှင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး များတွင် အထိရောက်ဆုံး အပြန်အလှန် အကျိုးရှိအောင် လုပ်နိုင်ဖို့ ဆိုသည်ကား အိမ်နီးချင်း နိုင်ငံများနှင့်သာ ဖြစ်သည်။

 

ဤ အခန်းတွင် ကမ္ဘာကြီးအား ဥရောပ၊ အရှေ့အာရှ နှင့် ပစိဖိတ်၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကရှိ ဆာဟာရ အောက်ပိုင်းဒေသ နှင့် အမေရိကား ဟူ၍ ခြောက်ပိုင်းခွဲ ကာ တင်ပြသွားမည် ဖြစ်သည်။

 

ဒေသတခုကို ပုံ‌ ဖေါ် ပေးသည်က ပထဝီ အနေအထား တခုတည်း အဓိက မကျပဲ အကြောင်းများစွာ ရှိ‌ နေသော်လည်း ထိုသို့ အပိုင်းများအား မခွဲ၍ မဖြစ် သဖြင့် စိတ်ကူး တွင် ပေါ်လာသည့် အတိုင်း အဆင်ပြေသလို ပိုင်းခြား တင်ပြ လိုက်ရခြင်းလည်း ဖြစ်သည်။

 

အရှေ့အလယ်ပိုင်း တွင် ထည့်သွင်းထားသော နိုင်ငံ အချို့သည် ပထဝီ အနေအထားအရ အာဖရိကတိုက်ထဲတွင် ရှိနေသော်လည်း ထိုနိုင်ငံများ၏ တိမ်းညွှတ်နေသည့် လားရာ၊ ထင်ရှား‌ သော လက္ခဏာ သွင်ပြင်၊ အပြန်အလှန် ဆက်ဆံမှု များက အရှေ့အလယ်ပိုင်း နှင့် ပို၍ နွယ်နေသဖြင့် ထည့်သွင်းထားရခြင်း ဖြစ်သည်။

 

အခြားနိုင်ငံများသည် ဒေသတခုထက် ပို၍ ကျယ်ဝန်းနေသည်၊ ဥပမာ ဆိုရက ရုရှားသည် ဥရောပထဲတွင် ပါဝင်နေသလို အာရှထဲတွင်လည်း ရှိနေပြန်သည်။ သို့သော်လည်း အဆိုပါ နိုင်ငံ၏ အဓိက အာရုံစိုက် လှုပ်ရှားရာ ‌ဥရောပ ဖက်ခြမ်းသို့သာ ထည့်သွင်းထားသည်။

 

ဥရောပ အကြောင်း ဆွေးနွေးသည့် အခါ နိုင်ငံတခုချင်းစီ အကြောင်းသာမက ဥရောပ သမဂ္ဂ အီးယူ ကိုပါ ထည့်သွင်း ပြောဆိုဖို့ မဖြစ်မနေ လိုအပ်လာသည်။

 

ဥရောပသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံများကို ကြီးမားသော အတိုင်းအတာဖြင့် တစုတဝေးတည်း စုဝေး ထား နိုင်သည့် အပြင် အချို့ အပိုင်းများတွင် နိုင်ငံ အစိုးရများ ကိုပင် ကျော်လွန်၍ ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည့် ဩဇာတက္ကိမ ရှိသော အင်စတီကျုးရှင်းများလည်း ရှိနေသည်။

 

ဥရောပသည် နှစ်ဆယ်ရာစု နှစ် ၏ သမိုင်း ဖြစ်တည်ခဲ့ရာ ဒေသ ဟုလည်း ပြော၍ရပေသည်။ ယခု ရာစု နှစ် တွင်တော့ သမိုင်းဖြစ်ရပ်များတွင် ဥရောပ သို့မဟုတ် ဥရောပ နိုင်ငံများသည် ထိုသို့ အရေးပါသည့် အနေအထားသို့ ရောက်လာဖို့ မရှိပေ။

 

တခါတရံတွင် အာရှဟု အလွယ်တကူ ခေါ်နေကြသည့် အရှေ့အာရှ နှင့် ပစိဖိတ် သည် တကမ္ဘာလုံး ၏ ကုန်ထုတ်လုပ်မှု နှင့် တိုင်းတာမည် ဆိုက အကြီးမားဆုံး နှင့် အချမ်းသာဆုံး ‌ဒေသ ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး ဖြစ်နေသည်၊ သို့သော် တောင်အာရှ နှင့် အာဖရိက သည် လူဦးရေ ပိုင်းတွင် အလျှင်အမြန် ကြီးထွားလာနေပြီ ဖြစ်သည်။ 

 

ဥရောပကဲ့သို့ပင် အာရှသည် ဒုတိယ ကမ္ဘာစစ်ကြီး နှင့် စစ်အေးတိုက်ပွဲကြီး ၏ အဓိက စစ်မြေပြင်ကြီး ဖြစ်ခဲ့သည်။ ယခု ရာစု နှစ် တွင် သမိုင်း တွင် ပဓာန ကျသည့် အခန်းမှ နေရာယူလာဖို့ အလားအလာ များစွာ ရှိနေသည်။ တရုတ် ၏ အခန်းကဏ္ဍသာမက ဒေသတွင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီယား နှင့် အင်ဒိုနီရှား တို့ ၏ အနေအထားကို လည်း ထည့်သွင်း စဉ်းစားရတော့မည် ဖြစ်သည်။

 

တောင်အာရှ ဒေသအား အဓိက လွှမ်းမိုးနေသည်က အိန္ဒိယ ပင် ဖြစ်သည်။ လူဦးရေ နှုန်းထားတွင် မကြာမီ အတောအတွင်း ကမ္ဘာလူဦး‌ ရေ အများဆုံး ဖြစ်သည့် တရုတ်ပြည်ထက် သာလွန်သွားဖို့ ရှိနေသည်။ အိန္ဒိယသည် ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံလည်း ဖြစ်နေ၍ တရုတ် နှင့် ယှဉ်လျှင် ‌အခြား ရွေးချယ်နိုင်စရာ များစွာ ရှိနေသည့် အရေးပါသော နိုင်ငံလည်း ဖြစ်သည်။

 

ထို‌ဒေသ တွင် အိန္ဒိယ နှင့် ပါကစ္စတန် ယှဉ်ပြိုင်နေမှု၊ အာဖဂန်နစ္စတန် တွင် ကာလကြာမြင့်စွာ ဖြစ်ပွားနေသော စစ်ပွဲ၊ ထိုနိုင်ငံများရှိ သန်းပေါင်းများစွာသော လူများ၏ လူနေမှူ အဆင့် အတန်း မြှင့်တင်နိုင်ရေး အတွက် ရုန်းကန် ‌နေမှု များ အစရှိသည့် ဖြစ်ရပ်များ နှင့် ပြည့်နှက်နေသည်။

 

အထူးသဖြင့် ဘင်္ဂလား‌ဒေ့ရှ်သည် ရာသီဥတု ပြောင်းလဲလာသည့် ဒဏ်ကြောင့် အိုးအိမ်မဲ့ ဖြစ်လာကြမည့် သန်းပေါင်းများစွာသော လူများကို ကြည့်ရှု စောင့်ရှောက်ပေးရန် ရှိနေသော စိန်ခေါ်မှု ကြီးနှင့် ရင်ဆိုင်သွားရဖို့ ရှိနေသည်။