နိုင်ငံတကာ ရေးရာ မိတ်ဆက်(22)

by Hla Soewai - Jan 15 2024

စစ်အေး တိုက်ပွဲ အလွန် ဒုတိယ ဆယ်စု နှစ် အတွင်း ဝင်လာသည့် အခါတွင်တော့ ဥရောပ တိုက်ကြီး ၏ လားရာ အပေါ် အကောင်းဖက်က ရှုမြင်မှု များ တဖြေးဖြေး ကူန်ခမ်းလာသည်။ စီးပွားရေး တိုးတက်မှု နှုန်း နှင့် ဂျီဒီပီ သည်လည်း ကျဆင်းလာခဲ့သည်။

 

အီတလီတွင် ပေါ်ပြူလစ် ပါတီ သည် ညွှန်ပေါင်း အစိုးရ တွင် ပါဝင်လာပြီး၊ ပိုလန် နှင့် ဟန်ဂေရီ တွင် လစ်ဘရယ် မဆန်သော ပါတီများ အာဏာရလာသည်။ ပြင်သစ် တွင်လည်း လူထု နောက်မြီးဆွဲ ပေါ်ပြူလစ် ပါတီသည် အစိုးရ ကို ပုခုံးခြင်း ယှဉ်နိုင်သည့် အဆင့် ရောက်လာခဲ့သည်။

 

ဥရောပ ဗဟိုဘဏ်သည် အဖွံ့ဝင် နိုင်ငံများ အားလုံး ယူရို ‌ကိုသာ သုံးစွဲရမည် ဟူသော ငွေကြေး ဆိုင်ရာ မူဝါဒ ကို ချမှတ်ခဲ့သည်။ သို့သော် အစိုးရများအား နိုင်ငံ ဘတ်ဂျက် ကို လွတ်လပ်စွာ စီမံခွင့် ပေးထား

သည့်အတွက် ဂရိ၊ အီတလီ နှင့် နိုင်ငံ အများအပြားတွင် ဘတ်ဂျက် လိုငွေ ပြမှု များ နှင့် မနိုင်မနင်း ဖြစ်လာခဲ့သည်။

 

ရုရှားသည် ကရိုင်မီးယား အား ကျူးကျော် သိမ်းပိုက်လာခဲ့သည်။ အ‌ရှေ့အလယ်ပိုင်းမှ ဝင်ရောက်လာသူ အဆမတန် များ ပြားလာ၍ ဂျာမဏီ နှင့် နိုင်ငံများစွာ တွင် အမျိုးသားရေး ပါတီများ ခေါင်းထောင်လာခဲ့သည်။

 

‌အီးယူ မှ ထွက်ခွာရန် လူထု ဆန္ဒခံယူပွဲ တွင် ခွဲထွက်မည့် ဖက်မှ ပွတ်ကာသီကာ ဖြင့် အနိုင်ရရှိသွားခဲ့သည်။

 

ဥရောပ ကုန်းမြေကြီး၏ နိုင်ငံရေး မျက်နှာစာတွင် ရာစု နှစ် တဝက်နီးပါး လွှမ်းမိုး‌လာခဲ့သည် အလယ် ဗဟိုကျ လမ်းစဉ် ကျင့်သုံးသော ပါတီကြီးများသည် လက်ယာ နှင့် လက်ဝဲ စွန်း ပါတီငယ်များ ကို တဖြေးဖြေး နှင့် ရှုံးနိမ့်စ ပြုလာခဲ့သည်။ တခါက ‌ရွှေရောင် လွှမ်းခဲ့သော ဥရောပ အနာဂတ်သည် ရုတ်ခြည်း ဆိုသလို မရေမရာ မသေမချာ အဖြစ်နှင့် ကြုံလာရသည်။

 

လက်တင် အမေရိက ဖက်ခြမ်းတွင်မူ ဒီမိုကရေစီ ပို၍ ကျစ်လစ် ခိုင်မာလာသည်ဟု ဆိုရမည် ဖြစ်သည်၊ မက္ကဆီကို တွင် ပါတီကြီး တခု တည်းက လွှမ်းမိုး ချုပ်ကိုင်လာခဲ့မှု အဆုံးသတ်သွားခဲ့ရသည်။ ကိုလံဘီယာ ကဲ့သို့ နိုင်ငံများ တွင် ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားခဲ့သည်။

 

သို့သော် ဘရာဇီး နှင့် အာဂျင်တီနား ကဲ့သို့ နိုင်ငံများ တွင် ဒီမိုကရေစီ နှင့် ပေါ်ပြူလစ်ဝါဒ အကြား တင်းမာမှု များ ရှိလာခဲ့သည်။ မြောက်ပိုင်း ဖိုခနောင့်ဆိုင် ဒေသဟု ခေါ်ဝေါ်လေ့ ရှိသည့် ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ် နှင့် အယ်ဆာဗေဒို့ နိုင်ငံများ တွင် တောင့်တင်း ခိုင်မာသော အစိုးရမျိုး မရှိ၍ နိုင်ငံကို ငြိမ်ဝပ်ပိပြားအောင် ဦးဆောင်မှု မပေးနိုင်ခဲ့ပေ။

 

လက်တင်အမေရိကား တွင် တခါက အချမ်းသာဆုံး နိုင်ငံ ဖြစ်ခဲ့ဖူးသည့် ဗင်နီဇွဲလားသည် အစိုးရ၏ ထင်ရာစိုင်း လုပ်ရပ်များကြောင့် လူသန်းပေါင်းများစွာ နိုင်ငံမှ ထွက်ပြေးခဲ့ကြရပြီး စီးပွားရေးပိုင်းတွင်လည်း လုံးပါး ပါးလာခဲ့ရသည်။

 

အားလုံးကို ခြုံကြည့်မည်ဆိုလျှင် လက်တင် အမေရိကားသည် အသားမကျသေးသော ဒေသဟု ဆိုရမည် ဖြစ်သည်။

 

အာဖရိက တိုက်သည်လည်း မျှော်လင့်ချက်များ၊ လက်မှိုင်ချစရာ အကြောင်းများ နှင့် ပြည့်နှက်လာနေသော ဒေသကြီး ဖြစ်လာခဲ့သည်။ ဒီမိုကရေစီ ပိုင်း၊ စီးပွားရေး ပိုင်း နှင့် ပျမ်းမျှ လူ့သက်တမ်းပိုင်း များ တွင် မြင့်တက်လာမှု များကို ပြည်တွင်းစစ်များ၊ အာဏာရှင် အုပ်ချူပ်ရေး စနစ်၊ အကျင့်ပျက် ခြစားမှုများ၊ လူဦးရေ သိသိသာသာ တိုးပွားလာခြင်းနှင့် ရောဂါဘယများ ဖြစ်ပွားလာမှု များ ကြောင့် ဘဲစားဘဲကြေ ဖြစ်လာခဲ့သည်။

 

တောင်အာရှ ဒေသသည်လည်း စစ်အေးတိုက်ပွဲ အလွန် လှိုင်းတံပိုး များကြားတွင် နိမ့်ချည် မြင့်ချည် လွင့်ပါနေခဲ့ရသည်။ အိန္ဒိယ နှင့် ပါကစ္စတန် အကြား တင်းမာမှု များ အမြဲလို ရှိနေ၍ နှစ်နိုင်ငံစလုံးသည် နျူကလီယား လက်နက်များကို ဖြည့်တင်းလာခဲ့သည်။ ပါကစ္စတန် ကို အခြေပြု၍ အကြမ်းဖက် သမားများက အိန္ဒိယ နိုင်ငံထဲ ဝင်ရောက် တိုက်ခိုက်လာမှု ကြောင့် နှစ်နိုင်ငံ အကြား တင်းမာမှုသည် အမြင့်ဆုံးသို့ ရောက်သွားခဲ့ရသည်။

 

အာဖဂန်နစ္စတန် အစိုးရအား နှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် ဆွန်နီ အခြေခဲ ဝါဒီများ ဖြစ်သော တာလီဘန်များအား ပါကစ္စတန်မှ ထောက်ခံမှု ပေးနေခြင်းကြောင့် ဒေသတွင်း ပြဿနာများ ပို၍ ကြီးထွားလာခဲ့သည်။ ပါကစ္စတန် ကိုယ်နှိုက်လည်း ပြည်တွင်း တွင် အကြမ်းဖက် တိုက်ခိုက်မှု များ နှင့် ရင်ဆိုင်ခဲ့ရပြန်သည်။

 

သို့သော် အိန္ဒိယတွင် မူကား စီးပွားရေး တိုးတက်မှု များ ရလာနေသည့် သတင်းကောင်းများနှင့် ပြည့်နှက်လာနေသည်။ သို့သော် အကျင့်ပျက် ခြစားမှုများ၊ ဗျူရိုကရေစီ ကြိုးနီစနစ်၊ ဆင်းရဲမွဲတေမှု နှင့် လူဦးရေ အဆမတန် များပြားလာခြင်းများကြောင့် တိုးတက်သင့်သ‌ လောက် တိုးတက်မလာခဲ့ပေ။

 

တချိန်တည်းမှာပင် ဟိန္ဒူ အမျိုးသားရေး ဝါဒသည် ကြီးထွားလာခဲ့၍ လူနည်းစု မူဆလင်များနှင့် လိုလိုလားလား ယှဉ်တွဲနေထိုင် သွားကြမည်လော ဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။

 

အာရှ အလယ်ပိုင်း ဒေသတွင် သိသိသာသာ ငြိမ်သက်နေခဲ့သည်။ အာဏာရှင် ဆန်ဆန် အုပ်ချုပ်သည့် နိုင်ငံရေး စနစ် နှင့် ရေနံ အပေါ် မှီခိုနေရသည့် စီးပွားရေး များကြောင့် အကောင်းအဆိုး ဒွန်တွဲ အကျိူးပေးနေသည်ဟု ဆို‌၍ ရပေသည်။

 

ထိုအတောအတွင်း ဒုတိယ ကမ္ဘာစစ်ကြီး အပြီး နိုင်ငံတကာ စနစ်တရပ် ကို ထူထောင်ခဲ့သည့် အမေရိကန် ပြည်ထောင်စုသည် စစ်အေး ကာလတလျှောက်လုံး ကမ္ဘာကြီးအား လွှမ်းမိုးလုနီးနီး ရှိနေခဲ့ရာမှ တဖြေးဖြေး နှင့် နောက်ပြန်ဆုပ်လာခဲ့သည်။ 

 

အာဖဂန်နစ္စတန် နှင့် အီရတ် တွင် ဆင်နွှဲခဲ့ရသည့် စစ်ပွဲများကြောင့် စစ်စရိတ် ထောင်းလာနေသည်ကို ကြည့်ပြီး အမေရိကန် နိုင်ငံသား အတော်များများက ထိုသို့ စစ်ရေးအရ နောက်တကြိမ် ဝင်ရောက် ပါဝင်ရမည့် အရေးကို လိုလိုလားလား မရှိကြတော့သောကြောင့်လည်း ဖြစ်သည်။

 

အမေရိကန် နိုင်ငံရေး အသိုက်အဝန်း တွင်လည်း နှစ်ဆယ်ရာစု နှစ် အစောပိုင်းကကဲ့သို့ ကမ္ဘာရေးရာများ နှင့် ကင်းကင်းရှင်းရှင်း နေလိုစိတ်များ တဖန် ပြန်၍ ပေါ်ပေါက်လာနေပြီ ဖြစ်ပြီး နောက်သို့ လျို‌ နေရန် တောင်းဆို မှု များသည် ထုံးစံတခုလို ဖြစ်လာ နေသည်။

 

နှစ်ဆယ့်တစ်ရာစု နှစ်၏ ဒုတိယ ဆယ်စုနှစ် ကုန်ဆုံးချိန်တွင်တော့ စစ်အေးအလွန် ကာလ နှင့် ပတ်သက်ပြီး ကောက်ချက် အချို့ ဆွဲ၍ ရလာခဲ့ပြီ ဖြစ်သည်။ 

 

ထိုကာလများ တွင် သတင်း အချက်အလက် အသစ် အဆန်းများ နှင့် နည်းပညာ များသည် ကမ္ဘာဇာတ်ခုံကြီး ပေါ်သို့ တဟုန်ထိုး ဝင်ရောက်လာပြီး နေရာတကာ တွင် လွယ်လင့်တကူ အသုံးချ၍ ရလာနေသည်။ ဆေးဝါး နှင့် လူ့သက်တမ်း ပိုင်းတွင် ကြီးမားသော တိုးတက်မှု များ ရရှိလာခဲ့သည်။ စီးပွားရေး ပိုင်းတွင်လည်း နေရာအနှံ့တွင် သိသိသာသာ ဖွံ့ဖြိုးလာခဲ့သည်။ နိုင်ငံများ အကြား ဖြစ်ပွားသော စစ်ပွဲများသည် အတော်ပင် ရှားပါးလာခဲ့သည်။

 

သို့သော် ‌ဒီမိုကရေစီ ပိုင်းတွင် တုန့်နှေးလာနေခြင်း သို့မဟုတ် တပ်ပြန်ခေါက်သွားသည့် ခေတ်ဟု လည်း ပြော၍ ရပေသည်။ လူတန်စား မညီမျှမှု သည် လည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ပြည်တွင်းစစ်ပွဲ များ ဖြစ်ပွားသည့် အရည်အတွက်လည်း များပြားလာသည်။ ယင်းနှင့် အတူ စစ်ဘေးရှောင်များ နှင့် ဒုက္ခသည်များလည်း တိုးပွားလာခဲ့သည်။

 

အကြမ်းဖက် ဝါဒသည် တကမ္ဘာလုံးကို ခြိမ်းချောက်လာခဲ့သည်။ ရာသီဥတု ပြောင်းလဲမှုသည် မဝေးလှသော အနာဂတ် တွင် ဆိုးဆိုးရွားရွား ဖြစ်လာမည့် အနေအထားများ တိုး၍ ဖန်တီးလာနေခဲ့သည်။

 

ကမ္ဘာကြီးသည် လူမျိုးတုံး သတ်ဖြတ်မှုများကို ရပ်ကြည့်လာနေပြီး ဆိုက်ဘာနှင့် အာကာသ နယ်ပယ်များ တွင် စည်းမျဉ်း များ နှင့် ထိန်းချုပ်သွားနိုင်ရေး အတွက်လည်း သဘောတူညီမှု မရ ဖြစ်လာခဲ့သည်။ ထို့ပြင် အင်အားကြီး နိုင်ငံ အချင်းချင်း တဖန် ပြန်၍ ပြိုင်ဆိုင်လာမှု ကိုလည်း ဟန့်တားနိုင်ခြင်း မရှိခဲ့ပြန်ပေ။

 

လက်ရှိ အနေအထားများအား ကောင်းမွန်နေပြီ ဟု ယူဆနေကြသူများသည် ၎င်းတို့ အာရုံထားသည့် အရေးအရာများ အပေါ် သာ ယိမ်းပြီး ပြောဆိုနေခြင်း ဖြစ်သော်လည်း ယင်းအပေါ် အန္တရာယ်ကျရောက်လာနိုင် သည့် အလားအလာ များကိုမူ လျော့တွက် ခဲ့ကြ သည်။