ရေတပ် စခန်းကို တိုက်ပြီ

by Hla Soewai - Jan 15 2024

ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့နယ် ရှိ ဓညဝတီ ရေတပ်စခန်း အား ရက္ခိုငိ့တပ်တော် အေအေ မှ တနင်္လာ နှင့် အင်္ဂါနေ့များတွင် နှစ်ရက်ဆက်တိုက် ပထမဆုံး အကြိမ် ရှော့တိုက် ဒုံးကျည်များ နှင့် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။

 

အဆိုပါ ရေတပ်စခန်းသည် တရုတ်စီမံကိန်း “ရွှေ” ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သင်္ဘောများ ဝင်ထွက်ရာ လမ်းကြောင်းပေါ်တွင် တည်ရှိကာ ကျောက်ဖြူဆိပ်ကမ်းနှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။တရုတ် အထူးစီးပွားရေး ဇုံ နယ်မြေ အတွင်း ရှိနေ၍ လုံခြုံရေး အရ တပ်လှန့်ထားရန် တောင်းဆိုထားပြီး ဖြစ်ရာ ယခု တိုက်ခိုက်လာမှု သည် နိုင်ငံရေး အရ လွန်စွာ အရေးပါလှ၍ စစ်ကောင်စီ အား ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေလောက်သည်။ (ပုံတွင်ရှု့..RFA)

 

တရုတ်နယ်မြေ အတွင်းသို့ အမြှောက်ဆံ ကျ၍ လောက်ကိုင် ကို လက်လွှတ်ပေးလိုက်ရပါသည် ဆို‌သော စစ်ကောင်စီ သည် မည်သို့ မည်ပုံ ဆက်လုပ်မည် ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းနေပေသည်။

 

လောလောဆယ်တွင်တော့ ရေတပ်စခန်း အတွင်းမှ လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည် တုန့်ပြန် တိုက်ခိုက်နေသည်ဟု သိရသည်။

 

မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် များ လိုခြင်သည့် နယ်မြေများကို ထိုးပေးကာ ထိုးစစ်ကို ရပ်သွားအောင် လုပ်မည်၊ ထို့နောက် တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေး တပ် များကို ချေမှုန်းမည့် ဗျူဟာ ကို သုံးလာဖွယ် ရှိနေသည်။

 

‌လက်ရှိ နည်းဗျူဟာ အဖြစ် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ တော်လှန်ရေး နယ်မြေများ အတွင်း ရှို့လို့ရမည့် နေရာ များကို အလစ်ဝင် မီးရှို့ခြင်း၊ တနိုင်ငံလုံး ၂၇ ရက်တိတိ ဥပ္ပါတ သန္တိကျမ်းကို ရွတ်ဖတ်ခိုင်းခြင်း၊ ၎င်းတို့ အတွက် အသက်ပေးလှုရန် ဝန်မလေးသော စစ်သည်များအတွက် ပင်ပန်းကြေး နှင့် သက်စွန့်စရိတ် ဆိုကာ တလလျှင် ကျပ် တသိန်းစီ ဆုချီးမြှင့်ခြင်းများ လုပ်လျှက် ရှိသည်။

 

လောက်ကိုင်အား လက်လွှတ်ခဲ့ရမှု တွင် လက်နက်ခဲယမ်း များ တောင်ပုံရာပုံ ဆုံးရှုံးသွားခဲ့ရပြီး စီးပွားရေး အရ ပါ အကြီးအကျယ် အထိနာသွားခဲ့ရသည်။

 

မင်းအောင်လှိုင်သည် လောက်ကိုင်တွင် ထိုသို့အရှက်တကွဲ နှင့် အထိ နာသွားပြီးနောက် အခြေအနေ ကောင်းလာရန် လုပ်နေသယောင် ဟန်ဆောင်သည့် အနေဖြင့် ထုံးစံ အတိုင်း ၎င်း၏ စစ်ကောင်စီ ဝန်ကြီးများကို အပြောင်းအလဲများ ပြုလုပ်လာပြန်သည်။

 

၎င်း၏ အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် သစ္စာရှိ လူယုံ ဖြစ်သူ ရာပြည့်နေရာတွင် ရေတပ်ဦးစီးချုပ်ဟောင်း မိုးအောင်နှင့် အစားထိုးလိုက်သည်၊ ရာပြည့်သည် ပြည်ထဲရေး ဝန်ကြီး အဖြစ် ဆက်ရှိနေမည် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာမှ နာမည်ပျက် စာရင်းသွင်း အရေးယူခံထားရသူ မိုးအောင် သည် ယခုအခါ မင်းအောင်လှိုင်၏ အကြံပေး ဖြစ်လာသည်။

 

ပြည်ထောင်စု အစိုးရ ဝန်ကြီးရုံး ဝန်ကြီးများ ဖြစ်သော အောင်နိုင်ဦး နှင့် ကိုကိုလှိုင်သည်လည်း ယခုအခါ မင်းအောင်လှိုင်၏ ရုံး ဝန်ကြီးများ ဖြစ်သွားပြန်သည်။

 

ဇန်နဝါရီ ၇ ရက်က စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ၌ ဘုရားကျောင်းဝတ်ပြုပွဲ ရှိသည့် တနင်္ဂနွေနေ့တွင် အရပ်သားပြည်သူများ စည်ကားနေချိန် ရပ်ရွာပေါ်သို့ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးသူငယ် ၉ ဦး အပါဝင် စုစုပေါင်း သေဆုံးသူ ၁၇ ဦး နှင့် ဒဏ်ရာရရှိသူ ၁၉ ဦး ရှိကြောင်း NUG က ထုတ်ပြန်ထားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုကဲ့သို့ အရပ်သားများ အပေါ် အကြောင်းမဲ့ တိုက်ခိုက်လာမှု များ တိုး၍ ဖြစ်ပွားလာသဖြင့် ကုလလုံခြုံရေး ကောင်စီ အနေဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နောက်ဆက်တွဲ အဖြစ် ပိုမို ထိရောက်စွာ အရေးယူ မှု များ ပြုလုပ်ပေးရန် အမျိုးသား ညီညွတ်ရေး အစိုးရ မှ တောင်းဆိုလိုက်သည်။

 

တကယ်တမ်းတွင် ကုလ လုံခြုံရေး ကောင်စီ နိုင်ငံကြီး ငါးနိုင်ငံ တွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်က တဖက် ရုရှား နှင့် တရုတ်က တဖက် တဦး နှင့် တဦး လက်စားချေ ဗီတိုများ သုံးနေကြသည်၊ အမေရိကန် သည် အစ္စရေး အား အရေးယူရန် တင်ပြလာသည်များကို ဘာမျှ မစဉ်းစားပဲ ဒိုင်ခံ ဗီတို ဖြင့် ပယ်ချနေ၍ ၎င်းတို့မှ တင်သွင်းသော အဆို အများစုကို တရုတ် နှင့် ရုရှားကလည်း ပယ်ချလာခဲ့ခြင်းဖြင့် ကမ္ဘာပြဿနာများသည် ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်လာရသည်။ 

 

‌အ‌ မေရိကန် သံအမတ်ဟောင်း စကော့ မာဆယ် မှ စကားအရ လက်တွေ့ အခြေအနေများ နှင့် မည်သို့မျှ မကိုက်ညီသော ဖြေရှင်းချက်များ နှင့် ရွာလည်နေသော အာဆီယံအား လာအိုမှ ဥက္ကဌ နေရာ ရယူလာပြီ ဖြစ်၍ ထုံးစံ နှင့် လျှော်ညီစွာ ယခင် ဒုနိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဝါရင့် သံတမန် Alounkeo Kittikhoun အား မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန် အဖြစ် ခန့်အပ်လိုက်ပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!