တရုတ် သဘောထား နှင့် ၁၀၂၇ စစ်ဆင်ရေး ၇၅ ရက်မြောက် ကြေညာချက်

by Hla Soewai - Jan 15 2024

အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးမှ လက်ရှိ တရုတ်မှ မြန်မာ ပြည် နှင့် ပတ်သက်ပြီး မည်သို့ သဘောထားသည်ကို ယခုလို သုံးသပ်လာခဲ့သည်။

 

ယခုအပတ်အတွင်း လောက်ကိုင်အား MNDAA တပ်များက သိမ်းပိုက် နိုင်လိုက်ခြင်းသည် လက်ရှိ စစ်ပွဲ၏ မျှခြေ ကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

 

အာဏာသိမ်းပြီးကတည်းက မြန်မာ စစ်တပ်အား ယေဘုယျ အားဖြင့် ထောက်ခံလာခဲ့သော တရုတ်သည် ယခုအခါ နှစ်ဖက်စလုံးဖက်မှ ခွ၍ ရပ်တည်လာသည့် မူဝါဒ ကို ကျင့်သုံးလာပုံ ရှိသည်၊ လောလောဆယ်တွင် မြန်မာ စစ်ကောင်စီကို လုံးလုံးလျားလျား ပစ်ပယ် လိမ့်မည် မဟုတ်ပဲ မည်သူ အနိုင်ရမည်နည်းဟု စောင့်ကြည့်နေဆဲ ဖြစ်၍ နှစ်ဖက်စလုံး နှင့် အဆင်ပြေအောင် ဆက်ဆံနေဆဲ ဖြစ်သည်ဟု ဆိုသည်။ အကယ်၍ တဖက်ဖက်က အနိုင်ရလာပုံ ပေါက်လျှင်တော့ ထို တဖက်နောက် မှ ရပ်တည်ပေးသွားမည့် အလားအလာများ တွေ့နေရသည်ဟု ဆိုသည်။ နှစ်ဖက်စလုံးထံမှလည်း ၎င်းတို့ အကျိုးစီးပွား နှင့် အခြား ဖြစ်စေချင်သည်များကို ရရှိအောင် ပြောဆိုဆက်ဆံနေဆဲပင် ဖြစ်သည်ဟု ရေးသားထားသည်။

 

အဆိုပါ မဂ္ဂဇင်းသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒ အပေါ် ဩဇာ သက်ရောက်မှု ရှိနေ၍ ယင်းကို ကြည့်ခြင်းအားဖြင့် အမေရိကန်သည် မြန်မာ အား တရုတ် နောက်ဖေးခြံဟု သာ ယူဆထားပုံ ရှိပြီး လက်ရှိ ပဋိပက္ခနှင့် ကင်းအောင် နေရန် ဆုံးဖြတ်ထားပုံရသည်။

 

ဒေသတွင်း တွင်လည်း တောင်တရုတ် ပင်လယ် အတွင်း တင်းမာမှု များ ကြောင့် မြန်မာ ကိစ္စ နှင့် ပတ်သက်ပြီး တရုတ်နှင့် နောက်ထပ် ပြဿနာ မဖြစ်အောင် ရှောင်ကျဉ် နေခြင်းလည်း ဖြစ်သည်။

 

လက်ရှိတွင် အောင်ပွဲများ ဆက်တိုက်ဆိုသလို ရရှိနေသည့် ညီနောင်မဟာမိတ် အဖွဲ့ မှ စစ်ဆင်ရေး ၇၅ ရက်မြောက် အဖြစ် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ထို ၇၅ ရက်အတွင်း မြို့ပေါင်း ၁၆ မြို့၊ နယ်စပ်ဂိတ် ငါးဂိတ်၊ နှင့် စခန်းကြီး စခန်းငယ် ၄၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

 

ထိုကြေညာချက်ထဲတွင် ရှမ်းမြောက် နှင့် ရခိုင် ပြည်နယ်များ တွင် ၎င်းတို့ သတ်မှတ်ထားသော စစ်ဆင်ရေး ပစ်မှတ်များ၊ သိမ်းပိုက်ရန် ကျန်နေသေးသည့် စခန်းများ နှင့် မြို့ကြီး အချို့ ကျန်နေသေး၍ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပါရှိသည်။

 

ထို့အပြင် ၁၀၂၇ စစ်ဆင်‌ရေး ဖြင့် ရရှိလာသော စိတ်ဓါတ်ခွန်အား များကို အခြား တော်လှန်ရေး အဖွဲ့အစည်းများထံ ဓါတ်ကူး ပေးနိုင်ခဲ့ပြီ ဖြစ်ရာ စစ်ဆင်ရေး အရှိန် ဆက်လက် မြှင့်တင်ပြီး တော်လှန်ရေး အောင်ပွဲများ နေ့စဉ်ရယူ နိုင်ရေး အတွက် အထူး ကြိုးပမ်းအားထုတ်သွားရန်လည်း တိုက်တွန်းထားသည်။

 

ထိုကြေညာချက်သည် မြန်မာ ပြည်သူများ အဖို့တော့ ဘဝင်ကျနိုင်စရာ ဖြစ်လာမည် မဟုတ်ပေ၊ ညီနောင် မဟာမိတ် အဖွဲ့များသည် စစ်ကောင်စီ တပ်များအား လာရှိုး အထိ အပြတ်အသတ် မောင်းထုတ် ထားနိုင်ခဲ့ပြီ ဖြစ်သည်။ စစ်ရှုံးလာနေပြီ ဖြစ်သော စစ်ကောင်စီသည် စစ်ဆင်ရေး အား ထိုမျှ လောက် နှင့် ရပ်တန့်သွားရန် တရုတ် အား အကူအညီ တောင်းပြီး ခခယယ လုပ်နေရပြီ ဖြစ်သည်။

 

ထိုအခြေအနေတွင် ညီနောင် မဟာမိတ် သုံးဖွဲ့၏ ကြေညာချက် တွင် ယခင်ကလို စစ်ကောင်စီ အမြစ်ပြုတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဆိုသော ကတိကဝတ်များ ပျောက်ကွယ်နေသည်ကို တွေ့ရသည်။

 

အာဆီယံ အထူး သံတမန် ဖြစ်လာသူ လာအို ဒုနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဖြစ်ခဲ့သူ ဝါရင့် သံတမန်ဟောင်း အလောင်ကီယို ကစ်တီကွန်းသည် ဗုဒ္ဓဟူးနေ့တွင် မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်၊ ထို့အပြင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား ခုနှစ်ဖွဲ့၊ နိုင်ငံရေး ပါတီ ၄၅ ပါတီ နှင့် တွေ့ဆုံရန် ရှိနေသည်။ ၎င်းသည် စစ်ကောင်စီ အကျဉ်းသား ဖြစ်နေသူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံရန် တောင်းဆိုလိမ့်မည် ဖြစ်ပြီး စစ်ကောင်စီမှ ကန့်သတ်ချက်များ နှင့် တွေ့ခွင့် ပေးဖွယ် ရှိသူဟု ခန့်မှန်းနေကြသည်။

 

NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသား သမဂ္ဂ၊ ချင်းအမျိုးသား တပ်ဦး နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တပ်ဦး ကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပေ။ လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခကြီး အား ဖြေရှင်းရန် ရောက်ရှိလာသည့် သံတမန်သည် သေနတ်တချက်မျှ ပစ်ဖေါက်ခဲ့ခြင်း မရှိသူများ နှင့် အဘယ်သို့များ ပြဿနာ ပြေလည်အောင် လုပ်မည်နည်းဟု စဉ်းစားစရာ ဖြစ်နေရသည်။

 

အင်ဒိုနီရှားသည် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့စဉ်က အာဏာသိမ်း အဖွဲ့ နှင့် စုစုပေါင်း ၂၆၅ ကြိမ် တွေ့ဆုံခဲ့သောလည်း မည်သည့် တိုးတက်မှု မျှ မရရှိခဲ့ဟု အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက တနင်္လာနေ့တွင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။ လာအိုသည် ပြည်တွင်းရေး ဝင်မစွက်ရ မူကို အခိုင်အမာ စွဲကိုင်ထားသည့် အာဆီယံ အုပ်စု ဝင် နိုင်ငံ ဖြစ်နေသည့် အပြင် တရုတ်၏ ဩဇာရိပ် မကင်းသော နိုင်ငံလည်း ဖြစ်နေ၍ စစ်ကောင်စီ၏ ယုံကြည်မှု ကို ရရှိထားပြီး ဖြစ်သည်။

 

စစ်ကောင်စီသည် ယခု အချိန်အထိ ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရန် စိတ်ကူး မရှိပဲ ဝါဒ ဖြန့်ချီ နိုင်ရေးသာ လုံးပမ်းလျက် ရှိနေဆဲပင် ဖြစ်သည်။

 

TNLA သည် အာဆီယံ အထူး သံတမန် ခရီးစဉ် နှင့် ချိန်ကိုက်ပြီး နမ့်ဆန် မြို့ တွင် ဖမ်းဆီးရမိခဲ့သော အမှတ် (၁၀၁) ခြေမြန်တပ်မ ဌာနချုပ်မှ တပ်မမှုး ဗိုလ်မှုးချုပ် မင်းမင်းထွန်း၏ ပြည်သူသို့ ဝန်ခံတောင်းပန်ချက်နှင့် စစ်ခေါင်းဆောင်များ အားလည်း လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေမှုများ ရပ်တန့်ရန် တောင်းဆိုသည့် ဗီဒီယို ဖိုင်အား ထုတ်လွှင့်လာခဲ့သည်၊ ဗိုလ်မှုးချုပ် အဆင့် ရှိသူ တဦး ၏ လက်ထိတ်ကြီး နှင့် ပြောဆိုနေပုံကြောင့် မင်းအောင်လှိုင် နှင့် အဖွဲ့ အရှက်ကွဲပြီးရင်း ကွဲလာနေရပြီ ဖြစ်သည်။

 

ယခုအထိလည်း မနိုင်နိုင်ရာ မဲသည့် အနေဖြင့် အပြစ်မဲ့ ပြည်သူများ အား ဗုံးကြဲ တိုက်ခိုက်လျက် ရှိနေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း မြောက်ဦး၊ ကျောက်တော် နှင့် ချင်းပြည်နယ် ပလက်ဝ တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အခြေအနေများ ပို၍ ဆိုးဝါးလာနေသည်။

 

ရက္ခိုင့်တပ်တော် အေအေ သည် စစ်ကိုင်းတိုင်း အတွင်း ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် ပူးတွဲ တိုက်ခိုက်လျက် ရှိနေသည်။

 

ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီး၊ ဘုရားသုံးဆူ နှင့် မြဝတီ မြို့များ တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ရပ်တန့်သွားပြီ ဖြစ်သည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး တွင် လစ်လပ်နေသော မြန်မာ ထိုင်ခုံအား တွေ့နိုင်သည်၊ - RFA)