သာဝ၏ အလံဖြူ တပ်မတော် အသက်ရှူပေါက် ရသွားပြီလော

by Hla Soewai - Jan 15 2024

နောက်ဆုံး ရရှိသော သတင်းများအရ စစ်ကောင်စီသည် တရုတ်အား တောင်းတောင်းပန်ပန် နှင့် စီစဉ်ခိုင်းခဲ့မှုကြောင့် ယခုလ ၁၀ ရက် နေ့က ကူမင်းတွင် ညီနောင် မဟာမိတ် အဖွဲ့နှင့် တတိယ အကြိမ် ဆွေးနွေးခဲ့ကြရာ အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း အမည် မဖေါ်လိုသူ TNLA ခေါင်းဆောင်တဦး မှ ရိုက်တာ သတင်းဌာနကို အသိပေးလာသည်ဟု သိရသည်။

 

ရရှိခဲ့သော သဘောတူညီချက်အရ ညီနောင် မဟာမိတ် အဖွဲ့ မှ စစ်စခန်း များ နှင့် မြို့များကို မတိုက်ခိုက်ရန်၊ စစ်တပ်ဖက်မှ လည်း လေကြောင်းမှ ၎င်း၊ လက်နက်ကြီးများဖြင့် ၎င်း တိုက်ခိုက်ခြင်း မပြုဟု ဆိုသည်။ ထိုသ‌ ဘောတူညီချက်အား လက်မှတ် ရေးထိုးလိုက်ကြ၍ ဇန်နဝါရီ ၁၁ ရက်နေ့မှစ၍ အကျုံးဝင်မည် ဟု ဆိုသည်။

 

အဆိုပါ သဘောတူညီချက်သည် နာရီပိုင်းလား၊ ရက်ပိုင်းလား ခံမည်ကို မသိရသေးသော်လည်း ညီနောင် မဟာမိတ် အဖွဲ့သည် လောလောဆယ်တွင် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်လာ‌ နေသော ရန်သူကို တရုတ် မျက်နှာကြည့်ပြီး မိုက်မဲစွာ အောက်စီဂျင်ဘူး ပေးလိုက်ခြင်းပင် ဖြစ်သည်။ သူ ညွှန်ကြားသည့် အတိုင်း ဥပ္ပါတ သန္တိကျမ်း အား နေမအားညမအား ရွတ်ဖတ်ခဲ့၍ ဖြစ်မည်ဟု သာဝတယောက် ကြံဖန် ကြွားလုံးထုတ် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရှာပေရော့မည်။

 

‌ရှမ်းမြောက်တွင် သိမ်းပိုက်ရရှိထားသော မြို့ပေါင်း ၁၇ မြို့တွင် အုပ်ချုပ်ရေး အခိုင်အမာ တည်ဆောက် နိင်ရန် အချိန်ယူလိုက်ခြင်းလည်း ဖြစ်ပုံရ‌ ကြောင်းယူဆ၍ ရပေသည်။

 

ညီနောင် မဟာမိတ် အဖွဲ့၏ ထိုသို့အောင်မြင်လာခြင်းမှာ နွေဦးတော်လှန်ရေး၏ တစိတ်တပိုင်း အဖြစ် ပြည်သူ တရပ်လုံး၏ တခဲနက် ထောက်ခံခဲ့ကြ၍ စိတ်ဓါတ်ရေး ရာတွင် အားသာလာခဲ့ခြင်းကြောင့် ဖြစ်သည်။

 

အဆိုပါသတင်း အပေါ် ရက္ခိုင့် တပ်တော် အေအေ နှင့် MNDAA တို့မှ ထင်မြင်ချက်ပေးရန် ငြင်းဆိုထားသော်လည်း တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ နှင့် ဇော်မင်းထွန်း တို့မှ အတည်ပြုခဲ့ကြသည်။

 

ထိုသို့ အပစ်အခတ် ရပ်စံရေး ရရှိသွားသည်ကို စစ်တပ်ဖက်မှ ဝမ်းသာအားရ ရှိနေကြသည်ကပင် ၎င်းတို့၏ အရှူံးကို တနည်းအားဖြင့် ဝန်ခံနေကြခြင်းလည်း ဖြစ်သည်။

 

ဇော်မင်းထွန်း မှ ညီနောင်များ လက်သို့ ကျရောက်နေသော နယ်စပ်ဂိတ် များ အား ပြန်ဖွင့်ရန် တရုတ် နှင့်ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

 

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသဘောတူညီချက်အား စစ်တပ်ဖက်မှ ရသည့်နည်းဖြင့် ချိုးဖောက်တော့မည်မှာ ကျိန်းသေနေပေသည်။

 

သဘောတူညီချက် စာရွက်ပေါ်ရှိ မှင်မှာ ခြောက်ပင် မခြောက်သေး၊ ဇန်နဝါရီ ၁၁ ရက်နှင့် ယနေ့အထိ ရှမ်းမြောက်ဒေသ လားရှိုး၊ နမ့်ဆန်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည် ဟု ဧရာဝတီ က ဆိုသည်။ မိုးမိတ် နှင့် နမ်ဆန် မြို့နယ် အတွင်း စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်လာကြောင်း ဒေသခံများက ပြောလာကြသည်။

 

ယနေ့ကျရောက်သည့် ၆၁ နှစ်မြောက် တ အောင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ်အဖွဲ့ ပေးပို့ သည့် သဝဏ်လွှာတွင် ပြည်သူလူထုတရပ်လုံး အားကိုးအားထားရသည့် အဖွဲ့အစည်းများဖြစ်ရေး ယခုထက်ပိုမို ကြိုးစားရန် လိုအပ်နေသေးကြောင်းနှင့် ပြည်သူလူထုတရပ်လုံး၏ ဘုံရည်မှန်းချက် ဆန္ဒဖြစ်သော စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ ပြည်သူများနှင့် တသွေးတသားတည်း ရှိနေမည်ဖြစ်ကြောင်း ရေးသားထားသည်။

 

ဇန်နဝါရီ ၁၂ တွင် ကျောက်တော် နှင့် မြောက်ဦး၌ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သတင်းများက ဆိုသည်။ ပလက်၀တွင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားသည့် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို AA က ဖမ်းဆီးရရှိထားသည်ဟုလည်း သိရသည်။

 

မင်းအောင်လှိုင် ဦးစီး ကွပ်ကဲနေသော စစ်တပ်မှာ ယခုအခါ ‌လေမရှိ၍ ပြားချပ်နေသော ကားဘီးများဖြင့် ထရပ်ကားအိုကြီးသည် အထိန်းအကွပ် မဲ့စွာဖြင့် မတ်စောက်သော တောင်ကုန်းဆင်း တလျှောက် ထိုးဆင်းကျလာနေသည့် အလား ဖြစ်နေပြီဟု ဧရာဝတီ မှ ခိုင်းနှိုင်းရေးသားထားသည်။

 

နိုင်ငံတွင်းရှိ လူထုကလည်း "အလံဖြူ တပ်မတော်ကြီး"၊ ထသွားမှ အကျိုးမှန်း သိရသည့် စစ်တပ်ကြီး ဟု ပြောင်လှောင် သရော်နေကြပြီ ဟု ဆိုသည်။

 

လူထု၏ ထောက်ခံ စာနာမှု တစက်လေးမျှပင် မရှိတော့သည့် အတွက် စစ်သားစုဆောင်းရေး တွင် အကြီးအကျယ် အခက်တွေ့နေရသည့် အပြင် တပ်တွင်းတွင်လည်း မကျေနပ်မှုများ၊ တပ်ပြေးများ ပြဿနာ နှင့် စိတ်ဓါတ်ကျဆင်းမှု များ ရင်ဆိုင်နေကြရသည်။

 

ယခုအခါ စစ်တပ်၏ ရှမ်းမြောက်တွင် နောက်ဆုံး ခြေကုပ်စခန်း ဖြစ်သည့် လာရှိုးကို ညီနောင် မဟာမိတ် အဖွဲ့က သိမ်းယူရန် ပစ်မှတ်ထားလာပြီ ဖြစ်သည်။

 

လောက်ကိုင်တွင် လက်နက်ချ အညံ့ခံ လိုက်ရခြင်းသည် စစ်တပ်သမိုင်း တလျှောက်တွင် မကြုံစဖူး အောင် အကြီးမားဆုံး အရေးနိမ့်မှု ကြီး ဖြစ်သွားခဲ့ရသည်ဟု စစ်သမိုင်း သုတေသီ များ၏ မှတ်ချက်ကို လည်း ဧရာဝတီ တွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်သည် ထိုအရေး ကို အနည်ဆုံး အဖတ်ဆယ်၍ ရလိုရငြား ထုံးစံ အတိုင်း အာဏာရှင် ပြဋ္ဌာန်းစာအုပ် ပါ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော် သွေးခွဲရန် အရှက်ပြေ စီစဉ်လာပြန်သည်။

 

ဆိုရှယ် မီဒီယာ ပေါ်တွင် ထွက်ပေါ်လာသည့် MNDAA စစ်ဝတ်စုံ ဝတ်ထားသူ တဦးမှ စေတီ တဆူအား သံတူ တချောင်းဖြင့် ထုနေသည့် ရုပ်သံကို အကြောင်းပြု၍ မဟာမိတ် ညီနောင်များ အဖွဲ့က ဘာသာရေး အကြမ်းဖက်နေကြောင်း လှုံ့ဆော်လာခဲ့သည်။

 

ထိုဖြစ်ရပ် အပေါ် MNDAA ကလည်း တောင်းပန်ကြောင်း ဇန်နဝါရီ ၉ ရက်နေ့တွင် ပြည်သူများအား အသိပေးခဲ့ပြီး ဖြစ်သည်။

 

စဉ်းစားဆင်ခြင်နိုင်သူ မှန်သမျှ သည် ထိုဖြစ်စဉ် အပေါ် နားလည် ခွင့်လွှတ်နိုင်ခဲ့ကြသည်။ ညီနောင် မဟာမိတ် သုံးဖွဲ့တွင် ပါဝင်နေသည့် ရခိုင် နှင့် တအောင်း (ပလောင်) တိုင်းရင်းသား ကိုးဆယ် ရာခိုင်နှုန်းခန့်သည် မိရိုးဖလာ ဗုဒ္ဓဘာသာကို သက်ဝင် ကိုးကွယ်ယုံကြည်ကြသူများလည်း ဖြစ်သည်။ ကိုးကန့် တိုင်းရင်းသား အများစုသည် တာအိုဘာသာနှင့် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြပြန်သည်။

 

တပ်ဖွဲ့ဝင် တဦး ၏ လုပ်ရပ်မှန်း သိသိကြီးနှင့် တိုင်းရင်းသား အချင်းချင်း အကြား စိတ်အနာတရ ဖြစ်အောင် နှင့် MNDAA အား ကေအင်ယူ ကဲ့သို့ သွေးခွဲပြစ်ရန် ပက်စက်စွာ ကြံစည်ခဲ့ကြခြင်းပင် ဖြစ်သည်။

 

ထိုကိစ္စ အပေါ် နှစ်ရက်တိတိ ရန်ကုန်၊ မန္တလေးနှင့် လားရှိုး၊ တောင်ကြီး တွင် လှုံ့ဆော်ခဲ့ရုံမက စစ်တပ် ၏ ပြောခွင့်ရ ဇော်မင်းထွန်း မှ ကျန် ဗုဒ္ဓဘာသာ နိုင်ငံများကိုပါ စော်ကားခြင်းဟု မဆီမဆိုင် ဆွဲထည့်ကာ ပုံကြီးချဲ့ ပြောဆိုလာခဲ့သည်။

 

လောက်ကိုင် ဖြစ်စဉ် နှင့် ပတ်သက်ပြီး အင်အားကြီးမားလှပါသည် ဆိုသော စစ်တပ်ကြီးသည် လက်ပါးစေများ ဆွဲထုတ်ပြီး အဝေးကနေသာ ဆန္ဒပြနေရရှာတော့သည်။

 

စစ် ခေါင်းဆောင်များ တွင် နိုင်ငံရေး နှင့် စစ်ရေး အကြပ်အတည်းများ ကြီးမားလာလေလေ စောင့်စည်းရမည့် ကိုယ်ကျင့်သိက္ခာဟူ၍ တပြားတချပ် မှ မကျန်တော့ဘဲ မဲမဲမြင်ရာ ပတ်ရမ်းနေ ၍ လွန်စွာ အန္တရာယ်များလာနေပြီ ဖြစ်သည်။

 

တကယ်တမ်းတွင် ၎င်းတို့သည်သာ ထိုသို့ လုပ်ရပ်များ ကျူးလွန်နေသူများ ဖြစ်သည်ကို ထင်ရှားစေသည်က ၂၀၂၃ ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံတကာ ဥပဒေ ပညာရှင်များ ကော်မရှင်မှ ယခုထိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အပါအဝင် ခရစ်ယာန် နှင့် မွတ်ဆလင် ဘာသာရေး အဆောက်အအုံပေါင်း ၂၀၀ နီးပါး ကို စစ်တပ်မှ ဖျက်ဆီးခဲ့ပြီး ဖြစ်သည်ဟု မှတ်တမ်းမှတ်ရာများ ဖြင့် အတိအကျ ကမ္ဘာသိ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

 

ယခုအခါ ပြင်ဦးလွင် အနီးရှိ သံဘိုစခန်းကို သိမ်းပိုက် နိုင်ခဲ့သော TNLA နှင့် မန္တလေး PDF တပ်ပေါင်းစုသည် နောက်ဆုံး အထိုင်ချ စခန်းဖြစ်သည့် ပြင်ဦးလွင်-‌မိုးကုတ် ကားလမ်းမ အနီးရှိ ကျောက်မဲလေး စခန်းကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်‌‌ နေပြီ ဖြစ်သည်။

 

ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့များသည်လည်း ကရင်နီ ပြည်နယ်၏ ၈၀ ရာနှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့လေပြီ။ ထို့အတွက် နှစ်ပေါင်း ၇၅ နှစ်ကြာ တိုက်ခိုက်ခဲ့သည် ဆိုသော ကရင်အမျိုးသား အစည်းအရုံးအား ညီနောင် မဟာမိတ် အဖွဲ့များ နှင့် ကရင်နီ ကာကွယ်ရေး တပ်များက ၇၅ ရက်ဖြင့် မည်သို့ တိုက်ရသည် ဆိုသည်ကို သင်ကြားပြသ‌ နေသလား ထင်မှတ်ရသည်။ ကေအင်ယူ ဖက်ကလည်း ၎င်းတို့လောက် လက်နက်အင်အား မတောင့်တင်း၍ ဟု အသံ ထွက်လာနေသည်။

 

တရုတ် အစိုးရသည် လောလောဆယ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ အချိန်ကိုက် ကမ်းလှမ်းလာသည့် သံလွင်ခက်ကို ငြင်းပယ်နေဆဲ ဖြစ်ပြီး စစ်ကောင်စီအား ပစ်ပယ်ဦးမည် မဟုတ်သေးဟု ဟောင်ကောင် ထုတ် South China morning Post တွင် ရေးသားထားသည်။

 

မြန်မာ စစ်တပ်သည် တရုတ်၏ အကျိုးစီးပွားအား ကာကွယ်ပေးဖို့ အသာထားဘိဦး၊ ၎င်းတို့၏ အခိုင်အမာ တပ်စွဲထားသော စစ်စခန်းများကိုပင် တခုပြီး တခု လက်လွှတ်ပေးနေရသည့် အဖြစ်ကို တရုတ်တို့ သတိမပြုမိဘဲ နေမည် မဟုတ်၊ တော်လှန်ရေး သမား များက တရုတ် နှင့် ချစ်ကြည်ရေး ကို ထိန်းသိမ်းလိုသည့် သဘောဖြင့် ရှောင်ကွင်းနေ၍သာ သက်သာရာ ရနေခြင်း ဖြစ်သည်။

 

ထောက်လှန်းရေး သတင်းများ အဆိုအရ တရုတ်သည် ကိုးကန့်ရှိ ကျားဖြန့်ဂိုဏ်းများမှ လွတ်မြောက်လာသော ၎င်းတို့၏ နိုင်ငံသား များကို စစ်ကြောမေးမြန်းချက်များအရ မြန်မာစစ်တပ်သည် အဆိုပါ ဂိုဏ်းများ အပေါ် အမှီသဟဲ ပြုနေရသည့် အတိုင်းအဆ ကို သိသွားခဲ့ကြ၍လည်း အလန့်တကြား ဖြစ်သွားခဲ့ကြရသည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ‌ ဂျေဆန် တာဝါက ပြောသည်ဟု ပါရှိသည်။

 

သို့သော် တရုတ်သည် အာဏာသိမ်း အဖွဲ့ တည်မြဲနေသရွေ့ ၎င်းတို့၏ အားနည်းချက်များကို အခွင့်ကောင်း ယူကာ တရုတ် ကုမ္ပဏီ များ အတွက် အခွင့်ထူးများ ရအောင် ဆက်၍ နှိုက်ထုတ်နေဦးမည်သာ ဖြစ်သည်ဟုလည်း ဆိုသည်။

 

ဤသို့ဖြင့် အချိန်မရွေး စစ်ကောင်စီ ကို ဒုက္ခပေးနိုင်သော နိုင်ဖဲအား ဆုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!