မြန်မာနိုင်ငံသားများသည် အမေရိကန် အတွက် Persona non grata ဖြစ်နေပြီလော

by Hla Soewai - Feb 02 2020

သောကြာနေ့တွင် အမေရိကန်သို့ လာရောက်ခွင့် ထပ်မံ ကန့်သတ်လိုက်သည့် နိုင်ငံ ခြောက်နိုင်ငံ စာရင်းတွင် မြန်မာ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။ ကျန်နိုင်ငံများမှာ နိုင်ဂျီရီယား၊ အီရစ်ထရီယား၊ ဆူဒန်၊ တန်ဇန်နီယား နှင့် ယခင် ဆိုဗီယက် အုပ်စုဝင် ကာဂျီစတန် တို့ ဖြစ်သည်။

 

ယခု အခါ အမေရိကန်၏ ခရီးသွားလာခွင့် ပိတ်ပင်ခြင်း ခံရသော နိုင်ငံပေါင်း ၁၃ နိုင်ငံ ရှိသွားပြီ ဖြစ်သည်။

 

နိုင်ဂျီရီယား ၊ မြန်မာ၊ ကာဂျီစတန် နှင့် အီရစ်ထရီယား တို့မှ အမေရိကန်တွင် လာရောက် နေထိုင် ရန် လျှောက်ထားမည့် ရွှေပြောင်း ဗီဇာများနှင့် D-Visa lottery များ ခွင့်ပြု တော့မည် မဟုတ်ဟု သိရသည်။

 

အဆိုပါ ကန့်သတ်မှုများသည် ဖေဖေါ်ဝါရီ ၂၂ ရက် တွင် စတင် အကျုံးဝင်မည် ဖြစ်ပြီး ထိုကာလ မတိုင်မီ ရရှိထားသော ဗီဇာများ အကျုံးမဝင် ဟု ဆိုသည်။ ထိုအထဲတွင် ရွှေ့ပြောင်းနေထိုင်ခွင့် မဟုတ်သော ဗီဇာများ၊ ကျောင်းသား ဗီဇာများ၊ ကျွမ်းကျင် အလုပ်သမား ဗီဇာများ မပါဝင်ဟု သိရသည်။

 

ရွှေ့ပြောင်း နေထိုင်လိုသူများ အဖို့ အသနားခံစာ တင်သွင်းနိုင်သည်ဟုလည်း ဆိုသည်။ ယခင် ပိတ်ပင်ထားသော ၇ နိုင်ငံ မှာ အီရန်၊ ဆီရီယား၊ လစ်ဗျား၊ ဗင်နီဇွဲလား၊ မြောက်ကိုရီယား၊ ယီမင် နှင့် ဆိုမာလီယာ တို့ ဖြစ်သည်။ ယခုအခါ အမေရိကန် အစိုးရ၏ လျှို့ဝှက်ညွှန်ကြားလွှာဖြင့် အကောက်ခွန် နှင့် နယ်ခြား ကာကွယ်ရေး ဌာနမှ နာမည်ကြီး တက္ကသိုလ်များတွင် လာရောက် ပညာသင်ယူနေကြသော အီရန် ကျောင်းသားများကို လေဆိပ်မှ ပြန်လွှတ်နေသည်မှာ အယောက် ၅၀ ကျော်နေပြီ ဖြစ်သည်ဟု သိရသည်။

 

အချို့ နိုင်ငံများသည် အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ရေး အတွက် လုံခြုံရေး လိုအပ်ချက်များ အား ကျေနပ်အောင် လုပ်ပေးနိုင်ခြင်း မရှိသောကြောင့်ဟု ဆိုသည်။ အချို့မှာ အကြမ်းဖက် တိုက်ဖျက်ရေး နှင့် စပ်လျင်းသော သတင်းဖလှယ်ရေး အစီအမံများတွင် ကျေနပ်လောက်စွာ ပါဝင်ခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံကူးလက်မှတ် စာအုပ်များကို မွမ်းမံခဲ့ခြင်း မရှိသောကြောင့်ဟု ဆိုပြန်သည်။

 

၂၀၂၀ ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ ဒေါ်နယ် ထရန့်သည် သူ၏ နိုင်ငံရေး ပရိသာတ် အား စုစည်းလာသည့် လုပ်ရပ်တစိတ်တပိုင်း အဖြစ် မူဆလင် အများဆုံး နေထိုင်ရာ နိုင်ငံများကို ထပ်မံ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ကို အဘယ်ကြောင့် ထည့်သွင်းထားသည်ကို မသိရသေးသည့်အပြင် အမေရိကန် အစိုးရ တာဝန်ရှိသူများထံမှလည်း တစွန်းတစမှ ထွက်ပေါ်လာခြင်းမရှိပေ။ သို့သော် မြန်မာပြည်ရှိ အမေရိကန် သံရုံးကမူ ပြေရာပြေကြောင်း ကြေညာချက်တစောင် ကို အမြန်ဆုံး ထုတ်ပြန်ခဲ့သည်။

 

 

မြန်မာ နှင့် နိုင်ဂျီရီယား ကို စာရင်းထဲ ထည့်သွင်းမှုအတွက် အမေရိကန် သုတေသီ များ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ နိုင်ဂျီရီယားသည် ၎င်းနိုင်ငံရှိ ဘိုကို ဟာရမ် စစ်သွေးကြွ များ နှင့်အိမ်နီးချင်းနိုင်ငံများတွင် ခြေကုပ်ယူနေသော IS များကို နှိမ်နှင်းရာ စစ်ရေး ၊ ထောက်လှမ်းရေး ဖက်များ၌ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံ လည်း ဖြစ်သည်။ မြန်မာ သည် တရုတ် ၏ ခါးပတ်လမ်း စီမံကိန်းကို တန်ပြန်မည့် အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အရ လွန်စွာ အရေးပါသော နိုင်ငံ ဖြစ်နေသည်။

 

အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနရှိ အထက်တန်း အရာရှိကြီး တဦးက အဆိုပါ နိုင်ငံများသည် နိုင်ငံ နှင့် အများပြည်သူ လုံခြုံရေး အတွက် ထရန့် အစိုးရမှ ချမှတ်ထားသော လုံခြုံရေး သတင်း မျှဝေရာတွင် ပူးပေါင်း ဆောင်ရွက်ခဲ့မှု မရှိခြင်း သို့မဟုတ် ဆောင်ရွက်နိုင်စွမ်း မရှိမှုတို့ကြောင့် ဖြစ်သည်ဟု ဆိုပေသည်။

 

၁၉၇၅-၂၀၁၇ အတွင်း အမေရိကန် မြေပေါ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရမှုများအနက် ၀.၅၆% သည် ဂရင်းကပ် ကိုင်ဆောင်ထားသူများက ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ၄၂ နှစ် ကာလအတွင်း ယခု ပိတ်ဆို့လိုက်သော ခြောက်နိုင်ငံမှ နိုင်ငံသားများ ပါဝင်ခဲ့သော အရည်အတွက်သည် ၁၁ ယောက်သာ ရှိပြီး တယောက်သာ ဂရင်းကပ် ကိုင်ဆောင်ထားသူ ဖြစ်နေ၏၊ ၎င်းတို့ တိုက်ခိုက်မှုကြောင့် အမေရိကန် နိုင်ငံသား ၆ ဦးသာ သေဆုံးသွားခဲ့ရသည်ဟု  Cato Institute’s Center for Global Liberty and Prosperity မှ လူဝင်မှု ပိုင်း ဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ Alex Nowrasteh ၏ အသေးစိတ် လေ့လာဆန်းစစ်ချက် အစီရင်ခံစာမှာ ဖေါ်ပြထားပြန်သည်။

 

နောက်ဆုံး ကောက်ချက် ချရလျှင် ကမ္ဘောဒီယားကဲ့သို့ လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေယုံမက တရုတ် လက်အောက်ခံ တပိုင်းဖြစ်နေသောနိုင်ငံကို ဖယ်ပြီး မြန်မာ ကို ရွေးချယ် ထည့်သွင်းလိုက်သဖြင့် ထရန့်၏ ဗီဇာ ပိတ်ပင်ခြင်းသည် မူဆလင် နိုင်ငံများကိုသာ ရည်ရွယ်နေတာ မဟုတ်ဆိုသည်ကို ပြသလိုယုံသာမက ၎င်းတို့အားလည်း ဖြေဆေး ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

ယမန်နှစ်အတွင်း မြန်မာ ဒုက္ခသည် ၅,၀၀၀ ခန့် သည် အမေရိကန်တွင် ဘဝသစ် ထူထောင်ခဲ့ပြီး ဖြစ်သည်။ အချို့ မိသားစုနှင့် ပြန်လည် ဆုံစည်းရန် ကြိုးပမ်းနေသူများ အခက်တွေ့လာနေရပြီ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းရှိ ဒုက္ခသည်များ၏ မျှော်လင့်ချက်များလည်း ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။ အမေရိကန်တွင် ကျောင်းတက်ပြီး အခြေချနေထိုင်ရန် ကြိုးစားမည့် မြန်မာ ကျောင်းသားများ အဖို့လည်း အလုပ်မရက ပြည်တော်ပြန်ရပေမည်။

 

အမေရိကန် သံရုံးက မည်မျှပင် ပြေရာ ပြေကြောင်း ပြောနေစေကာမူ မြန်မာ အဖို့က မိမိတို့ နိုင်ငံသားများကို persona non grata ခေါ် မလိုလားအပ်သူများ အဖြစ်၊ကမ္ဘာသိ ကြေငြာ လိုက်သော အမေရိကန် အဖြစ် ၊ မှတ်ယူကြတော့မှာ ဖြစ်ပြီး မိမိကို လက်ကမ်း ကူညီနေမည့် အာရှ နိုင်ငံများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားကြဖို့သာ ရှိပေတော့သည်။

 

လူအခွင့်အရေး အဖွဲ့များ အပြင် ဒီမိုကရက် များကပါ အဆိုပါ ပိတ်ပင်မှု ကို အပြင်းအထန် ဆန့်ကျင်လျှက် ရှိနေကြသဖြင့် ၎င်းတို့ ပါတီမှ သမ္မတ ရွေးချယ်ခံရပါလျှင် အဆိုပါ ပိတ်ဆို့မှုကို ပယ်ချက်မှာကလည်း ကြိမ်းသေနေပေသည်။