၂၀၂၄ ကမ္ဘာ ဒိုင်ယာရီ စာမျက်နှာ (၂)

by Hla Soewai - Jan 09 2024

ရုရှား စိန်လုပ်ငန်း ထိခိုက်လာပြီ ဖြစ်

 

ဇန်နဝါရီ ၁ ရက်နေ့တွင် ချမ်းသာသော နိုင်ငံများ အဖွဲ့ G-7 နှင့် အီးယူ သည် ရုရှား မှ ထွက်ရှိသော စိန်ရိုင်း များ တင်သွင်းမှု ကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ ၂၀၂၂ အတွင်း ရုရှား စိန်ထွက်ရှိမှုသည် တကမ္ဘာလုံး အတိုင်းအတာ၏ သုံးပုံ တပုံခန့် ရှိနေသည်။

 

ဇန်နဝါရီ ၃ ရက်တွင် အီးယူသည် ရုရှား အစိုးရပိုင် စိန်တူးဖေါ်ရေး ကုမ္ပဏီ နှင့် အကြီးအကဲ ဖြစ်သူအား စီးပွားရေး ‌ဒဏ်ခတ်သည့် စာရင်းထဲ ထည့်သွင်းခဲ့ပြန်သည်။

 

ယင်းသည် ရုရှား စိန်လုပ်ငန်းကို အပြီးအပိုင် ဒဏ်ခတ်မည့် ကနဦး အစီအစဉ်လည်း ဖြစ်သည်။ မတ်လ တွင် G-7 နှင့် အီးယူသည် ရုရှား တွင် ဖြတ်တောက်ပြီး ပြည်ပတွင် သွေးထားသော စိန် အချောထည်များ အားလုံးကို ပိတ်ပင်သွားမည် ဖြစ်သည်။ ထို့အတွက် အမေရိကန်၊ ဂျပန် နှင့် ဥရောပ သို့ တင်သွင်းမည့် စိန် မှန်သမျှသည် မည်သည့် နိုင်ငံမှ ထွက်ရှိသည် ဆိုသော စာရွက်စာတမ်းများ တင်ပြရတော့မည် ဖြစ်သည်။

 

ယင်းနှင့်အတူ ကမ္ဘာစိန် ရောင်းဝယ်ရေး လုပ်ငန်းသည် ဆယ်စု နှစ်ပေါင်းများစွာ အတွင်း အကြီးမားဆုံး ပြောင်းလဲမှု ကြီး ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။ အနောက်အုပ်စု မှ အဘယ်ကြောင့် ယခုအချိန်အထိ စောင့်နေခဲ့ရသနည်း နှင့် ကမ္ဘာတလွှား မည်သို့ ရိုက်ခတ်လာနိုင်သည်လဲ ဆိုသည့် မေးခွန်း ထွက်ပေါ်လာခဲ့သည်။

 

ရုရှားသည် စိန် တူးဖေါ်ရေး မှ နှစ်စဉ် ဒေါ်လာ ၄.၅ ဘီလီယံ ခန့် ဝင်ငွေ ရရှိနေသည်။ ထိုပမာဏ သည် ၎င်းတို့ ရေနံ နှင့် ဓါတ်ငွေ့မှ ရရှိသော ဝင်ငွေ နှင့် နှိုင်းစာလျှင် မပြောပလောက်ဟု ဆိုရမည် ဖြစ်သည်။ အနောက်အုပ်စု မှ မည်မျှပင် ပိတ်ဆို့ထားစေကာမူ ၂၀၂၂ အတွင်း ရေနံ ဓါတ်ငွေ့မှ ဒေါ်လာ ၃၈၄ ဘီလီယံ ရရှိနေဆဲပင် ဖြစ်သည်။

 

ရုရှား စိန်များအား ပိတ်ပင်လိုက်ခြင်းသည် ရုပ်ပြသဘောမျိုးသာဟု ပြော‌၍ ရသလို လက်တွေ့လည်း ကျသည်ဟု ဆိုရမည် ဖြစ်သည်။

 

ရုရှား စိန်များ အားလုံး နီးပါးသည် ဆိုက်ဘေးရီယား လွင်ပြင်ကြီးမှ ထွက်ရှိပြီး အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိသော အယ်ရိုဆာ ကုမ္ပဏီမှ လက်ဝါးကြီး အုပ်ထားသည်။ ရုရှား ဘဏ္ဍာရေး ဝန်ကြီး အန်တွန် ဆူလီယာနော့သည် ကုမ္ပဏီ ဘုတ်အဖွဲ့၏ ဥက္ကဌ လည်း ဖြစ်သည်။

 

အနောက်တိုင်း အစိုးရများသည် အယ်ရိုဆာအား ရုရှားတို့ ယူကရိန်းအား စတင် ကျုးကျော်ခဲ့သည့် ၂၀၂၂ မှစပြီး စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် ယခုထိ ကြီးကြီးမားမား ထိခိုက်အောင် လုပ်နိုင်ခဲ့ခြင်း မရှိသေးပေ။

 

၂၀၀၃ တွင် ကုလသမဂ္ဂ၏ စစ်ပွဲ ဖြစ်ပွားရာ ဇုံများ အတွင်း တူးဖေါ်ရခဲ့သည့် စိန်များအား "သွေးစွန်းနေသော စိန်" များအဖြစ် သတ်မှတ်ခဲ့သည့် ကင်ဘာလီ လုပ်ငန်းစဉ်သည်လည်း မည်သို့မျှ မတတ်နိုင်ခဲ့။ ထိုလုပ်ငန်းစဉ် အား ဘုံသဘောတူညီချက် ဖြင့် အကောင်အထည် ဖေါ်ရမည် ဖြစ်ရာ ရုရှားတွင် ဗီတို အာဏာ ရှိနေ၍ အလုပ် မဖြစ် ပြန်ပေ။ 

 

အမေရိကန် နှင့် ဗြိတိန်သည် စစ်ပွဲကြီး စတင်ပြီး မကြာမီ မှာပင် ရုရှား စိန်ရိုင်းများ တင်သွင်းမှု ကို ပိတ်ပင်ခဲ့သည်။ သို့သော် ယခုလို တညီတညွတ်တည်း ပိတ်ပင်ဖို့ အထိ ရောက်အောင် ‌ဆွေးနွေးညှိနှိုင်းနေ၍ ကြန့်ကြာခဲ့ရခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် ဥရောပ စိန်လုပ်ငန်း များ ထွန်းကားရာ ဘဲလ်ဂျီယံ ရှိ အင်တွပ် မြို့ စိန်ကုန်သည်ကြီးများမှ ၎င်းတို့၏ အစိုးရအား အတင်းအကျပ် လော်ဘီ လုပ်ကန့်ကွက် နေကြသောကြောင့် ဖြစ်သည်။

 

ရုရှားသည် ထွက်ရှိလာသည့် စိန် ရိုင်းပမာဏ ၏ ၉၀ ရာနှုန်းအား သွေးရန် အိန္ဒိယ သို့ တင်ပို့ခဲ့သည်။ ထို့နောက်တွင် အချောကိုင် ပြီး စိန် များကို အမေရိကန် နှင့် ဗြိတိန်သို့ တင်ပို့ ရောင်းချခဲ့သည်။ အယ်ရိုဆာ ကုမ္ပဏီ၏ ၂၀၂၃ ဩဂုတ်လ စာရင်းရှင်းတမ်းတွင် ရောင်းအား တက်လာသည်ကို တွေ့ရသည်။

 

ယခု ပြဋ္ဌာန်းလိုက်သော ပိတ်ဆို့ဒဏ်ခတ်မှု ကြောင့် အဆိုပါ ဂယ်ပေါက်ကို ပိတ်ဆို့ လိုက်နိုင်ပြီ ဖြစ်ပြီး ရုရှား စိန်များ ဥရောပဈေးကွက်သို့ မည်သည့် နည်းနှင့်မျှ ဝင်ရောက်ခွင့်မရ ဖြစ်သွားခဲ့သည်။

 

စစ်ပွဲ အစပိုင်းတွင် ရုရှား ရေနံနှင့် ဓါတ်ငွေ့အား အလားတူ ပိတ်ဆို့ခဲ့သော်လည်း သက်ရောက်မှု မဆိုသလောက်သာ ရှိခဲ့သည်။ စိန်သည် အကြိမ်ပေါင်း များစွာ လက်ပြောင်းလက်လွှဲ လုပ်ပြီးမှ ရတနာ ကုန်သည်များ ထံ ရောက်လာတတ်၍ ထိထိရောက်ရောက် ပိတ်ပင်နိုင်ရန် ခက်ခဲနေရသည်။

 

နိုင်ငံ အသီးသီး မှ စိန်များကို ရောနှော သွေး ပြီး အချောကိုင်ကာ "mixed origin" ဟု လည်း ပြောနိုင်နေသည်။

 

ယခု ပိတ်ဆို့မှုအား အကောင်အထည် ဖေါ်မည့် နိုင်ငံတိုင်းသည် ရောင်းချမည့် စိန်များ ၏ အရင်းအမြစ်သည် ရုရှား နှင့် ပတ်သက်မှု ရှိမရှိ ရှင်းလင်းပြသရတော့မည် ဖြစ်သည်။ စိန်ကုန်သည်များ အဖို့လည်း လွန်စွာ သတိထားရဖို့ ဖြစ်လာခဲ့သည်။ ကြားခံ အဖွဲ့အစည်း တခုမှ ကင်းရှင်းကြောင်း ထောက်ခံပေးရမည့် စနစ်မျိုး ရှိလာနိုင်၍ စိန်တန်ဖိုးသည် လက်ရှိထက် မြင့်တက်လာနိုင်သည်။

 

ရုရှား စိန်လုပ်ငန်းသည် အတိုင်းအတာ တခုအထိ ထိခိုက်သွားနိုင်သော်လည်း မူလ လက်ဟောင်း ‌

ဖေါက်သည်များ ရှိရာ အိန္ဒိယ နှင့် တရုတ်ဖက်သို့ လှည့်သွားနိုင်သည်။

 

ယခင်က ကင်ဘာလီ လုပ်ငန်းစဉ်ကြောင့် အာဖရိက ရှိ သူပုန်များ စိန်ကို ရောင်းချ ရံပုံငွေ ရှာမှုများ ရပ်ဆိုင်းသွားခဲ့သည်။

 

ယခုအခါ ရင်းမြစ်ကို ရှာဖွေ ဖေါ်ထုတ်ရဖို့ ဖြစ်လာ၍ အခြားနိုင်ငံများမှ စိန်များကို သုံးလာရဖို့ ရှိနေသည်။ ကမ္ဘာစိန်လုပ်ငန်း တွင် ယခင်ကထက် ပို၍ ပွင့်လင်းမြင်သာမှု များ ရှိလာတော့မည် ဖြစ်သည်။

 

(၂၀၂၄ ဇန်နဝါရီ ၄ ရက် နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "How sanctions on Russia will change the diamond trade" မှ ကောက်နှုတ် တင်ပြသည်။)