နိုင်ငံတကာ ရေးရာ မိတ်ဆက်(21)

by Hla Soewai - Jan 09 2024

#နိုင်ငံတကာရေးရာမိတ်ဆက် _ (၂၁)

 

နောက်ထပ် မဖြေရှင်း နိုင်သေးပဲ ရှိနေဆဲ ဖြစ်သော စိန်ခေါ်လာမှု တခု သည်ကား ဆိုက်ဘာ အာကာသ နယ်ပယ်တွင် ယှဉ်ပြိုင်လာကြသည့် အရေးပင် ဖြစ်သည်။ သမု‌ဒ္ဒရာ နှင့် အာကာသကဲ့သို့ အများနှင့် သက်ဆိုင်သော နယ်ပယ်များ တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများသည် အတိုင်းအတာ တခုထိ ရှိနေရမည် ဖြစ်သည်။

 

သို့သော် ခေတ်မီတိုးတက်လာနေသော လူ့အဖွဲ့အစည်းကြီး၏ နေတ‌‌ဒူဝ လုပ်ငန်းဆောင်ဝာာများ၊ စီးပွားရေး၊ စစ်ရေး နှင့် အစိုးရများ အတွက် လွန်စွာ ပဓာန ကျလာနေသည့် ဆိုက်ဘာ အာကာသ နယ်ပယ်တွင် အများအားဖြင့် စည်းမျဉ်းစည်းကမ်းများ ဖြင့် ထိန်းချုပ်ထားမှု မရှိပဲ လက်လွတ်စပယ် ဖြစ်နေသည်ကို တွေ့ရသည်။

 

နိုင်ငံများ အကြား တရားဝင် သဘောတူညီချက် မျိုး မရှိ၊ စည်းမျဉ်း ဟူ၍ အနည်းငယ်မျှသာ ရှိထားသော်လည်း မဖြစ်မနေ လိုက်နာရန်လည်း သက်ရောက်နိုင်သည့် ဩဇာအာဏာမျိုးလည်း မရှိပေ။

 

ထိုသို့ ဖြစ်လာနိုင်သည့် အလားအလာများ မတွေ့ရသေးသည်သာမက ရှိနှင့်ပြီးသား များပင် တစထက်တစ ပျက်ပြားလာနေသည်။ ထိုသို့ဖြစ်လာရခြင်းမှာလည်း သိပ္ပံပညာရှင်များ၊ နည်းပညာ ကုမ္ပဏီများ၊ အင်တာနက် အသုံးပြုသူများ အကြား ပွင့်လင်းမြင်သာစွာ ဖြင့် အေးအေးလူလူ လုပ်ကိုင် အသုံးပြုနေသည်ကို အစိုးရ များက ဝင်ရောက် စွက်ဖက် ဩဇာ လွှမ်းလာသောကြောင့်လည်း ဖြစ်သည်။

 

ဥပမာအားဖြင့် တရုတ်မှ ၎င်းတို့ အတွက် နိုင်ငံရေး အရ အန္တရာယ်များစေသည့် အကြောင်းအရာ များအား Great Firewall ဖြင့် ဆင်ဆာလုပ် ပိတ်ပင်လာခြင်း၊ ဥရောပ နိုင်ငံများမှ ကိုယ်ကျင့်တရား ထိခိုက်နိုင်သော ညစ်ညမ်း မှုများ ပါဝင်သည့် အကြောင်းအရာများ အား တိုး၍ ကန့်သတ်လာခြင်းမျိုး တို့ ဖြစ်သည်။

 

အမေရိကန် နှင့် အစ္စ‌‌ ရေး တို့မှ အင်တာနက် ကို သုံး၍ အီရန်၏ နျူကလီယား စီမံကိန်းများ နှောင့်နှေးသွားစေရန်၊ မပျံ့ပွားစေရန် နှင့် မြောက်ကိုရီယား၏ ရန်လို‌ သော အပြုအမူများကို လက်တုန့်ပြန်နိုင်ရန် ကြိုးပမ်းမှုများ ရှိလာခဲ့သည်။ မြောက်ကိုရီယားသည် ၎င်းတို့၏ ခေါင်းဆောင်ကြီးအား သရော်ထားသည့် The Interview ရုပ်ရှင် ကြောင့် ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သော Sony Pictures အား ဆိုက်ဘာမှ တိုက်ခိုက်လာခဲ့သည်။ အလားတူ ရုရှားသည်လည်း ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို လိုသလို ပုံသွင်းရန် အင်တာနက်ကို အသုံးချလာခဲ့သည်။

 

နောက်တခုသည် ဆက်သွယ်ရေး ဂြိုလ်တုများ အားလုံး လက်ခံပေးထားသည့် အာကာသ နယ်ပယ်ကြီး ဖြစ်သည်။ အာကာသ သည် တနေရာမှ တနေရာသို့ အလွယ်တကူ သွားလာနိုင်ရန် လမ်းပြပေးသည့် Global Position System (GPS) စနစ်၊ ရာသီဥတု ခန့်မှန်းရေး နှင့် စစ်ဖက်သုံး လုပ်ငန်းများ အတွက် မရှိမဖြစ် လိုအပ်လာသည်။

 

ယခုအခါ အာကာသ ပတ်လမ်းကြောင်းထဲတွင် လွှတ်တင်ထားသော ဂြိုလ်တုပေါင်း ၂,၀၀၀ ခန့် ရှိနေပြီး ယင်းနှင့် အတူ ပျက်စီးသွားသော ဂြိုလ်တုများ၏ အပိုင်းအစ များသည်လည်း လည်း ပတ်လမ်းကြောင်းထဲတွင် အတော်များများ လှည့်ပတ်နေပြီး အကောင်းပကတိ ရှိနေသော ဂြိုလ်တုများ နှင့် တိုက်မိက ပျက်စီးသွားမည့် အန္တရာယ်လည်း ရှိနေသည်။

 

၁၉၆၇ တွင် ပြင်ပအာကာသ စာချုပ် တခု ချုပ်ဆိုနိုင်ခဲ့ သော်လည်း ယင်းသည် အာကာသ ပတ်လမ်းကြောင်း သို့မဟုတ် လပေါ် နှင့် အခြား

ဂြိုလ် များ ပေါ်တွင် အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေမည့် လက်နက်များ ချထာခြင်းအား တားမြစ်သည့် စာချုပ်သာ ဖြစ်သည်။

 

သို့သော် ဂြိုလ်တုဖျက် လက်နက်များ၊ အဖိုးတန် သတ္တုရိုင်းများ အား ဂြိုလ်သိမ် ဂြိုလ်မွှား များ တွင် ရှာဖွေခြင်းမျိုးကို စီမံခန့်ခွဲပေးနိုင်မည့် လုပ်ထုံးလုပ်နည်းများလည်း မပါဝင်ခဲ့ပေ။

 

အတိုချုပ် ပြောရမည် ဆိုလျှင် အာကာသ သည် ကြီးထွား လာနေသော စီးပွားရေး၊ စစ်ရေး ယှဉ်ပြိုင်မှုများကို အတားအဆီး မရှိ လုပ်ခြင်ရာ လုပ်ခွင့်ရလာနေသော နယ်မြေကြီး ဖြစ်လာခဲ့သည်။ အမေရိကန်သည် ၂၀၁၈ တွင် အာကာသထဲတွင် ၎င်းတို့ လက်နက်ကိုင် တပ်များ၏ အမှတ် (၆) စစ်ဌာနချုပ် ကြီး တည်ဆောက်ရန် ဆုံးဖြတ်လိုက်ခြင်းကပင် ကိုယ့်သဘော နှင့် ကိုယ် လုပ်ခြင်ရာ လုပ်နိုင်သည် ဆိုသည်ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ဒေသအလိုက် ဖြစ်ပေါ်လာခဲ့မှုများ

 

စစ်အေး တိုက်ပွဲ အလွန် ကာလတွင် ဒေသအလိုက် တိုးတက်မှု ရှိလာသော်လည်း ညီတူမျှတူ ဖြစ်လာခဲ့သည်တော့ မဟုတ်ပေ။ ထိုအထဲတွင် အအောင်မြင်ဆုံး ဖြစ်လာခဲ့သည့် ဒေသသည် အာရှ-ပစိဖိတ်ပင် ဖြစ်သည်။ ယင်းသည် စီးပွားရေး အဆင့်အတန်း မြင့်မားလာခြင်း နှင့် ဒေသတွင်း နှင့် နိုင်ငံများ အကြား တည်ငြိမ်မှု ရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် တရုတ်၏ အဆင့်အတန်းသည်ပင် ငြိမ်းငြိမ်းချမ်းချမ်း နှင့် ထိုးတက်လာခဲ့သည်။

 

သို့သော် လုံခြုံရေး ပိုင်းတွင် အကြီးမားဆုံး ဟာကွက် ကြီး အဖြစ် ကျန်ရှိနေသည်က မြောက်ကိုရီယားမှ နျူကလီယား လက်နက်များ နှင့် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်နေမှု ကို မဟန့်တား နိုင်သေးခြင်းပင် ဖြစ်သည်။

 

အောင်မြင်မှု အနည်း ဆုံး ဒေသသည်ကား အရှေ့အလယ်ပိုင်းပင် ဖြစ်သည်။ စစ်အေး တိုက်ပွဲ အလွန်ကာလကို အီရတ်မှ ကူဝိတ်အား ကျူးကျော်ခဲ့မှု ဖြင့် စတင် ဖွင့်လှစ်ခံခဲ့ရသည်။ ဆက်ဒမ် ဟူစိန်၏ ကျုးကျော်မှု ကို တွန်းလှန် နိုင်ခဲ့သော်လည်း ၎င်းသည် အာဏာတွင် ဆက်လက် တည်မြဲနေခဲ့သည့်နည်းတူ ဒေသတွင်းရှိ အခြား အာဏာရှင်များလည်း ရာဇပလ္လင်တွင် ဆက်၍ ရှိနေခဲ့သည်။

 

အစ္စရေး နှင့် ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းမှုများသည်လည်း ပျက်ပြားလုနီနီး ဖြစ်လာခဲ့ရသည်။ အမေရိကန်သည် ၂၀၀၃ တွင် ဆက်ဒမ် ဟူစိန်အား ဖယ်ရှားလိုက်ခြင်းကြောင့် အီရတ် နှင့် စစ်ဖြစ်နေသည့် အနေအထား ဖြစ်သွားခဲ့သည်။ အီရန်သည် ၎င်း၏ အဓိက ရန်ဖက် ဖြစ်သော အီရတ် အားပျော့သွားပြီ ဖြစ်၍ ဒေသတွင်း ခြေတံ လက်တံများ ဆန့်ထုတ်လာခဲ့သည်။

 

၂၀၁၀ ကုန်ပိုင်းလောက်မှစ၍ အရှေ့အလယ်ပိုင်းသည် အာရပ်နွေဦး နှင့် စတင် မြည်းစမ်းခွင့်ရလာခဲ့သည်။ ကန့်ကွက် ဆန္ဒပြမှု များ နှင့် စတင်ခဲ့ပြီးနောက် အာရပ်နိုင်ငံ အများအပြား တွင် ရှည်လျားသော ပြည်တွင်းစစ်ပွဲကြီးများ ဖြစ်ပွားလာခဲ့သည်။ ထိုပြည်တွငိးစစ်များသည် ပြင်ပ အင်အားစုများကြောင့် ပို၍ ဆိုးဝါးလာခဲ့သလို၊ အာဏာရှင်များ၏ နောက်တကြိမ် ပြန်၍ အုပ်ချုပ်ခြင်းကိုလည်း ခံခဲ့ရသည်။

 

လူသားတို့ ကြုံတွေ့ ရင်ဆိုင်ရသော ဒုက္ခဆင်းရဲများသည် လည်း အဆမတန် ကြီးမားလာခဲ့မှု နှင့် အတူ ဖွံ့ဖြိုးရေး ပိုင်းတွင်လည်း ကျန် ကမ္ဘာနိုင်ငံများနောက် တွင် အပုံကြီး ပြတ်ကျန် သွားခဲ့ရသည်။

 

စစ်အေးတိုက်ပွဲ အပြီး ပထမ ရာစုနှစ်တွင် ဥရောပသည် ငြိမ်းချမ်းပြီး ဒီမိုကရေစီ ထွန်းကားကာ စီးပွား‌ ရေး အရ တိုးတက် ဖြစ်ထွန်းလာမည့် ဒေသအဖြစ် တာစူလာခဲ့သည်၊ ဥရောပ သမဂ္ဂ အီးယူအား တိုးချဲ့ဖွဲ့စည်းလာသည်၊ အဖွဲ့ဝင်နိုင်ငံ အရည်အတွက်သည် တဒါဇင်ခန့် ရှိခဲ့ရာမှ နှစ်ဆကျော််အထိ များပြားလာခဲ့သည်။ ငွေကြေး စနစ် အသစ် အဖြစ် ယူရိုအား တီထွင်ပြီး အဖွဲ့ဝင် နိုင်ငံအားလုံး၏ ဘုံငွေကြေး အဖြစ် သတ်မှတ် ပြဋ္ဌာန်း နိုင်ခဲ့သည်။ နိုင်ငံခြားရေး မူဝါဒ ပိုင်းတွင်လည်း အဖွဲ့ဝင် နိုင်ငံများ အတွက် ကိုယ်စားပြု ချမှတ် ကျင့်သုံးလာခဲ့သည်။