၂၀၂၄ သည် အာဏာသိမ်းအဖွဲ့၏ နောက်ဆုံးရက်များ ဖြစ်စေရမည်ဟု NUG နှင့် တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များ ပြော

by Hla Soewai - Jan 09 2024

အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ်၊ ချင်း လန်း ကောင်စီ၊ ကရင် အမျိုးသား သမဂ္ဂ ခေါင်းဆောင်များမှ ၎င်းတို့၏ နှစ်သစ်ကူး မိန့်ခွန်း များထဲတွင် စစ်အာဏာသိမ်း အဖွဲ့၏ နေဝင်ချိန်သည် နီးကပ်လာနေပြီဖြစ်ပြီး ၂၀၂၄ အတွင်း အဆုံးသတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု အသီးသီး ပြောကြားသွားခဲ့သည်။

 

ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မှ တော်လှန်ရေး တပ်များ နှင့် ပြည်သူလူထု အတူတကွ ပူးတွဲတိုက်ခိုက်လာမှု အောက်တွင် စစ်ကောင်စီသည် ပြိုလဲကျဆင်းလာနေပြီဟု ဆိုသည်။

 

၂၀၂၄ သည် အပြောင်းအလဲများ ကို ဖေါ်ဆောင်လာမည့် နှစ်ဖြစ်၍ ပြည်သူလူထု အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ကြုံတွေ့လာမည့် အခက်အခဲများကို ကြံ့ကြံခံ သွားကြဖို့လည်း တိုက်တွန်းသွားခဲ့သည်။

 

ချင်း လန်းကောင်စီ ဥက္ကဌ ပူဇင်ခန်မှ ၂၀၂၄ သည် ချင်းပြည်သူများ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် အခွင့်အလန်းများ ထွက်ပေါ်လာမည့် အရေးကြီးသော နှစ် ဖြစ်သည်ဟု ဆိုသည်။

 

မြို့ပေါင်း ၁၂ မြို့၊ စစ်စခန်းပေါင်း ၄၀၀ ခန့်အား သိမ်းပိုက်ထားပြီး ဖြစ်သည့် ညီနောင် မဟာမိတ် အဖွဲ့မှ ယခုနှစ် အတွင်း ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ရန် ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူဝါ လရှီလ မှ တော်လှန်ရေးသည် တောင်တန်းများမှသည် မြေပြန့်အထိ နယ်မြေ စိုးမိုးမှု ရအောင် အရှိန်မြှင့် တိုက်ခိုက်လာနေပြီ ဖြစ်၍ စစ်အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်းသည် တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

ကေအင်ယူ ပြောခွင့်ရ ပဒို စောတောနီးမှလည်း ပြည်သူများ အနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နှင့် အတူ ရပ်တည်ပြီး အာဏာသိမ်း အဖွဲ့အား ဖြုတ်ချရန် တိုက်တွန်းသွားခဲ့သည်။

 

မြန်မာပြည်တွင် စစ်ဝါဒ ထွန်းကားနေသရွေ့ မိမိတို့၏ သိမ်းပိုက်နယ်မြေများ အတွင်း ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့်နှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်သွားနိုင်ခွင့်ကို အမြဲလို ခြိမ်းခြောက်ခံနေရမည် ဆိုသည်ကို တိုင်းရင်းသား ခေါင်းဆောင်များက ကောင်းစွာ သဘောပေါက် ထားပြီး ဖြစ်သည်။

 

ထိုသို့ တော်လှန်ရေး ၏ တရိပ်ရိပ် နှင့် အောင်မြင်လာမှု များကို ကြည့်၍ မင်းအောင်လှိုင်သည် မည်မျှပင် စကားတန်ဆာ သုံး၍ ဝါဒဖြန့် ပြောဆိုနေစေကာမူ ၎င်းတို့အမြင် တွင် စစ်ကောင်စီ၏ ကျရှုံးခန်းကို ရှင်းလင်း ပြတ်သားစွာ မြင်လာရပြီ ဖြစ်၍ ယခုအချိန်ထိ လက်နက်အားကိုး ပြီး အာဏာကို အတင်းတွယ်ကပ်နေသည့် အဖွဲ့အစည်း သက်သက်သာ ဖြစ်သည်ဟု ယူဆနေကြပြီလည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ၏ ဇန်နဝါရီ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော အချက် ၁၀ ချက်ပါ တရုတ်ပြည် အပေါ် သ‌ဘောထား ကြေငြာချက် စာတမ်းတွင် တရုတ်နိုင်ငံသည် မြန်မာ နှင့် နက်ရှိုင်းသော သမိုင်းအစဉ်အလာ ရှိခဲ့၍ မြန်မာ၏ အထူး အရေးပါသော နိုင်ငံ အဖြစ် မှတ်ယူထားကြောင်း၊ တရုတ် တနိုင်ငံတည်း မူကိုလည်း လက်ခံကြောင်း၊ ရှေ့‌လျောက်လည်း အပြန်အလှန် နားလည် ယုံကြည်မှု နှင့် လက်တွဲပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ အကျိုး ဖြစ်ထွန်းနိုင်မှု ကို ရှေးရှူ၍ နိုင်ငံတွင်းရှိ တရုတ်နိုင်ငံ မှ ရင်းနှီးမြုပ်နှံထားသည့် လုပ်ငန်းများကို ကာကွယ်ပေးသွားမည် ဖြစ်ကြောင်း အစရှိသဖြင့် ပါရှိခဲ့သည်။

 

ထို့ပြင် ၂၀၂၁ အာဏာမသိမ်းမီ နှစ်နိုင်ငံ အကြား ချုပ် ဆိုခဲ့သော နယ်နမိတ် သ‌ဘောတူညီချက်များ နှင့် အခြား လက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းများ အား ဆက်၍ လိုက်နာသွားမည်ဟု လည်း ပါရှိသည်။

 

NUG သည် တရုတ်ပြည် နှင့် ပတ်သက်၍ ထိုကဲ့သို့ သဘောထား ကြေငြာချက်မျိုး ထုတ်ပြန်ခဲ့ဖူးခြင်း မရှိခဲ့ပေ၊ ယခုအခါ ထိုကြေငြာချက်ကြောင့် ၎င်းတို့ နောက်ကွယ်တွင် တရုတ် နှင့် NUG အကြား မည်သို့သော သ‌ဘောတူညီချက်မျိုး ရထားပြီး ပြီလဲ ဆိုကာ ရတက်မအေးစရာ ဖြစ်လာပေတော့မည်။

 

တရုတ် နိုင်ငံ အနေဖြင့် ၎င်းတို့ပြောနေကျ ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရင်းနှီးမှုကို တကယ်တမ်း တန်ဖိုးထားမည်ဆိုက ဒေါ်ဇင်မာအောင်၏ ကြေငြာချက်ပါ ကတိကဝတ် ပြုချက်များ နှင့် ကျေနပ်သင့်ပြီ ဖြစ်သည်။ ‌ဒေါ်ဇင်မာအောင်သည် တရုတ်ပြည်၏ စိုးရိမ်မကင်း ဖြစ်မှု များ ပြေပျောက်စေရန် အတွက် စကားကုန် ပြောခဲ့ပြီး ဖြစ်သည်။

 

စစ်တပ် အတွင်း ဖရဲသီး စစ်သားများက စစ်ခေါင်းဆောင်များ သွားသည့် လမ်းကြောင်းများ၊ လောင်စာနှင့် လက်နက်များ သိုလှောင်ရာ နေရာများ၊ စစ်ကြောင်းထိုးလာမည့် လမ်းကြောင်းနှင့် အင်အားအတိအကျ ကို တော်လှန်ရေး တပ်ဖွဲ့များထံ ပေးပို့မှုများ တိုး၍ များလာနေသည်ဟု ပြည်သူ့ရည်မှန်းချက် အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်အား ကိုးကား၍ ဂျပန်တိုင်းမ် သတင်းစာကြီးတွင် ရေးသားထားသည်။

 

၁၀၂၇ စစ်ဆင်ရေး ၂လအတွင်း အရာရှိ အရာခံစစ်သည် ၆၅၀ ခန့် လက်နက်ချခြင်းက ကမ္ဘာ့အဆင့် ၃၈ ဟု သတ်မှတ် ကြသော စစ်တပ်ကြီး၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို ဖော်ပြနေသည့် အချက်ဖြစ်သည်၊ ထို့ပြင် ပြည်တွင်းစစ် ၇၅နှစ် ကျော်အတွင်း တခါမျှ လေကြောင်း အတိုက်မခံခဲ့ရသည့် မြန်မာစစ်တပ်သည် သေးငယ်ပြီး အစွမ်းထက်လှသည့် ဒရုန်းများ၏ ဒဏ်ကို အလူးအလဲခံနေရရာ ပြင်ဆင်မှု မရှိခဲ့သည်မှာ ထင်ရှားသည်ဟု ‌ဧရာဝတီ တွင် ရေးသားထားသည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!