ပုဇင်းကို မီးဖုတ်ခြင်း

by Hla Soewai - Jan 09 2024

ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် အတွင်းရှိ နမ်ဆမ်ယန် ကျေးရွာသားများသည် ဗုဒ္ဓးဟူးနေ့ နေ့လည် ၁၁:၅၀ ခန့် တွင် စစ်ရဟတ်ယာဉ် တစီး မီးခိုးတလူလူ နှင့် ထိုးကျလာနေသည်ကို မြင်လိုက်ကြရ၍ တရွာလုံး ဝမ်းသာအားရ အပြေးအလွှား ထွက်ကြည့်ကြသည်။

 

ရဟတ်ယာဉ်သည် စက်ချို့ယွင်း၍‌‌ လော၊ တော်လှန်‌ ရေး တပ်ဖွဲ့များ ၏ ပစ်ချခြင်း ခံရသည်‌ လော အသေအချာ မသိရ‌ သေး‌ သော်လည်း မိမိတို့အား ကောင်းကင်မှ ဗုံးမိုးရွာ ကာ နှိပ်စက်ကလူ ပြု နေသည့် ရဟတ်ယာဉ် တစီး ထိုသို့ ကိစ္စချောသွားသည်ကို တွေ့ရ၍ အဘယ်သူသည် ဝမ်းသာအားရ မရှိပဲ နေအံ့ပေမည်နည်း။

 

မကြာမီမှာပင် ကချင် လွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူး ထံမှ အဆိုပါ ရဟတ်ယာဉ်သည် နာဖော့စစ်စခန်းသို့ ရိက္ခာပို့ပြီး ‌အပြန်တွင် မိမိတို့၏ ရှေ့တန်းစခန်းတနေရာ မှ ပစ်ချလိုက်ခြင်း ဖြစ်သည် ဆိုသော အတည်ပြုချက် ထွက်ပေါ်လာသည်၊ အသေးစိတ်ကို စုံစမ်းနေဆဲဟုလည်း ဆိုသည်။

 

နောက်ဆုံးရရှိသော သတင်းအရ ရဟတ်ယာဉ် ပေါ်တွင် လိုက်ပါလာသူ စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး ရဟတ်ယာဉ်မောင်း ဗိုလ်မှုး ဇော်မျိုးသန့်အား ဒဏ်ရာများ နှင့်အတူ လက်ရ ဖမ်းဆီးရမိပြီ ဖြစ်သည်ဟု ကေအိုင်အေ သတင်းရပ်ကွက်များအား ကိုးကားပြီး မီဒီယာများ တွင် သတင်းဓါတ်ပုံများ နှင့် တကွ ဖေါ်ပြလာကြသည်။

 

တရုတ်၏ ကြားဝင်‌ ပေးမှု ဖြင့် ကူမင်း တွင် ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့နှင့် ကံကောင်းထောက်မစွာ ဆွေးနွေးခွင့် ရခဲ့သော စစ်တပ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ် မင်းနိုင်မှ ၎င်းတို့ လက်လွှတ်ပေးလိုက်ရသော မြို့များကို အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်သွားခဲ့ကြောင်း TNLA ဒု စစ်ဦးစီး တာဘုန်းကျော်မှ ဆိုရှယ် မီဒီတာ တွင် "စစ်တပ်၏ တိုင်းရင်းသား ပြည်သူများ နှင့် နိုင်ငံ အပေါ် ထားသည့် မေတ္တာစေတနာ" ခေါင်းစဉ် ဖြင့် ရေးသားထားသည်။

 

လက်ရှိ အချိန်အထိ ၎င်းတို့ လက်လွှတ်လိူက်ရသော မြို့ ၁၄ မြို့အား ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ၉၆ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာ ရရှိသွားခဲ့ပြီး ဖြစ်သည်ဟု တအောင်း အမျိုးသမီး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

 

ယခုအခါ TNLA လက်သို့ ကျလုဆဲဆဲ ဖြစ် နေသော ကွတ်ခိုင် မြို့လယ်‌ ခေါင် တဝိုက်အား လည်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

 

ရက္ခိုင့် တပ်တော် AA မှလည်း ချင်းပြည်နယ် ပလက်ဝ ဒေသမှ စစ်ကောင်စီ၏ အကြမ်းဖက် တပ်များအား ယခုအပတ် အတ္ငင်း အပြီးအပိုင် မောင်းထုတ်ပစ်မည်ဟု ကြွေးကြော်လာခဲ့သည်။ AA သည် ပလက်ဝ မြို့နယ် အတွင်းရှိ စစ်စခန့်း ၂၀ ခန့်အား သိမ်းပိုက်ထားခဲ့ပြီး ဖြစ်သည်။

 

ထိုသို့ တနေ့တခြား ပြင်းထန်သည်ထက် ပြင်းထန်လာနေသော ပဋိပက္ခကြီးအား ၎င်းအတွက် မှုစရာ မလိုဟု ဟန်ဆောင်ပြီး မင်းအောင်လှိုင်သည် ၎င်း၏ နှစ်သစ်ကူး စကားများထဲတွင် တလုံးတပါဒမျှ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ထုံးစံ အတိုင်း သန်းကောင်စာရင်း ကောက်မည်၊ ရွေးကောက်ပွဲ လုပ်မည်ဆိုသော မဖြစ်နိုင်သည်များကိုသာ တောင်စဉ်ရေမရ ငါးမိနစ်ခန့် ပြောဆိုသွားခဲ့သည်၊ ဤသည်ကို ကြည့်ပြီး မင်းအောင်လှိုင်သည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိသေးပဲ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး တို့တွင် အဖက်ဖက် မှ ကျရှူံးလျက် ရှိနေဆဲ ဟု ဧရာဝတီက သုံးသပ်ထားသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ တရုတ်ပြည် အပေါ် ထားရှိသည့် အချက် ဆယ်ချက်ပါ မူဝါဒ ရေးရာ စာတမ်း ထုတ်ပြန်လာချိန်တွင် ယူနန်ပြည်နယ် အတွင်းရှိ နမ်ဆမ် မြို့ အနီး အမြှောက်ဆံ ကျရောက် ပေါက်ကွဲ၍ တဦး ဒဏ်ရာရရှိသွားသည်ဟု ဂလိုဘယ် တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်။

 

မြန်မာ သုတေသီ တဦးကမူ တရုတ်အား ကျွဲနှစ်ကောင် သဲကြီးမဲကြီး ခတ်နေကြသည်ကို တောင်ပေါ်မှ စောင့်ကြည့်နေသော ကျားတကောင် နှင့် နှိုင်းယှဉ် သွားခဲ့သည်။ မည်သူ နိုင်နိုင် ၎င်း၏ အကျိုးစီးပွား အတွက် စိတ်ချရပြီ ဖြစ်ပြီး အနောက်အုပ်စု မှ ဝင်ရောက်စွက်ဖက် မလာအောင် ဟန့်တားထားရန်သာ လိုတော့သည်ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!