မေမြို့ နား ကပ်လာပြီ၊ ကထိက ဖမ်းမိ

by Hla Soewai - Jan 09 2024

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ ယူနန်ပြည်နယ် နမ်ဆန် မြို့တွင်း ကျရောက်လာသော ဗုံးဆံ ထိမှန်၍ မိုဘိုင်းဖုန်း ဆိုင် ပျက်စီးသွားပြီး လူ ငါးဦး ထိခိုက် ဒဏ်ရာရသွားသည့် ဖြစ်ရပ် အပေါ် လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ မိမိတို့ဖက်မှ နိုင်ငံသားများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန် လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် နှစ်ဖက် အပစ်အခတ် ရပ်စဲရန်လည်း ထပ်မံ တောင်းဆိုကြောင်း အစရှိသဖြင့် ပြောဆိုသွားခဲ့သည်။

 

၎င်းထိုသို့ ပြောနေချိန်တွင် TNLA နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်များ ပူးပေါင်း၍ နောင်ချို ရှိ သံဘို စစ်စခန်း ကို တညလုံး နီးပါး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းတွင် သိမ်းယူလိုက်ကြပြီ ဖြစ်သည်။ နောင်ချိုသည် မေမြို့ စစ်တက္ကသိုလ် နှင့် ကားလမ်းမှ တနာရီ ခန့်သာ သွားရသော အကွာအဝေးတွင် ရှိနေသည်။

 

အံ့ဩစရာ ကောင်းနေသည်က ဖမ်းဆီးရမိခဲ့သော စစ်ကြောင်းမှုးသည် မေမြို့ စစ်တက္ကသိုလ် လက်အောက်ခံ နည်းပညာ ဌာန မှ စက်မှု ကထိက ဒု ဗိုလ်မှုးကြီး သက်အောင် ဖြစ်နေခြင်းပင်၊ ၎င်းသည် စာသင်ကြားရေး အပိုင်း ကိုသာ တာဝန်ယူရသူ ဖြစ်ပြီး တိုက်ခိုက်ရေး အတွေ့အကြုံ မရှိ သူ ဖြစ်သည်၊ ထိုကဲ့သို့သော လူမျိုးအား ရှေ့တန်း လွှတ်ထားရသည်ကို ကြည့်ခြင်းဖြင့် အာဏာသိမ်း အဖွဲ့ လက်အောက်ခံ တပ်များ အဖို့ တိုက်ပွဲ အတွေ့အကြုံမရှိသူများ အပါအဝင် ရနိုင်သမျှ အင်အားကို ထုတ်နှုတ်သုံးနေရပြီ ဆိုသည်ကို သိသာထင်ရှားလာခဲ့သည်။

 

အဆိုပါ သံဘိုစခန်းကြီးအား သိမ်းပိုက်နိုင်ခဲ့မှု ကြောင့် တော်လှန်ရေး မဟာမိတ်များသည် မေမြို့ကိုသာ မက မန္တလေး တိုင်း ဒေသကြီး အတွင်း စစ်ဆင်ရေး တိုးချဲ့ရန် အခိုင်အမာ ခြေကုပ်ယူနိုင်လာပြီ ဖြစ်သည်။ (ပုံတွင်ရှု)

 

ထိုစခန်းသိမ်းတိုက်ပွဲသည် ပြည်သူများ အတွက် "နှစ်သစ်ကူး လက်ဆောင်" ဖြစ်သည်ဟု PDF ၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

 

အာဏာသိမ်း အဖွဲ့၏ ပြည်သူများအတွက် နှစ်သစ်ကူး လက်ဆောင်သည်က နိုင်ငံ အနှံ့ ရှိ ထောင်များမှ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ ၉,၆၅၂'ဦးအား လွှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်ာ ထိုအထဲတွင် မိမိတို့၏ ခံယူချက် ကြောင့် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၅,၇၃၀ ‌ဦး ထဲမှ ထုံးစံ အတိုင်း မဖြစ်စလောက် အရည်အတွက်သာ ပါဝင်ပေလိမ့်မည်။

 

၎င်းတို့ အာဏာ ဆုပ်ကိုင်ထားဆဲ သုံးနှစ် အတွင်း ၁၂ ကြိမ် မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် ပြစ်မှု မျိုးစုံဖြင့် ထောင်ကျနေသည့် အကျဉ်းသား ကိုးသောင်း ခန့် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား ၅,၈၀၀ သာ ပါဝင်ခဲ့ရာ စုစု ပေါင်း၏ ၇ ရာနှန်းသာ ရှိသည်ဟု AAPP အား ကိုးကား၍ မြန်မာနောင်းသတင်းတွင် ဖေါ်ပြထားသည်။

 

နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့ AAPP အဆိုအရ အကျ‌ဉ်းထောင်များထဲတွင် ၁၉,၉၃၀ ဦးသာ ရှိနေ၍ ၄,၂၇၇ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

 

နောက်ထပ် သတင်း အရ လောက်ကိုင် မြိုသည် စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်သွားပြီဟု ယုံကြည်နိုင်‌ လောက်သည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ MNDAA တပ်ဖွဲ့ဝင်များ မှ မင်းအောင် လှိုင်ဘွဲ့ထူး ဂုဏ်ထူးများ ပေးကာ ခန့်အပ်ထားသော ကိုးကန့် စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၏ နေအိမ် ကို ဝင်ရောက် သိမ်းပိုက်ခဲ့သည့် ဗီဒီယို ဖိုင် ထွက်ပေါ် လာခဲ့သည်။

 

လောက်ကိုင် မြို့တွင်းရှိ ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်မှ တပ်သားအားလုံး လက်နက်ချလာသည့် အတွက် ယခုလို အလုံးစုံ ထိန်းချုပ်သွား နိုင်ခဲ့ကြောင်း ညီနောင် မဟာမိတ် အဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

 

အမေရိကန် အစိုးရ မှ မြန်မာ ပြည်သူများထံ လွတ်လပ်ရေး နေ့ သဝဏ်လွှာ ပေးပို့ရာတွင် မြန်မာ ပြည်သူများ နှင့် ၎င်းတို့ ၏ အနာဂတ်ဖြစ်သော တစည်းတလုံးတည်း ရှိမည့် ပြည်ထောင်စု ကြီး ပေါ်ပေါက်ရေး လမ်းကြောင်းကို သွားနေမှု အား ထောက်ခံကြောင်း ပါရှိလာခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်းတို့ အဖွဲ့ သုံးနှစ်ကြာလာသည့် တိုင် သုံးစားမရ၍ ပြည်ပသို့ တဖွဲဖွဲ နှင့် ထွက်ကာ လုပ်ကိုင်နေကြသူများ ၏ လစာထဲမှ တလ ၂% ပြန်ပေးရန် မျက်နှာပြောင်တိုက်၍ ‌လက်မှတ်ထိုး ထုတ်ပြန်‌ သော အခွန် ဥပဒေသည် အောက်တိုဘာ ၁ ရက်တွင် စတင် အကျုံးဝင်နေပြီ ဖြစ်သော်လည်း အများစု မှ ပေးရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။

 

အထူးသဖြင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများမှ မိမိတို့၏ အလုပ်သမား အခွင့်အရေးကို မည်သို့မျှပင် အကာအကွယ် ပေးရန် စိတ်ကူးမရှိပဲ လေယာဉ်ဆီ ဝယ်ရန် ၎င်းတို့ အိပ်ကပ်ထဲမှ လာနှိုက်နေခြင်းဟု ပြောလာကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!