လောက်ကိုင် ဖြစ်စဉ် - The Good, the Bad, the Ugly

by Hla Soewai - Jan 09 2024

စစ်ကောင်စီ အဖို့ မည်သို့မျှ လီဆယ် ပြော၍ ပင် မရနိုင်တော့လောက် အကြီးမားဆုံး ဆုံးရှူံးမှု ကြီးသည်က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ မြို့တော် လောက်ကိုင် ကို လက်လွှတ်လိုက်ရသည့် အဖြစ်ပင်။

 

စစ်ကောင်စီ၏ အရာရှိ အရာခံ အကြပ်တပ်သား အားလုံး အစုလိုက် အပြုံလိုက် လက်နက် ချ လာခဲ့ကြသည်။ ၎င်းတို့အားလုံးကို မိသားစု များ နှင့် အတူ လောက်ကိုင်မှ ထွက်ခွာခွင့် ပြုခဲ့ကြသည်ဟု သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်လာပြီး ကတည်းက အာဏာသိမ်း အဖွဲ့အား သစ္စာခံ တပ်များ ဆက်တိုက်ဆိုသလို ရှုံးနိမ့်ခဲ့မှူများ ထဲတွင် အကြီးမားဆုံး ဖြစ်သည်ဟု Nikkei Asia Review က ဆိုသည်။

 

ကြာသပတေးနေ့ လောက်ကိုင် ကျဆုံးမှူ ကြီးသည် ဒေသကွပ်ကဲရေး စစ်‌ဌာနချုပ် (‌‌ဒကစ) တခုလုံး တလ ကျော် ပိတ်ဆို့ ခံထားရပြီးနောက် အလံဖြူ ထောင်ကာ လက်နက်ချခဲ့ကြခြင်း ဖြင့် စတင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ လက်နက်ချခဲ့ခြင်းသည်လည်း ၎င်းတို့ လက်အောက်ခံ တပ်ရင်း ခုနှစ်ရင်းစလုံး ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ် အတွင်း ပြိုပျက်သွားခဲ့ခြင်း ကြောင့် ဖြစ်သည်။ ကြာသပတေးနေ့ ညတွင်းချင်းပင် MNDAA နှင့် ရရှိထားသော သဘောတူ ညီချက်အရ မိသားစုဝင်များ အပါအဝင် စုစုပေါင်း ၃,၇၄၂ ဦး သည် စစ်ထရပ်ကားကြီးများ ဖြင့် လာရှိုး မြို့သို့ ထွက်ခွာသွားခဲ့ကြသည်။

 

လောက်ကိုင်တွင် လက်နက်ချခဲ့ခြင်းသည် လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ခွင့်ပြုချက် ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။ သို့သော်လည်း မြန်မာ စစ်တပ်၏ အညံ့ခံလိုက်ရပြီ ဆိုသည့် သတင်းသည် ကမ္ဘာ သတင်း မီဒီယာ များ တွင် ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

နောက်တ‌ကြောင်းကလည်း လောက်ကိုင် မြိုအစပ်တွင် ရှိသည့် ဒကစ ဌာနချုပ် ဝင်း အတွင်းရှိ ဆေးရုံတွင် ဒဏ်ရာရ စစ်သားများ တနေ့တခြား အများအပြား ရောက်လာနေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေ‌၍ လက်နက်ချရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်ဟု ဒကစ အရာရှိတဦး၏ မက်ဆေ့ခ်ျတခုတွင် တွေ့လာရသည်။

 

လောင်ကိုင်ရှိ မိသားစု ကြီး လေးခုမှ ဦးစီးလုပ်ကိုင်နေသည့် အွန်လိုင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းများထံမှ စစ်ခေါင်းဆောင်များသည် တနှစ်လျှင် ယွမ် ငွေ ဘီလီယံ ၁၀၀ ( အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ ခန့် ဆက်ကြေး အဖြစ် ရရှိနေသည်ဟု MNDAA ခေါင်းဆောင် ဖုန်တာရွှင် မှ သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်‌ဆိုသွားခဲ့သည်။

 

လက်နက်ချခဲ့ကြသည့် ဗီဒီယို မှတ်တမ်းများကို ကြည့်၍ ပြည်သူလူထု ၏ ထောက်ခံမှု မရခဲ့က မည်မျှပင် စစ်အင်အားသုံး၍ ခုခံ ရန် ပြင်ဆင်လာခဲ့သောိလည်း နောက်ဆုံးတွင် ဓါးသွားလည်းကြွေ၊ လှံလည်း ခွေခဲ့ရသည့် အဖြစ်ကို နှောင်းလူတို့ သံဝေဂ ရစရာ ဖြစ်သည်။

 

အင်အားကြီးလာက အောင်ကျို့ရန် ဝန်မလေး၊ အင်အားနည်းလျှင် အနိုင်ကျင့်ရန် ဝန်မလေး၊ တာဝန်မခံ တာဝန်ယူလိုစိတ် ကင်းမဲ့နေသည့် မင်းအောင်လှိုင်သည် ရှေ့လျောက် မည်သို့ မည်ပုံ စခန်းသွားမည် ဆိုသည်က စောင့်ကြည်ရဦးမည် ဖြစ်သည်။

 

ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်း၌ လွတ်လပ်ရေး နေ့ အခမ်းအနား ကျင်းပနေစဉ် Operation Phoenix - ဇာမဏီစစ်ဆင်ရေးအဖြစ် နမခတပ်အတွင်းရှိ စစ်တိုင်းရုံး၊ ထပရ ၉၂၉ နှင့် စရဖ(နခ)တို့ကို ကာမီကာဇေ ဒရုန်း ၆၀ မမ ဗုံးသီးများ၊ လက်လုပ်ရှော့ဒုံး များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထပရ ၉၂၉၊ စရဖ(နခ) နှင့် တိုင်းစစ်ဌာနချုပ်ရုံးဝန်းအတွင်းရှိ Parade ကွင်း၊ အရာရှိရိပ်သာတို့ ထိမှန်ပေါက်ကွဲခဲ့သည် ဟု ခေတ်သစ်က ဆိုသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - ခေတ်သစ် မီဒီယာ