စစ်ကောင်စီ တပ်များ လာရှိုးသို့ ဆုတ်၍ ခံစစ်ပြင်ပြီ

by Hla Soewai - Jan 09 2024

ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ကိုးကန့် ဒေသ တခွင်လုံး စစ်ကောင်စီ အုပ်ချုပ်မှု ကင်းလွတ်သွားပြီ ဖြစ်သည်ဟု ပါရှိသည်။

 

ကိုးကန့် ဒေသခံ ပြည်သူများ အဖို့ စစ်တပ်၏ အနိုင်ကျင့် ဖိနှိပ်ခံရသည့် ဘေး မှ လွတ်ကင်းသွားရပြီ ဖြစ်သည်။

 

လက်နက်အင်အား အဆများစွာ သာလွန်ပြီး တသက်လုံး စစ်တိုက်စားနေ၍ တိုက်ရည်ခိုက်ရည် ပြည့်ဝ နေသည်ဟု နိုင်ငံတကာ စစ်ရေး လေ့လာသုံးသပ်သူများ၏ ယူဆခြင်း ခံထားရသည့် မြန်မာ တပ်မတော် ဟု ခေါ်သော အမျိုးသား စစ်တပ်ကြီးသည် နှစ်လကျော်ကျော်လေး အတွင်း ကိုးကန့်ဒေသတခုလုံးကို လက်လွှတ်ခဲ့ရခြင်းသည် MNDAA ကိုယ်နှိုက်ပင် အံ့အားသင့်မက အံ့အားသင့်ခဲ့ရပြီး ကြားရသူ အပေါင်း အံ့ဩမကုန် အောင် ဖြစ်ခဲ့ရသည်။

 

၂၀၀၉ ခုနှစ်အတွင်း လောက်ကိုင်အား မင်းအောင်လှိုင်မှ ၎င်းကိုယ်တိုင် ဦးစီးကာ ပြန်လည် သိမ်းယူခဲ့သည်ဟု ကြွေးကြော်ထားသော မြို့လည်း ဖြစ်သည်။ ယခုအခါ နိုင်ငံတဝှမ်း တဒါဇင် နီးပါး ရှိနေသော ဒေသ စစ်ရေး ကွပ်ကဲမှု ဒကစ ဌာနချုပ် တခု အား ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ဗိုလ်မှုးချုပ် အဆင့် ရှိသူ ၆ ဦး အပါအဝင် အရာရှိ အရာခံ အကြပ်တပ်သား ၂,၃၈၉ ဦး နှင့် မိသားစု ဝင်များသည် သောကြာနေ့တွင် လက်နက်ချခဲ့ကြ၍ ဘေးလွတ်ရာသို့ ထွက်ခွာခွင့် ပေးခဲ့သည်။

 

ထိုသတင်းအား စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်း မှ အတည်ပြုခဲ့ပြီး မိသားစုဝင်များ၏ လုံခြုံရေး အပါအဝင် အဖက်ဖက်မှ ထည့်သွင်းစဉ်းစားပြီးနောက် တပ်မှုးများက လောက်ကိုင်ကို လက်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဝန်ခံ ပြောကြားလိုက်၍ တယ်လီဂရန်ရှိ စစ်တပ် ထောက်ခံသူများ ပြောရသည်သာ ဖတ်ဖတ်မောပြီး ပက်လက်လန် သွားခဲ့ကြရသည်။

 

လောက်ကိုင် တဖက်ရှိ တရုတ် နိုင်ငံနှင့် ဆက်ဆံ‌ရေးကို ထည့်သွင်းစဉ်းစားပြီးလည်း ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု လည်း ဆိုသည်။ မင်းအောင်လှိုင်သည် မည်သို့မျှ ကြာရှည် ခုခံ နိုင်စွမ်း မရှိတော့၍ အားမတန် မာန်လျော့လိုက်ရခြင်းပင် ဖြစ်သည်။

 

MNDAA မှ လောက်ကိုင် အား သိမ်းပိုက်ပြီး ဖြစ်ကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်လာသည့် နေ့တွင်ပင် ဇော်မင်းထွန်းမှ လည်း ဝန်ခံပြောဆိုခဲ့သည်က တနေ့တည်းလိုလို ဖြစ်နေသည်ကို ကြည့်က နှစ်ဖက် သဘောတူညီမှု ရထားခဲ့သည်မှာ သိသာ ထင်ရှားနေသည်။ တရုတ် ဒုနိုင်ငံခြားရေး ဝန်ကြီး ဆန် ဝေဒေါင်းသည်လည်း နေပြည်တော်တွင် သုံးရက် ခရီး အဖြစ် ရောက်ရှိနေပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံက နိုင်ငံတွင်း လက်ရှိ အခြေအနေများ နှင့် နယ်စပ်ဒေသ ရာဇဝတ်မှု များအကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ကိုးကန့် ဒေသ စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်အား လွှဲပြောင်းပေးရေး ပါဝင်မည်ဟု ယုံကြည်ရသည်။

 

တရုတ်မှ မြန်မာအား လောက်ကိုင်အား စွန့်လွှတ်ရန် ဖိအား ပေးလာခဲ့၍လည်း ဖြစ်သည်။ တရုတ်သည် အွန်လိုင်း လူလိမ်ဂိုဏ်းများအား ထိုဒေသမှ ဖယ်ရှားနိုင်ခဲ့သည့် အပြင် ၎င်းတို့၏ နယ်စပ်တွင် ကြားခံ နယ်မြေ Buffer zone တခုကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ 

 

နိုင်ငံ ပိုင်နက်အား တလက္မပင် ကျုးကျော် မခံဟု အမြဲလို ကြွေးကြော်နေခဲ့သော မြန်မာ စစ်တပ်အတွက် အကြီးအကျယ် သိက္ခာကျဆင်းစရာ ဖြစ်ခဲ့ရသည်။ စစ်ကောင်စီသည် တရုတ် အလိုကျ လိုက်လုပ်ပေးနေရသော အဖွဲ့အစည်း ဖြစ်သည်ဆိုသည်ကလည်း လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားလာခဲ့ရသည်။

 

အမေရိကန် နှင့် အနောက်အုပ်စုသည်လည်း ၁၀၂၇ စစ်ဆင်ရေးသည် ယင်းကို ရည်ရွယ်ကြောင်း ယူဆနေကြ၍ တခွန်းတပါဒမျှပင် ဝင်ရောက် ပြောဆိုခြင်း မရှိခဲ့ကြပေ။

 

၎င်းတို့၏ ထိုသို့ ယူဆနေမှုများ မှားယွင်းကြောင်း မြန်မာတို့၏ နိုင်ငံ အနှံ့ တော်လှန်ရေးက ဆက်လက် သက်သေပြသွားဖို့သာ အရေးကြီးပေသည်။ ညီနောင် မဟာမိတ် အဖွဲ့မှ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နိုင်ငံသိ ကတိပေးထားခဲ့ပြီး လည်း ဖြစ်သည်။

 

လောက်ကိုင် ကျဆုံးသွားခြင်းသည် စစ်အာဏာရှင်များ ဆိတ်သုဉ်းရာ ဆိတ်သုဉ်းကြောင်း ၏ အစ ဖြစ်လာခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

 

ဝါရှင်တန် စစ်ကောလိပ်၏ ပါမောက္ခတဦး ဖြစ်သူ ဇာကာရီ အဘူဇာ မှလည်း လောက်ကိုင်အား သိမ်းပိုက်လိုက်နိုင်ခြင်းသည် လက်ရှိ တွန်းလှန်စစ်ပွဲကြီး တွင် “သိသာထင်ရှားသော အလှည့်အပြောင်းကြီး” ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။ စစ်ကောင်စီ တပ်များ အား လာရှိုးသို့ ထွက်ခွာခွင့် ပေးခဲ့ခြင်းသည် လျှော်ကန်သင့်မြတ်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ဆိုသည်။ ယခုအခါ စစ်ကောင်စီ၏ နောက်ဆုံး ခံစစ်စည်း သည် လာရှိုး ဖြစ်သွားပြီ ဖြစ်၍ ရှမ်းပြည် မြောက်ပိုင်း တခုလုံး ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟု ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။

 

ယခုအခါ ညီနောင်သုံးဖေါ် မဟာမိတ် တပ်များသည် ရွှေလီနှင့် ထိစပ်နေသော မူဆယ်သို့ ဦးတည်လာမည် လော ဆိုသည်က စိတ်ဝင်စားဖို့ ကောင်းနေသည်ဟု အဘူဇာက ဆိုသည်။

 

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့၏ တပ်များအား ရခိုင်ပြည်နယ် အတွင်းရှိ တရုတ်စီမံကိန်း များ ရှိရာ ဒေသတွင် အင်အားဖြည့်ရန် ဖြန့်ကျက်ချလာမည်ဟု ယုံကြည်ရသည်။

 

နရသီဟပတေ့မင်းအား တရုတ်ပြေးမင်းဟု ခေါ်ဆိုခဲ့ကြသလို မင်းအောင်လှိုင်အားလည်း သမိုင်းပညာရှင်များက တရုတ်ကြောက်မင်းဟု ခေါ်ဆိုကြတော့မည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင် လွန်စွာ အားကိုးအားထား ပြုခဲ့သော ရုရှားသည်လည်း ၎င်း၏ စိတ်ကူးယဉ် အိမ်မက်များကို နားလည်မှု စာချွန်လွှာ မျိုး လက်မှတ်ရေးထိုး ပေးသည်က လွဲ၍ တုတ်တုတ်မျှပင် လှုပ်မလာခဲ့ပေ။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!