သူယုတ်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြ

by Hla Soewai - Jan 09 2024

ယခုအခါ လောက်ကိုင်တွင် အရှက်တကွဲ လက်နက်ချခဲ့ရသည့် ဖြစ်စဉ် ကြောင့် တပ်တွင်းတွင် ကြီးမာစွာ ဂယက် ရိုက်နေ၍ မင်းအောင်လှိုင် နှင့် စိုးဝင်းမှ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှုး အချို့ကို ခေါ်ယူပြီး စိတ်ဝမ်း အကွဲ မခံကြဖို့ ပြောဆိုနေသည်ဟု တပ်တွင်း သတင်းအရင်း အမြစ်များကို ကိုးကားပြီး DVB တွင် ဖေါ်ပြထားသည်။

 

"အခုလို လုပ်ရတာ တပ်မိသားစုဝင်တွေကြောင့်၊ ဒီအတိုင်းဆက်တိုက်နေရင် တပ်ပြုန်းတီးရာရောက်မယ်၊ မြောက်ပိုင်းသုံးဖွဲ့လိုချင်တဲ့ နယ်မြေပေးပြီး တရုတ်က ကြားဝင်ညှိပေးမယ်၊ နောက်ပိုင်းအေးဆေးဖြစ်သွားမယ်၊ ခေါင်းဆောင်တွေက ကောင်းဖို့လုပ်တာကို အထင်မမှားစေချင်ဘူး၊ ဝါဒဖြန့်ချိမှုတွေနောက်ကို မလိုက်ဖို့” ဟု မင်းအောင်လှိုင်က ပြောသည်ဟု သိရသည်။

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမရွာ အနီးရှိ တောင်ရှည်တောင် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားအားလုံး ဇန်နဝါရီ ၆ ရက်နေ့ ည ၉ နာရီလောက်တွင် ရက္ခိုင့်တပ်တော် အေအေ ထံ လက်နက်ချခဲ့ကြကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့သည်။

 

၎င်းကိုယ်တိုင် တုန်လှုပ် ခြောက်ခြားလာနေသော မင်းအောင်လှိုင်သည် ပြင်ဦးလွင်ရှိ စစ်ဌာနချုပ်နှင့် ၂၄ ကီလိုမီတာ ခန့်သာ ဝေးသော သံဘို ကျေးရွာ စစ်စခန်းကို စိတ်ဓါတ် စစ်ဆင်ရေး အတွက် ပြန်လည် သိမ်းပိုက်နိုင်ရန် လက်နက်ကြီးများ ဖြင့် အပြင်းအထန် တိုက်ခိုက်လျှက် ရှိနေသည်ဟု သိရသည်။ အဆိုပါ သံဘို စခန်းသည် နောင်ချို မြို့ တောင်ဖက်တွင် ရှိပြီး တော်လှန်‌ရေး မဟာမိတ်များက အလွယ်တကူ သိမ်းပိုက် နိုင်ခဲ့ခြင်း လည်း ဖြစ်သည်။ 

 

ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်ခေါင်းဆောင်မှ အမျိုးသား သစ္စာဖေါက် နိုင်ငံရေး သမား များအား အာဏာသိမ်းပြီးနောက် ပထမ ဆုံး အကြိမ် ခေါ်ယူ တွေ့ဆုံပြီး စိတ်ဓါတ်မကျရန် ရွေးကောက်ပွဲကို စီစဉ်ထားသည့် အတိုင်း လုပ်ပေးမည် ဖြစ်ပြီး လောလောဆယ် တိုင်းပြည် မငြိမ်မသက် ဖြစ်နေချိန်တွင် နိုင်ငံရေးပါတီတွေအနေနဲ့ လုံခြုံရေးမှာ ဝိုင်းဝန်းကူညီ သတင်းပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က နှစ်သိမ့်ရင်း က အကူအညီ တောင်းခံလိုက်ပြန်သည်။ (ပုံတွင် တွေ့ရစဉ်)

 

စစ်တပ်သည် နိုင်ငံရေး နယ်ပယ်မှ မထွက်ခွာ မချင်း မြန်မာပြည်သူတို့သည် မည်သည့် အခါမျှ ဆင်းရဲဒုက္ခ အတွင်းမှ လွတ်ကင်း နိုင်စရာ မရှိဆိုသည့် အချက်ကို မသိကျိုးကျွံပြုပြီး ကျွဲနား စောင်းတီး ခြင်နေကြသူများသာ ဖြစ်သည်။

 

မင်းအောင်လှိုင် ‌ခေါင်းဆောင်သော စစ်ဗိုလ်ချုပ် တစု သည် ၎င်းတို့ လက်ဝယ်ရှိ ရာထူး အာဏာ ကို အလွဲသုံးစား လုပ်ကာ စားသာမည်လားဟု အာဏာသိမ်းပြီးကတည်းက လှည်းနေလှေအောင်း မြင်းဇောင်း မကျန် မြန်မာပြည်သူတို့၏ လူနေမှု ဘဝ သည် အစစ အရာရာ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်၊ သို့သော် အကောင်းဖက်တော့ မဟုတ် အဆိုးဖက်သို့ တအိအိ နှင့် ထိုးဆင်းကျလာနေသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

 

မင်းအောင်လှိုင် ကိုယ်နှိုက်ပင် ထိုသို့ ဖြစ်လာရခြင်းအား နိုင်ငံ အနှံ့ တော်လှန်ရေးများ ဆင်နွှဲလာနေကြသော ကြောင့်ဟု မကြာမီက သူ၏ လွန်စွာ တိုတောင်းလှသော နှစ်သစ်ကူး နှုတ်ခွန်းဆက်တွင် ရည်ညွှန်းသွားခဲ့ပြီး ဖြစ်သည်။

 

တိုင်းပြည်၏ စီးပွားရေး တိုးတက်မှု နှုန်းသည် ၂၀၁၉ ထက် ဆယ်ရာနှုန်းမျှ နိမ့်ဆင်းနေဆဲ ဖြစ်သည်ဟု ကမ္ဘာဘဏ်ကလည်း ၂၀၂၃ ဒီဇင်ဘာလ အတွင်း ခန့်မှန်းထားပြီး ဖြစ်သည်။ အရှေ့တောင် အာရှ နိုင်ငံများ တွင် တခုတည်းသာ ထိုအဖြစ်မျိုး ကြုံနေရသည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ၁၂ လ အတွင်း ကုန်ဈေးနှုန်းများ ၂၉ ရာနှုန်း အထိ မြင့်တက်လာပြီး အိမ်ထောင်စု တစု ဝင်ငွေသည် ၂၀၂၂ ထက်စာ လျှင် ၄၀ ရာနှုန်း ကျဆင်းလာသည်ဟု ကမ္ဘာဘဏ်က တွက်ချက် ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ဈေးနှုန်းများ အဆမတန် ခုန်တက်တတ်သော မြို့ပြဒေသများတွင် နေထိုင်ကြသော ဆင်းရဲသော အိမ်ထောင်စုများ အဖို့ နာလန်မထူနိုင်အောင် ခံနေကြရသည်ဟု ဆိုသည်။

 

တချိန်က နိုင်ငံတကာ တွင် ယှဉ်ပြိုင် ထုတ်လုပ်နိုင်စွမ်း ရှိသော အထည်ချုပ် လုပ်ငန်းများသည်လည်း တိုးချဲ့နိုင်ခြင်း မရှိတော့ပဲ လုပ်ငန်းလည်ပတ်နိုင်ရန်သာ ရုန်းကန်နေကြရပြီ ဖြစ်သည်။

 

၎င်းတို့၏ အုပ်ချုပ်ရေး အောက်တွင် ဒီမိုကရေစီ ရပိုင်ခွင့်များ အသာထားဘိဦး၊ နိုင်ငံသားတို့၏ မွေးရာပါ အခွင့်အရေးများ ဖြစ်သော လွတ်လပ်စွာ ရောင်းဝယ် ဖေါက်ကားခွင့်၊ တီထွင် ထုတ်လုပ်ခွင့်၊ တူးဖေါ် ရှာဖွေခွင့်၊ လုပ်ကိုင်စားသောက်ခွင့် များသည်ပင် ပြင်းထန်စွာ ချုပ်ချယ် ကန့်သတ်ခြင်း ခံနေရသည်။

 

စစ်ခေါင်းဆောင်ကြီးသည် ထိုသို့ မြန်မာ တိုင်းရင်းသားတို့ လူမွေးလူတောင် မပြောင်အောင် ဖြစ်ပျက်နေသည်များသည် ၎င်းတို့၏ အာဏာ ဆက်၍ ဆုပ်ကိုင် နိုင်ရေး အတွက် လောလောဆယ် အနစ်နာခံရမည့် ပုံစံမျိုး ပြောဆိုနေပြီး ဥပ္ပါတ သန္တိကျမ်း ကြီး ဖြင့် ၎င်း စီစဉ်ထားသည့် ရွေးကောက်ပွဲကြီး ကျင်းပနိုင်သည် အထိ ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေပေသည်။

 

မသန်မစွမ်း ဖြစ်နေသူ တဦးအား ကိုယ်တိုင် အစွမ်းအစ မထုတ်ပဲ ထိုကျမ်းကြီး ရွတ်ဖတ်ယုံဖြင့် အကောင်းပကတိ ထပြေးနိုင်မည်ဟု ယုံကြည်နေခြင်းထက် ရူးမိုက်သော အရာသည် ရှိနိုင်ပါဦးမည်လော။

 

ပြည်သူများကတော့ ၎င်းတို့ နှစ်ပေါင်း ၆၀ ကျော် ကြာအောင် အုပ်ချုပ်လာခဲ့သည့် အတွေ့အကြုံများကြောင့် ခါးသီးနာကျင်နေပြီး သင်ခန်းစာများလည်း ကောင်းစွာ ရရှိထားကြပြီး ဖြစ်သည်၊ ထိုသို့ ဒေါသ ထွက်နေကြသော လူထုကြီးကို ဉာဏ်နီဉာဏ်နက် ထုတ်ကာ ပြည်သူ့ အရေးကို သစ္စာဖေါက်ကာ ၎င်းတို့ထံ ဒူးထောက်ခစားလာကြသည့် နိုင်ငံရေး သမား ဆိုသူများ နှင့် ဆက်လက်စေစား၍ အုပ်ချုပ်သွားရန် ကြံစည်နေကြခြင်းသည်လည်း ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြား ဆိုသည်ကိုလည်း သဘောပေါက်နိုင်လောက်သည့် ဆင်ခြင်တုံတရား မရှိကြ။

 

မိမိတို့ လည်မျို ကို တနေ့တခြား နည်းမျိုးစုံဖြင့် ညှစ်လာနေသည့် အဖြစ်များကြောင့် မြန်မာပြည်သူများသည် ရွေးချယ်စရာ လမ်းနှစ်သွယ် သာ ရှိတော့သည်။

 

လည်မျို အညှစ်ခံရသည့် ဘဝ နှင့် လူးလွန့်နိုင်သမျှ လူးလွန့်သွားကြမည်လော၊ ထိုသို့သော လူဗာလနံများကို အပြီး အပိုင် ဖယ်ရှားရန် အသက်သွေးချွေးများ ရင်း၍ ရုန်းကန်တိုက်ပွဲဝင်နေကြသူများ နှင့် ပူးပေါင်း တွန်းလှန်သွားကြမည်လော ဆိုသည်ပင် ဖြစ်သည်။

 

ပြည်သူများ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - DVB