နိုင်ငံတကာ ရေးရာ မိတ်ဆက်(18)

by Hla Soewai - Jan 03 2024

စစ်အေး အလွန် ပဋိပက္ခများ

 

စစ်အေး တိုက်ပွဲကြီး အပြီး တွင် အေးချမ်းငြိမ်သက်သည့် ခေတ်သစ်ကြီးထဲ ဝင်ရောက်လာလိမ့်မည်ဟု အချို့က ခန့်မှန်း မျှော်လင့်ခဲ့ကြသည်။ ဤသည်ကလည်း မိမိတို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် နျူကလီယား စစ်ပွဲကြီး နှင့် အပြီးအပိုင် ကင်းဝေးပြီး အင်အားလွန် နိုင်ငံကြီး နှစ်နိုင်ငံ ၏ လွှမ်းမိုး ခံရမည့် အရေး မှလည်း လွတ်ကင်းတော့မည်ဟု ယုံကြည်ကြသောကြောင့်လည်း ဖြစ်ပေသည်။

 

အနိုင်ရ ကျန်ခဲ့သည့် အင်အားလွန် နိုင်ငံကြီး ဖြစ်သော အမေရိကန်သည် ဒီမိုက‌ရေစီ နှင့် ငြိမ်းချမ်းသော ကမ္ဘာကြီးကို ပြန်လည် တည်ဆောက်လာလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။

 

အင်အားကြီးထွားလာယုံမက ပြိုင်ဖက် ကင်းလာသော အမေရိကန်အား ထိထိရောက်ရောက် ယှဉ်ပြိုင်မည်သူ့ ထွက်မလာ၊ ထိုသို့ လုပ်ရန်လည်း ဆန္ဒမရှိကြ။ သို့သော် အချို့က အင်အားကြီး နှစ်နိုင်ငံ ယှဉ်ပြိုင်မှု မရှိက ကမ္ဘာကြီးသည် အထိန်းအကွပ်မဲ့ပြီး ယခင်ကလို အထိတ်တလန့် နေရသည့် အ‌နေအထား မျိုး မရောက်လျှင်ပင် ဗရမ်းဗတာ နှင့် အကြမ်းဖက်မှုများ ဖြစ်လာနိုင်သည်ဟု တွက်ဆခဲ့ကြသည်။

 

စစ်အေး တိုက်ပွဲကြီး အပြီး ပထမဆုံး ပေါ်ပေါက်လာသော အကျပ်အတည်းကြီးသည် အကောင်းဖက်ကရှူ မြင်သူများရော၊ အဆိုးဖက်ကို ရှုမြင်ထားကြသူ များ က မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

 

ဘာလင် တံတိုင်းကြီး ပြိုလဲသွားပြီး တနှစ်ပင် မပြည့်သေးသော အချိန် ၁၉၉၀ ဩဂုတ်လတွင် အာဏာရှင် ဆက်ဒမ် ဟူစိန် အုပ်ချုပ်နေသည့် အီရတ်သည် တောင်ပိုင်းရှိ အိမ်နီးချင်း နိုင်ငံ ဖြစ်သော ကူဝိတ်သို့ ကျူးကျော် တိုက်ခိုက်လာခဲ့သည်။ ၎င်းသည် ကူဝိတ်အား အီရတ်၏ တစိတ်တပိုင်း အဖြစ် အမြဲလို သွတ်သွင်းထားရန် ဟူသော ရည်ရွယ်ချက် နှင့် ဖြစ်သည်။

 

အီရတ် သည် ထိုသို့ ‌ဗြောင်ကျကျ ကျုးကျော်လာမှု ကို ၎င်းတို့ တခါက နီးနီးစပ်စပ် ပတ်သက်ခဲ့ပြီး မှီခိုနေရသည့် ဆိုဗီယက် ယူနီယံ ရှိနေဦးမည် ဆိုက မည်သို့မျှ ခွင့်ပြုမည် မဟုတ်သော လုပ်ရပ်လည်း ဖြစ်သည်။ ဆိုဗီယက်သည် အမေရိကန် တို့ အား ကမ္ဘာရေနံ ဓါတ်ငွေ့သိုက်ကြီးတည်ရှိ နေရာ‌ ဒေသသို့ စစ်ရေး အရ ဝင်ရောက် စွက်ဖက်နိုင်ရန် ဆင်ခြေဆင်လက်များ ရသွားမည် စိုးသော ကြောင့်ပင် ဖြစ်သည်။

 

သို့သော် ထိုအရေးကို အမေရိကန် တို့ မည်သို့မည်ပုံ လုပ်ရမည်ကို တိတိပပ မဆုံးဖြတ်နိုင်ပဲ ဖြစ်နေဆဲပင် ဖြစ်သည်၊ စာရေးသူသည် အမျိုးသား လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တဦး ဖြစ်လာကာစ အချိန်လည်း ဖြစ်သည်။

 

အီရတ် တပ်များ ကူဝိတ်တွင် သောင်းကျန်းခြင်တိုင်း သောင်းကျန်းနေစဉ် ဒေးဗစ်စခန်း တွင် အနားယူ အပန်းဖြေပြီး ပြန်ရောက်လာသော သမ္မတ ဂျော့ခ်ျ ဒဗလျု ဘွတ်ရှ် နှင့် ဩဂုတ်လ ၅ ရက်နေ့တွင် အိမ်ဖြူတော်၏ တောင်ဖက် မြက်ခင်းပြင်တ္ငင် ဆုံဖြစ်ခဲ့သည်။

 

ကူဝိတ်တွင် နောက်ဆုံး ဖြစ်ပျက်နေမှု များကို သူ့အား ရှင်းပြခဲ့ပြီးနောက်တွင် တော့ စိုးရိမ်တကြီး စောင့်ကြည့်နေကြသော ကမ္ဘာကြီးအား အမေရိကန်ဖက်မှ "ကူဝိတ် အား ကျူးကျော်မှု ကို မိမိတို့ လက်ပိုက်ကြည့်‌နေမည် မဟုတ်ဟု" ရှင်းလင်း ပြတ်သားစွာ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

သမ္မတ သည် သူ၏ စကားနှင့် အညီ ပထမ ပိုင်းတွင် သံတမန်ရေး နှင့် စီးပွားရေး ဖြင့် အရေးယူ ဒဏ်ခတ်လာခဲ့ပြီး နောက်ဆုံးတွင် စစ်အင်အားသုံး၍ ပါဝင်လာခဲ့သည်။

 

သမ္မတ ဘွတ်ရှ်သည် ကမ္ဘာ စွမ်းအင်သိုက်ကြီး တည်ရှိရာ အရှေ့အလယ်ပိုင်း တွင် အီရတ်တို့ လူတွင်ကျယ် လုပ်လာမည့် အရေး အဖြစ်မခံနိုင်သည့် အပြင် စတင်လာတော့မည့် ခေတ်သစ်ကြီးတွင် အင်အားသုံးခြင်းဖြင့် နိုင်ငံတနိုင်ငံ၏ နယ်နမိတ်ကို ပြောင်းလဲပစ်နိုင်သည် ဟု အန္တရာယ် များလှသည့်အ‌ တွေး အခေါ်များ ဝင်လာကြမည်ကိုလည်း မလိုလားပေ။

 

ထို့အတွက် အမေရိကန်သည် ကုလသမဂ္ဂကြီး အား အပါခေါ်၍ နိုင်ငံတကာ ညွှန်ပေါင်း အဖွဲ့ကြီးကို ဖွဲ့စည်းကာ ကူဝိတ်အား အီရတ် လက်မှ ကယ်တင်ကာ လွတ်လပ်ရေး ပြန်လည် ရရှိအောင် လုပ်ပေးနိုင်ခဲ့မှု သည် စစ်အေး တိုက်ပွဲ အပြီး နိုင်ငံတကာ စနစ်ကြီး ဖရိုဖရဲ ဖြစ်သွားမည့် အရေး ကို ကာကွယ်နိုင်ခဲ့သည့် အောင်ပွဲကြီးလည်း ဖြစ်သည်၊ ထို့အပြင် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ခြင်းဖြင့် အောင်မြင်မှု ရနိုင်သည့် multilateralism တန်ဖိုးကိုလည်း လက်တွေ့ ပြသနိုင်ခဲ့သည်။

 

သို့သော် ပင်လယ်ကွေ့စစ်ပွဲ၏ နောက်ဆက်တွဲများကို ကိုင်တွယ် ဖြေရှင်းရာတွင်တော့ အ‌မေရိကန်သည် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဟု ဆိုရမည် ဖြစ်သည်။ ထိုစစ်ပွဲ အပြီးတွင် အီရတ် ၏ တောင်ပိုင်း နှင့် မြောက်ပိုင်းမှ ဆက်ဒမ် ဟူစိန်၏ ကြမ်းကြုပ် ရက်စက်လှသော အုပ်ချုပ်ရေးအား ဆန့်ကျင် ပုန်ကန်လာကြသည်။

 

ဆက်ဒမ်သည် ၎င်းအား ဆန့်ကျင်လာမှု များအား နှိမ်နှင်း နိုင်လိုက်၍ အာဏာတွင် ဆက်လက် တည်မြဲနေခဲ့သည်။ အမေရိကန်သည် အီရတ်၏ ပြည်တွင်းစစ်ဟု ရှုမြင်ခဲ့ပြီး ပုန်ကန်သူများ၏ ဘက်တွင် ရပ်တည် ပေးလိုက်ခြင်းဖြင့် ကြားညပ်နေမည့် အရေးကို ရှောင်ရှားလို၍ မြောက်ပိုင်းရှိ ကပ်ဒ် လူမျိုးများကိုလူသားချင်း စာနာထောက်ထားသည့် အကူအညီများသာ ပေးခဲ့သည်။

 

သို့သော် ပြည်တွင်းစစ်ကြီး၏ ရှုပ်ထွေးလာမှု များသည် နောက်ပိုင်း နှစ်များအတွင်း ဖြစ်ပေါ်လာမည့် ပြဿနာကြီး၏ ရှေ့ပြေး နမိတ်များ ဖြစ်လာခဲ့သည်။

 

နောက်ထပ် တကမ္ဘာလုံး အာရုံစိုက်စရာ ဖြစ်လာခဲ့ရပြန်သည်က ယူဂိုဆလားဗီးယား အရေးပင် ဖြစ်သည်။ ယူဂိုဆလားဗီယားသည် လူမျိူးပေါင်းစုံ နေထိုင်သည့် နိုင်ငံ ဖြစ်ပြီး စစ်အေးတိုက်ပွဲ ကာလတလျှောက်လုံး အာဏာရှင် များ၏ တင်းကျပ်စွာ အုပ်ချုပ်ခဲ့မှု နှင့် ဆိုဗီယက်တို့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်လာမည့် အရေးကြောင့် ငြိမ်သက်စွာ ရှိနေခဲ့သည်။

 

ကြောက်ရမည့် အရာ အားလုံး ကွယ်ပျောက်သွားခဲ့ရပြီး နောက်တွင်တော့ ၁၉၉၁-၉၂ များတွင် နိုင်ငံသည် အကြမ်းဖက်မှု များ နှင့် ပြိုကွဲမည့် အခြေအနေသို့ ဦးတည်လာခဲ့သည်။ ယင်းနှင့် အတူ စစ်ပွဲကြီး ဖြစ်ပွားလာခဲ့ပြီး အရပ်သားများ သိန်း နှင့် ချီ သေဆုံးခဲ့ရသည်။ နောက်ဆုံးတွင် နေတိုး အဖွဲ့ကြီးမှ စစ်ရေး အရ ဝင်ရောက် စွ့က်ဖက်ခဲ့ရပြီး စစ်ပွဲကို အဆုံးသတ် သွားစေခဲ့သည်။ ထို့‌နောက်တွင် ပြည်တွင်းစစ်ကြီး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များကို နှစ် နှင့် ချီ အောင် ကြာမြင့်စွာ ချထားပေးခဲ့ရသည်။

 

ထိုသို့သော အခြေအနေများ အပြင် ၁၉၉၄ တွင် ရဝမ်ဒါတွင် ဖြစ်ပွားခဲ့သော လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်သည့် ဂျီနိုဆိုက် တွင် ကလေး၊ လူကြီး၊ အမျိုးသမီး စုစုပေါင်း ရှစ်သိန်းခန့် သေဆုံးခဲ့ရမှု များ ဖြစ်ပွားလာခဲ့သဖြင့် နောက်ဆုံးတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ R2P ဟု သိကြသည့် Responsibility to Protect ဆိုသည်ကို ပြဋ္ဌာန်းပေးလာခဲ့သည်။

 

R2P ၏ သဘောတရားသည် အချုပ်အခြာ အာဏာ ပိုင်စိုးသော အစိုးရများသည် မိမိတို့ နိုင်ငံသားများ၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှု အတွက် ကာကွယ် စောင့်ရှောက်ပေးရန် တာဝန် ရှိသည်။ ထိုသို့ မလုပ်နိုင်၊ လုပ်ရန်လည်း ဆန္ဒမရှိဟု ယူဆပါက အခြားနိုင်ငံများမှ ကုလ လုံခြုံရေး ကောင်စီ၏ သဘောတူညီချက်ဖြင့် ဝင်ရောက် စွက်ဖက်ရန် တာဝန် ရှိသည်ဟု ဆိုလိုရင်းပင် ဖြစ်သည်။

 

သို့သော်လည်း နောက်ပိုင်း ဆယ့်ငါးနှစ် အတွင်း R2P အား လက်တွေ့ ကျင့်သုံးမှု မရှိသလောက် ပင် ဖြစ်သည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော နိုင်ငံများသည် ဖြစ်လာသော ပြဿနာ တိုင်းတွင် ထိုသို့ လုပ်ရန် တကယ်တမ်း လိုအပ်သည်လား ဆိုသည်ကို မေးခွန်းထုတ်လာမှု နှင့် ကုန်ကျမည့် စရိတ်များများ ရှိလာနိုင်သည် များကြောင့် သဘောမတူနိုင် ဖြစ်လာခဲ့ကြသည်။

 

သို့သော် ၂၀၁၁ တွင် လစ်ဗျားနှင့် ပတ်သက်၍ R2P ကို တကြိမ်သာ လက်တွေ့ ကျင့်သုံးခဲ့ကြသည်။ လစ်ဗျား တွင် ဖြစ်ပွားလာသော ပြည်တွင်းစစ်တွင် အပြစ်မဲ့ အရပ်သား အများအပြား သေကြေ ကြမည့် အရေးကြောင့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် အခြား နေတိုး အဖွဲ့ဝင် နိုင်ငံများသည် စစ်ရေးအရ ဝင်ရောက် စွက်ဖက် ဟန့်တားခဲ့ကြသည်။

 

သို့သော် R2P ဖြင့် လစ်ဗျား နိုင်ငံသားများကို ကာကွယ်ရန် စတင်ခဲ့ရာမှ နောက်ပိုင်း တွင် ကဒါဖီ အစိုးရအား ဖယ်ရှားရန် အထိ ရည်ရွယ်လုပ်ဆောင်လာခဲ့သည်။ ထိုသို့ ဖယ်ရှားပြီးနောက်တွင် အမေရိကန် နှင့် မဟာမိတ်များသည် နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်းပေးရန် အထိ ဆက်၍ တာဝန် ယူခဲ့ကြခြင်း မရှိ၍ အခြေအနေများ ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့ရသည်။ 

 

ဤသည်ကို ကြည့်၍ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သော တရုတ် နှင့် ရုရှားသည် R2P အပေါ် အယုံအကြည် မဲ့လာခဲ့ကြသည်။ ယင်း မူဝါဒသည် အနောက်အုပ်စု မှ ၎င်းတို့ နိုင်ငံရေး ရည်မှန်းချက် များ အတွက် အကာအကွယ် အဖြစ်သာ အသုံးချခဲ့ကြသည်ဟု ရှုမြင်လာခဲ့ကြသည်။ 

 

အမေရိကန် နှင့် ဥရောပ မဟာမိတ်များကလည်း လစ်ဗျား စစ်ဆင်ရေး ကို ဆင်နွှဲခဲ့ရာတွင် ကြုံ‌တွေ့လာရသော အခက်အခဲများ နှင့် ကုန်ကျစရိတ် များကြောင့် ထိုသို့ ထပ်မံ ပြုလုပ်ရန် စိတ်မပါ လက်မပါ ဖြစ်လာခဲ့ကြပြန်သည်။