၂၀၂၄ တွင် ပြည်သူများ စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ရေး

by Hla Soewai - Jan 03 2024

ဧရာဝတီ ၏ စစ်တမ်းများအရ လက်ရှိ ၂၀၂၃ ကုန်သည်အထိ စစ်ကောင်စီမှ သတ်ဖြတ်ခဲ့သူ စုစုပေါင်း ၄,၂၆၈ ဦး၊ ဖမ်းဆီးခဲ့သူ ၂၅,၀၀၀ ကျော်၊ 

ဖျက်ဆီးခဲ့သည့် အိမ်ပေါင်း ၇၇,၀၀၀ ကျော်၊ အိုးအိမ်မဲ့ လက်လွတ် ခြေလွတ် ထွက်ပြေးရသူ ပေါင်း ၂.၆ သန်း ရှိသွားပြီ ဖြစ်သည်။

 

မဲစာရင်းမှား၍ ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင် နှင့် လက်တဆုပ်စာ စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်ကို ၎င်းတို့ သတ်ခြင်တိုင်း သတ် ဖြတ်ခြင်တိုင်း ဖြတ်နေသော killing field အဖြစ် လ အနည်းငယ် အတွင်း မှာပင် ပြောင်းလဲပစ်ခဲ့သည်။

 

၎င်းတို့သာ အာဏာလောဘ ငမ်းငမ်းမတက်ခဲ့ပါက ထိုအဖြစ်ဆိုးများကို မြန်မာပြည်သူတို့ တဦးတယောက်မျှ ခံရဖွယ် မရှိ၊ လူပေါင်း လေးထောင်ကျော်သည် ဆက်ပြီး အသက်ရှင်နေကြဦးမည်၊ လူပေါင်း နှစ်သောင်းခွဲကျော်သည် မိသားစု နှင့် အိုးမကွာ အိမ်မကွာ ရှိနေကြဦးမည်၊ လူပေါင်း ၂.၆ သန်းသည်လည်း အိမ်က တီဗီ ရှေ့ ထိုင်ကာ မြန်မာ အိုင်ဒေါကို ကြည့်ရင်း ငြင်းခုံနေကြပေဦးမည် ပင် မဟုတ်ပါလား။

 

ထို့အတွက် ၎င်းတို့ အကြောင်းပြ အာဏာ သိမ်းခဲ့သော လုပ်ရပ်သည် မည်သည့် ရှု့ထောင့်မှ ကြည့်ကြည့် အသိဉာဏ် ရှိသူတိုင်း မည်သို့မျှ လက်ခံ၍ မရတော့။ ကျဆုံးသွားခဲ့ရသည့် အကြောင်းပြ ချက် သာ ဖြစ်သည်။ ထိုသို့ မဟုတ်က ဟုတ်က အကြောင်းပြ အာဏာ သိမ်းခဲ့ပြီး‌ နောက် သတ်ဖို့ ဖြတ်ဖို့ အရေး တွင် လက်မနှေးသော်လည်း နိုင်ငံသားများ၏ အကျိုးကိုမူ ဘာတခု မှလည်း မည်မည်ရရ မလုပ်နိုင်၊ လျပ်စစ်ကားရထား များ တတွတ်တွတ် ရေရွတ်ကာ ကြက်ခြံ၊ ဘဲခြံများ လျှောက်ကြည့်ရင်း အချိန်ကုန်လာခဲ့သူ ဖြစ်သည်။ ၎င်း၏ နှစ်သစ်ကူး မိန့်ခွန်းသည်လည်း အရေမရ အဖတ်မရ နှင့် ပြီးဆုံးသွားခဲ့သည်။

 

ထိုသို့ တိုင်းပြည်နှင့် လူမျိုး အလုံးစုံ ပျက်စီး မည့် အရေးကို မငဲ့ကွက်ပဲ အာဏာတွင် မြဲနေသ‌ ရွေ့ လုပ်သမျှသည် တရားမျှတသည် ဆိုကာ ကြံစည်နေမှု များကို မြင်တွေ့ကြားသိလာနေရသည့် အခါတွင် ၎င်းတို့ရှိနေသရွေ့ မိမိတို့ အသက်အိုးအိမ် စည်းစိမ် လုံခြုံ တည်မြဲရေးသည် မည်သို့များ အာမခံနိုင်ပေဦးမည်နည်း တွေးတောလာကြသည်။ သာမန် ပြည်သူများ အဖို့က မိမိတို့ ရင်သွေးများ အတွက်လည်း အချိန်တန် လျှင် အိမ်နီးချင်း နိုင်ငံများတွင် အိမ်ဖေါ်၊ ဆောက်လုပ်ရေး အလုပ်ကြမ်းသမား ဘဝထက် အဘယ်သို့များ ပို၍ မျှော်လင့် နိုင်ပေဦးမည်နည်း။

 

ယခု ဆင်နွှဲနေသော စစ်သည် မည်သို့မျှ ရှောင်လွှဲ၍ ရမည်မဟုတ်တော့သော ပဋိပက္ခများ အပြီးအပိုင် အဆုံးသတ်စေမည့် စစ်ပွဲကြီး သာ ဖြစ်သည်၊ ၎င်းတို့အာဏာ တည်မြဲနေသရွေ့ ဆက်၍ ဆင်နွှဲရမည့် စစ်ပွဲကြီးလည်း ဖြစ်သည်ကို နားလည် လက်ခံကြရတော့မည် ဖြစ်သည်။

 

 စစ်အုပ်စု သည် တနိုင်ငံလုံးအနှံ့ ပေါ်ပေါက်လာနေသော တော်လှန်ရေး တပ်ဖွဲ့များ၏ ထိုးစစ်သာမက၊ ၎င်းတို့အား ရွံရှာ မုန်းတီးသည်ထက် မုန်းတီး လာနေကြပြီ ဖြစ်သော ၅၅ သန်း သော ပြည်သူတရပ်လုံး၏ ကြားတွင် ညပ်နေကြပြီ ဖြစ်သည်ဟု ဧရာဝတီ က ရေးသားထားသည်။

 

ထိုသို့သော လူမျိုးများကို ရောက်‌ လေရာတွင်လက်လေးနှစ်ဖက် ရှေ့ချ၊ သို့မဟုတ်က လက်အုပ်ချီ ကာ မချိသွားဖြဲ လုပ်‌ပြ‌နေကြသူများကိုပင် ၎င်းတို့ မယုံသင်္ကာ ဖြစ်လာကြလေပြီ။ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ လာရောက်ကြရမည့် လူများကိုပင် လေယာဉ် ပေါ်တက်မည့် ခရီးသည်တဦးအား စစ်ဆေးသည့်အလား အထပ်ထပ် စစ်ဆေးပြီးမှ ဝင်ခွင့် ပြုတော့မည် ဖြစ်သည်ဟု သိရသည်။

 

နေပြည်တော် တဝိုက်ရှိ ဘုန်းတော်ကြီး ကျောင်းများ နှင့် စေတီပုထိုးများအားလည်း စစ်စခန်းများ အဖြစ် ပြောင်းလဲ အသုံးချလာကြပြီ ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ပါရှိလာခဲ့သည်။

 

နှစ်သစ် မကူးမီ နာရီပိုင်းမျှ အလိုတွင် TNLA တပ်ဖွဲ့များက ကျောက်မဲခရိုင် အတွင်းရှိ မိုင်းငေါ့ မြို့ ပတ်ဝန်းကျင်ရှိ တပ်စခန်းများ အားလုံးကို သိမ်းပိုက်ကာ မြို့အား လုံးဝဥသုံ ထိန်းချုပ်သွားနိုင်ပြီ ဖြစ်သည်။ ယခုအခါ TNLA တအောင်းတပ်မတော်သည် နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းလုံမြို့ နှင့် ဆဌမ မြောက် မြို့အဖြစ် မိုင်းငေါ့ကို ထပ်မံ ရရှိသွားခဲ့ခြင်း ဖြစ်သည်။

 

စိုးရိမ်တကြီး ဖြစ်လာနေသော စစ်တပ်သည် လာရှိုး မြို့သို့ TNLA ထိုးစစ် ဆင်လာမည်ကို ကာကွယ်ရန် လာရှိုး-နမ္မတူ ကြား အီနိုင်း ကျေးရွာ အနီးရှိ အီနိုင်းတံတားကို ဒီဇင်ဘာ ၃၁ တွင် ဖေါက်ခွဲဖျက်ဆီးလိုက်ကြသည်ဟု TNLA ဖက်မှ သတင်းထုတ်ပြန်လာခဲ့သည်။ သီပေါ-နမ္မတူ ကြားရှိ မိုးတေ တံတားအားလည်း ဒီဇင်ဘာ ၂၈ တွင် အလားတူ ဖျက်ဆီးပစ်ခဲ့ကြပြန်သည်။

 

နှစ်သစ်ကူးပြီးစ အချိန်တွင် တော်လှန်ရေး တပ်များက မန္တလေး၊ နွားထိုးကြီး၊ မဲဇာ၊ တန့်ဆည်၊ ကွတ်ခိုင်၊ရေး နှင့် ရွှေဘို မြို့တွင်း သို့ စတင် တိုက်ခိုက်လာကြသည်ဟု သိရသည်။

 

ကချင်လွတ်လပ်ရေး တပ်မတော် ဦးစီးသော တော်လှန်ရေး တပ်ပေါင်းစုသည် ယခု အခါ မိုးမိတ်မြို့ကို သိမ်းယူနိုင်ရန် လုံးပမ်းနေကြပြီ ဖြစ်သည်ဟုလည်း သိရသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေပြုဖြစ်ပေါ်လာသော “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ စစ်ကောင်စီ၏ နိဂုံးချုပ် နေဝင်ချိန်နီးလာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၏ ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူး နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

 

စစ်အာဏာရှင် တော်လှန်ရေး အပြီးသတ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုး NUG နှင့် အင်အားကြီး တိုင်းရင်းသားတော် လှန်ရေးအဖွဲ့များတွေ့ဆုံညှိနှိုင်းနေပြီး ၂၀၂၄ ခုနှစ်တွင် ပြည်သူ တွေ အောင်ပွဲခံနိုင်ဖို့ အစွမ်း ကုန်ကြိုးပမ်းနေသည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုခဲ့သည်ဟု ခေတ်သစ် သတင်းတွင် ပါရှိလာခဲ့သည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!