နိုင်ငံတကာ ရေးရာ မိတ်ဆက်(16)

by Hla Soewai - Jan 02 2024

ဘူမိနိုင်ငံရေး အရ တဦး နှင့် တဦး ‌မည်သို့မည်ပုံ ယှဉ်ပြိုင်ရမည် ဆိုသည့် နားလည်မှု ခါးတောင်းကို ကျိုက်ထားကြ၍လည်း ကမ္ဘာအခြေ အနေများ ဆိုးဆိုးဝါးဝါး မဖြစ်ပဲ တည်ငြိမ်မှု ရှိလာခဲ့ခြင်း ဖြစ်သည်။ ဝါရှင်တန် နှင့် မော်စကိုမှ ၎င်းတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်း နိုင်ငံများတွင် အပြောင်းအလဲများ ဖြစ်လာမည် ဆိုက အခြားတဖက်မှ မည်မျှ အတိုင်းအတာ အထိ သည်းညည်း ခံနိုင်မည်လဲ ဆိုသည့် အချက်ကိုလည်း အသိအမှတ်ပြု တွက်ဆခဲ့ကြသည်။

 

ဆိုဗီယက်တို့သည် ဘာလင်ရှိ အနောက်အုပ်စု ထိန်းချုပ်ခွင့် ရထားသည့် ဇုံများကို ပိတ်ဆို့မှု ကြီး လုပ်ခဲ့ပြီးနောက် ထိုသင်ခန်းစာကို ရရှိသွားခဲ့ကြသည်။ နောက်ထပ် ဆယ်ငါးနှစ်အကြာ ကျူးဘား အရေး အခင်းဖြင့်လည်း သင်ခန်းစာ ရသွားခဲ့ပြန်သည်။

 

အမေရိကန် အဖို့က ထိုကဲ့သို့ သင်ခန်းစာကို ကိုးရီယား စစ်ပွဲဖြင့် တန်ဖိုးကြီးကြီးပေးကာ ရယူခဲ့ကြရသည်။ အမေရိကန်သည် ကိုရီယား တောင်ဖက်ခြမ်းတွင် ယခင် အနေအထား ပြန်ရယုံဖြင့် မတင်းတိမ်တော့ပဲ မြောက်ဖက်ခြမ်းကိုပါ ကျုးကျော်ပြီး ကိုရီယား ကျွန်းဆွယ်အား တပေါင်းတစည်းထဲ ဖြစ်ရန် ကြိုးပမ်းလာခဲ့သည်။

 

ယင်းသည် ဆိုဗီယက် နှင့် တရုတ် တို့ အတွက် မည်သို့မျှ လက်ခံ၍ မရ ဖြစ်လာခဲ့သည်။ တရုတ်သည် အမေရိကန် ဦးဆောင်သော ကုလ တပ်များ၏ ထိုးစစ်ကို တွန်းလှန်နိုင်ရန် အတွက် "ဗော်လံတီယာများ" ဆိုသည့် ခေါင်းစဉ် တပ်ကာ တပ်သား သိန်းချီ၍ မြောက်ကိုရီယား ဖက်က ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

 

ယင်း၏ ရလဒ် အဖြစ် စစ်ပွဲသည် ထပ်မံ ကြာမြင့်သွားခဲ့ပြီး အမေရိကန် စစ်သည် နှစ်သောင်းခန့် ထပ်မံ ကျဆုံးသွားခဲ့သည်သာ အဖတ်တင်သွားခဲ့ပြီး တောင် နှင့် မြောက် နယ်ခြားသည်လည်း ယခင် သဘောတူထားသည့် အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

 

တဖန် ၁၉၇၃ အောက်တိုဘာ တွင် အစ္စရေး နှင့် ဆီရီယား၊ အီဂျစ် တို့ အကြား တိုက်ပွဲများ ဖြစ်လာပြီး အရှေ့အလယ်ပိုင်း တွင် စစ်မီးကြီး တောက်လာခဲ့ပြန်သည်။ အ‌မေရိကန်က အစ္စရေး ကို ထောက်ခံခဲသလို ဆိုဗီယက်ကလည်း ၎င်း၏ မဟာမိတ်များ ဖြစ်သော ဆီရီယား၊ အီဂျစ်ဖက်က ရပ်တည်‌ပေးလာခဲ့သည်။

 

နောက်ပိုင်းတွင် အင်အားလွန် နိုင်ငံကြီး နှစ်နိုင်ငံ နားလည်မှု ဖြင့် အဆုံးသတ်သွားအောင် ဖြေရှင်းပေးခဲ့ကြ၍ အစ္စရေးသည် လုံးဝဥသုံ အောင်ပွဲ မခံခဲ့ရတော့ပဲ ၎င်းတို့အား ဝိုင်းပိတ်ထားသည့် အီဂျစ် စစ်တပ်သည်လည်း အရာမယွင်းပဲ ကျန်ရစ်ခဲ့သည်။

 

ထိုသို့ သော သင်ခန်းစာများကြောင့် အမေရိကန် နှင့် ဆိုဗီယက်တို့သည် စစ်အေးတိုက်ပွဲကြီး ဆင်နွှဲနေသော် ငြားလည်း ၎င်းတို့အကြား "ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး" ဆိုသည့် အဆင့် ရောက်လာခဲ့သည်။

 

ဤသို့ဖြင့် နိုင်ငံရေး၊ စီးပွားရေး စနစ်များ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည့် အပြင် ကမ္ဘာအမြင်များနှင့် ရည်မှန်းချက်များသည်လည်း တောင်နှင့် မြောက် ဖြစ်နေသော နိုင်ငံကြီး နှစ်နိုင်ငံသည် လုံးဝ ထိတ်တိုက် ရင်ဆိုင်‌တွေ့ရမည့် အဖြစ်ကို ရှောင်ရှားနိုင်ခဲ့ကြသည်။

 

နောက်ပိုင်းတွင်လည်း ထိုအတိုင်း ဆက်ရှိနေရန် ယခင်ကထက် ပို၍ ဂရုတစိုက် လုပ်လာကြသည်။ ယင်းအား détente "တင်းမာမှု လျော့ပါးရေး" ဟု ကင်ပွန်းတပ်ခဲ့ကြသည်။ ယင်းသည် ပြင်သစ် စကားလုံး ဖြစ်ပြီး လေးညို့ကို ဆွဲတင်ခြင်းဖြင့် လက် ၏ အကြောများ တင်းနေမှု ပြေလျော့စေနိုင်ခြင်းဟု အဓိပ္ပါယ်ရသည်။

 

စစ်အေး တိုက်ပွဲ ကြီး အား အအေးဓါတ် လွှတ်လာခြင်း

**********

 

စစ်အေးတိုက်ပွဲကြီး ဆုံးခန်းတိုင်သွားခဲ့သည့် အချိန်ကို "စစ်ပူ" တိုက်ပွဲကြီးများ ပြီးဆုံးသွားသလိုမျိုးအတိအကျ မပြောနိုင်သော်လည်း သမိုင်းပညာရှင် အများစုက ဘာလင်တံတိုင်းကြီး ဖြိုဖျက် ပစ်နိုင်ခဲ့သည့် ၁၉၈၉ နှစ်ကုန်ပိုင်းလောက်ဟု သတ်မှတ်ခဲ့ကြသည်။ အချို့ကလည်း ဆိုဗီယက် ပြည်ထောင်စုသည် ၎င်းထိန်းချုပ်ခဲ့သည့် ပြင်ပ အင်ပိုင်ယာ ကြီး နှင့် အတူ ပျက်သုံးသွားခဲ့သည့် ၁၉၉၁ ဟု ဆိုသည်။

 

ထိုအချိန်က အဖြစ်အပျက်များသည် လိုက်မမှီ နိုင်လောက်အောင် လျှင်မြန်စွာ ပေါ်ထွက်လာ‌နေခဲ့သည်။

 

စစ်အေး တိုက်ပွဲကြီး အဘယ်ကြောင့် ဆုံးခန်းတိုင်သွားခဲ့သည်၊ မည်သည့် အချိန် တွင် မည်သို့ မည်ပုံ ဖြစ်သွားခဲ့ရသနည်း။

 

ဆိုဗီယက် စီးပွားရေး စနစ်သည် ဖွဲ့စည်းတည်ဆောက်ပုံ ပိုင်းတွင် နဂိုကပင် ပြစ်ချက်များစွာ ရှိနေပြီး ထိလွယ်ရှလွယ် အ‌နေအထား မျိုး ဖြစ်သည်။ ၁၉၈၇ တွင် သမိုင်းပညာရှင် ပေါ က‌နေဒီသည် သမိုင်းတလျောက် အင်အားကြီး နိုင်ငံများ အတက် အကျ အကြောင်း စာအုပ် ရေးသားထုတ်ဝေခဲ့ရာ ပညာရှင်များ အကြား လွန်စွာ ဩဇာ သက်ရောက်စေခဲ့သည်။

 

အဓိက အဖြစ် အင်အားကြီး နိုင်ငံများသည် ၎င်းတို့ပိုင် အင်ပိုင်ယာ ကြီး ထမ်းပိုးထားရသည့် အတွက် နိုင်ငံ ဖွံ့ဖြိုးစည်ပင် အောင် မလုပ်နိုင် ဖြစ်လာ၍ ပြည်တွင်း မငြိမ်မသက် ဖြစ်လာရသည်ဟု ဆိုသည်။

 

ပင်လယ်ရပ်ခြား တွင် ပါဝင်ပတ်သက်နေမှု အတူ တာဝန်ယူထားရမှု များ ရှိလာခဲ့ခြင်းသည် ဆိုဗီယက် ပြည်ထောင်စု ပျက်စီးရာ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာခဲ့ရသည့် သေချာပေါက် အကြောင်းရင်း ပင် ဖြစ်သည်။ စစ်ရေး ဘတ်ဂျက် အလွန် အကျွံ သုံးစွဲလာရခြင်း၊ အဝေးတွင် ရှိသည့် မဟာမိတ်များ ဘဏ္ဍာရေး အကူအညီ လိုအပ်လာပါက ထောက်ပံ့ပေးရခြင်း၊ အရှေ့ဥရောပအား သိမ်းပိုက်ထားခြင်းကြောင့် ကုန်ကျစရိတ် အလွန် ကြီးမားခံ့ခြင်း၊ ၁၉၇၉ တွင် အာဖဂန်နစ္စတန် ကို ဝင်ရောက်ကျူးကျော်ခဲ့ခြင်းကဲ့သို့ အကြောင်းမလှ ဖြစ်ခဲ့ရသည့် စစ်ရေး စွန့်စားမှုမျိုး စီးပွားရေး နှင့် လူမှု ရေး ပိုင်း ထိခိုက်ပျက်စီးခဲ့ခြင်းမျိုး အစရှိသည့် အကြောင်းများ ပေါင်းဆုံလာခဲ့သည်။

 

ဆယ်စု နှစ်ပေါင်းများစွာ တိုင်းပြည်စီးပွားရေး ကို ဈေးကွက် မူဝါဒ ဖြင့် ထိန်းချုပ်ရမည်အစား နိုင်ငံရေး အင်အားစုများက စီမံခန့်ခွဲလာခြင်းကြောင့် ထိုပြဿနာများအား ထိထိရောက်ရောက် မဖြေရှင်း နိုင်တော့ပဲ ပို၍ ကြီးထွားသည်ထက် ကြီးထွားလာခဲ့ရသည်။

 

နိုင်ငံရေး ဆုံးဖြတ်ချက်များနှင့် သံတမန်ရေး ကိစ္စများသည်လည်း အကြောင်းတရပ် အဖြစ် ပါဝင်လာခဲ့သည်။ ဆိုဗီယက် ယူနီယံသည် တရုတ်ကဲ့သို့ ကွန်မြူနစ် နိုင်ငံကြီး နှင့်လည်း မနီးစပ်တော့ပဲ တသီးတခြားစီ ဖြစ်လာခဲ့သည်။ တရုတ်သည် ဆိုဗီယက် နှင့် ဆက်ဆံရေး တွင် တန်းတူညီမျှ မှု မရှိပဲ ၎င်းတို့ အစေစားခံ ဘဝဖြင့် နေရသည်ကို မကျေမနပ် ဖြစ်လာခဲ့သည်။

 

ဘက်မလိုက် မူဝါဒ ကျင့်သုံး‌ နေသည့် တတိယ ကမ္ညာနိုင်ငံများ ကြားတွင်လည်း ကွန်မြူနစ်ချင်း အတူတူ ဖြစ်‌ သော်လည်း သူ့ဝါဒ က ကောင်းသည်၊ သု့ဝါဒ ကိုသာ အတုယူ ကျင့်သုံးသည့်သင့်သည် အပေါ်လည်း သဘောထား ကွဲကာ ယှဉ်ပြိုင်လာကြသည်။ 

 

ထို့ပြင် နှစ်နိုင်ငံ နယ်ခြားမျဉ်း သတ်မှတ်ထားမှု အပေါ်လည်း သဘောထား ကွဲခဲ့ကြသည်။

 

၁၉၆၀‌ ကျော် နှစ်များ အလွန်ပိုင်းတွင် ထိုကိစ္စကို အကြောင်းပြု၍ နှစ်နိုင်ငံ အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ၁၉၇၀ အကျော်‌တွင် အမေရိကန်သည် တရုတ်နှင့် သံတမန် ဆက်ဆံရေး ထူထောင်လာခဲ့၍ ဆိုဗီယက်တို့ ပို၍ အကျပ် ရိုက်သွားခဲ့ရပြန်သည်။