နိုင်ငံတကာ ရေးရာ မိတ်ဆက်(15)

by Hla Soewai - Jan 02 2024

လက်နက်များ တီထွင်ထုတ်လုပ်လာမည့် အရေးအားလည်း တင်းတင်းကျပ်ကျပ် ဟန့်တားထားသည့် သ‌ဘောတူညီချက်များ ဖြင့် အားဖြည့်ထားသည်။ ၁၉၇၂ တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သော ပဲ့ထိန်းတပ် ဒုံးကျည် ဖျက်သိမ်းရေး စာချုပ်သည် စစ်အေး တိုက်ပွဲကြီး ကာလတလျောက်လုဲး တည်တံ့နေခဲ့သည်။

 

အဆိုပါ စာချုပ်အရ ‌ဆိုဗီယက် နှင့် အမေရိကန်သည် တဖက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များ ပစ်မှတ်ကို မထိမှီ ပစ်ချ နိုင်စွမ်း ရှိမည့် စနစ်မျိုး စမ်းသပ်ထုတ်လုပ်ခြင်း မှ ရှောင်ကျဉ်ရန် သဘောတူခဲ့ကြသည်။ သို့်မှသာ နှစ်နိုင်ငံစလုံး လုံခြုံမှု မရှိတော့၍ အပြန်အလှန် ဟန့်တားထားခြင်းမျိုး ဖြင့် နျူကလီယား စစ်ပွဲကြီး ဖြစ်လာနိုင်သည့် အခွင့် အလန်း များ လျော့ပါးသွားခဲ့ရသည်။

 

သံခင်းတမန်ခင်း သည် လက်နက် ထိန်းချုပ်ရေး သက်သက် မဟုတ်တော့ပဲ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှ တဆင့် အပြန်အလှန် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာကြသည်။ သက်ဆိုင်ရာ သံအမတ်ကြီးများသည် ထိုနိုင်ငံ၏ ထိတ်တန်း အစိုးရ အဖွဲ့ဝင်များကို အချိန်မရွေး ဝင်ထွက် တွေ့ဆုံနိုင်ခွင့် ရှိနေသည်။

 

ကုန်သွယ်ရေး၊ ယဉ်ကျေးမှူ ဖလှယ်ရေး နှင့် ခရီးသွားလာရေး လုပ်ငန်းများလည်း ရှိလာခဲ့သည်။ အရေးပါဆုံး အချက်သည်ကား နှစ်နိုင်ငံ ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲများ ပုံမှန်လို ပြုလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

အတိုချုပ်အားဖြင့် ဆိုရလျှင် အမေရိကန် နှင့် ဆိုဗီယက်သည် အကြီးအကျယ် ယှဉ်ပြိုင်ခဲ့ကြသော်လည်း လက်လွတ်စပယ် မဟုတ်ပဲ ချူပ်တည်းရမည့် အကြောင်းများ နှင့် ချည်နှောင်ထားကြပြီးလည်း ဖြစ်သည်။

 

အမေရိကန် သည် ဆိုဗီယက် အစိုးရ အား ၎င်း၏ နိုင်ငံသားများနှင့် အင်ပိုင်ယာ အတွင်းရှိ အခြား နိုင်ငံသားများ အပေါ် ဆက်ဆံနေပုံ ကို ထုတ်ဖေါ် ကန့်ကွက် ပြောဆိုမှုများ ရှိခဲ့သော်လည်း တကယ်တမ်း ထိုအရေးအား ထိထိရောက်ရောက် စိန်ခေါ်ရန်ကိုမူ လွန်စွာ သတိထား ရှောင်ကျဉ် ခဲ့ကြသည်။

 

ဤသည်ကင် စိတ်ကူးယဉ် ဝါဒ အပေါ် သရုပ်မှန် ဝါဒ က အနိုင်ရခဲ့ခြင်းပင် ဖြစ်သည်။ အမေရိကန်သည် ဆိုဗီယက်တို့၏ အပြုအမူ များကို ၎င်းတို့ နယ်ခြားကျော်လွန်လာမှသာ ထိန်းချုပ်ရန် ဦးစားပေးထားသည့် နိုင်ငံခြားရေး မူဝါဒကို အကောင်အထည် ဖေါ်ခဲ့ပြီး ၎င်းတို့ နယ်နမိတ် အတွင်း လုပ်နေသည်များကိုတော့ အခြေခံကျကျ ပြောင်းလဲပစ်ရန် ကြိုးပမ်းခဲ့ခြင်း မရှိပေ။

 

သို့သော် ဆိုဗီယက် ခေါင်းဆောင် လီယိုနစ် ဘရက်ဇညက် အမည်ကို အစွဲပြု၍ ခေါ်ဆိုကြသည့် ဘရက်ဇညက် လမ်းစဉ်ကိုတော့ အမေရိကန် အစိုးရ အဆက်ဆက် လက်မခံခဲ့ကြပေ။ ဘရက်ဇညက် ဝါဒ ဆိုသည်ကား "အရှေ့ဥရောပရှိ ဆိုဗီယက် ဩဇာစက်ဝန်း အတွင်း ရှိနေသည့် နိုင်ငံများတွငိ ၎င်းတို့ အပေါ် သစ္စာရှိနေမည့် ကွန်မြူနစ် အစိုးရများ အာဏာ တည်မြဲနေစေရန် လိုအပ်လျှင် စစ်အင်အားကို သုံးသွားမည်" ဟူ၍ ဖြစ်သည်။

 

ဆိုဗီယက်တို့ ကျောထောက်နောက်ခံ ပေးထားသည့် အစိုးရများအား ဆန့်ကျင် ပုန်ကန်မှုများသည် ၁၉၅၃ တွင် အရှေ့ဂျာမဏီ၊ ၁၉၅၆ တွင် ဟန်ဂေရီ၊ ၁၉၆၈ တွင် ချက်ကိုစလိုဗက်ကီယား၊ ၁၉၇၀ နှင့် ၁၉၈၁ တွင် ပိုလန် တို့တွင် ဖြစ်ပွားခဲ့သည်။ ထိုနိုင်ငံများရှိ ပြည်သူများ ဆိုဗီယက် လက်အောက်မှ လွတ်မြောက်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့မှုများအား အမေရိကန်သည် တခါဖူးမျှ ထိထိရောက်ရောက် ပါဝင်ကူညီခြင်း မရှိခဲ့ပေ။

 

အလားတူပင် ဆိုဗီယက်တို့မှ ၁၉၆၁ တွင် ဘာလင် တွင် အုတ်တံတိုင်းကြီး ခတ်လာခဲ့စဉ်ကလည်း အမေရိကန်ဖက်မှ ပိတ်ဆို့ ဟန့်တားပေးခဲ့ခြင်း မရှိပေ။ ကွန်မြူနစ် လက်အောက်ရှိ အရှေ့ဘာလင် မြိုသူမြို့သားများ ဒီမိုကရေစီ စနစ် ကျင့်သုံးနေသည့် အနောက်ဘာလင်သို့ တဖွဲဖွဲ ပြေးဝင်ခိုလှုံနေမှုကို ဟန့်တားရန် ဆိုဗီယက် မှ အုတ်တံတိုင်း ခတ်လာခဲ့ခြင်း ပင် ဖြစ်သည်။

 

အမေရိကန် တို့ဖက်မှ ထိုသို့ သတိကြီးစွာ ထားပြီး ချုပ်တည်းနေခြင်းမှာလည်း ဆိုဗီယက်တို့နှင့် ထိတ်တိုက်တွေ့လာသည့် အခါ ၎င်းတို့၏ အင်ပိုင်ယာ နှင့် အကျိုးစီးပွားကို ကာကွယ်ရန် အင်အားသုံးလာမည့်အရေးကို စိုးရိမ်မကင်း ဖြစ်ခဲ့သောကြောင့်လည်း ဖြစ်ပေသည်။

 

ထိုသို့ ဆို၍ ဖြစ်ပျက်နေမှု များအား အမေရိကန်မှ လျစ်လျူရှု နေခြင်း မျိုးတော့ မဟုတ်ပေ။ သမ္မတ ဂျင်မီကာတာ နှင့် ရော်နယ် ရီဂင် အစိုးရများ မှ ဆိုဗီယက် ပြည်ထောင်စု အတွင်း လူအခွင့်အရေးများ ချိုးဖောက်နေမှုများကို ရှုတ်ချခဲ့ကြပြီး၊ ထင်ရှားသော နိုင်ငံရေး အကျဉ်းသားများ အား ပြန်လွှတ်ပေးရန် ဖိအားပေးခဲ့ကြသည်။ ထို့အပြင် ဆိုဗီယက်ရှိ ဂျူးလူမျိူးမျာအားလည်း ဆန္ဒရှိပါက ပြည်ပသို့ ပြောင်းရွှေ့ အခြေချခွင့် ပြုရန် လည်း တောင်းဆိုပေးခဲ့ကြသည်။

 

ဆိုဗီယက် တို့ကလည်း အမေရိကန် လူ့အစည်းအရုံးကြီးတွင် ကမောက်ကမ ဖြစ်နေမှု များ နှင့် အားနည်းချက်များကို အမြဲလို ထောက်ပြဝေဖန်ခဲ့ကြသည်။

 

သို့သော် အပြောအဆင့်တွင်သာ ရပ်ခဲ့ကြပြီး ထိတ်တိုက် ရင်ဆိုင်‌တွေ့ကာ အဓိက အန္တရာယ်ကြီး ဖြစ်သော နျူကလီယား စစ်ကြီး ဖြစ်လာနိုင်သည့် အရေး မှန်သမျှ ကို ရှောင်ရှားခဲ့ကြသည်။

 

ဆိုဗီယက်သည် ထိုမူဘောင်များ အတွင်းမှပင် အမေရိကန် ဆန့်ကျင်ရေး များ ဖြစ်ပေါ်အောင် လှုံ့ဆော်နိုင်ခဲ့သဖြင့် အနောက် ကမ္ဘာခြမ်းရှိ ကျူးဘား နှင့် နိုင်ကာရာဂွာ တွင် ကွန်မြူနစ် အစိုးရများ ထွက်ပေါ်လာခဲ့သည်။

 

လူထူ အကျိုးရှိရာ ရှိကြောင်း လုပ်ရန် မည်သို့မျှ စိတ်ကူး မရှိ‌ သော ထိုနိုင်ငံများရှိ အာဏာရှင်များ တွန်း လှန်တိုက်ပွဲဝင်နေကြသော လူပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများကို အကူအညီပေးခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။ အကူအညီပေးသည် ဆိုရာတွင်လည်း ထောက်လှမ်းရေး သတင်းများ၊ စစ်ရေး အကူအညီများ နှင့် အတိုးမဲ့ ချေးငွေမျိုး တို့နှင့်သာ ထောက်ပံ့ပေးခဲ့ကြခြင်း ဖြစ်သည်။ ဆိုဗီယက်တို့ လက်တင် အမေရိက တွင် စစ်ရေးအရ တိုက်ရိုက် ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မျိုး မရှိသလောက်ဟု ဆိုရမည် ဖြစ်သည်။

 

ဤသည်ကလည်း အမေရိကန်မှ မွန်ရိုး လမ်းစဉ် ဖြင့် ၎င်းတို့အတွက် မဟာဗျူဟာ အကျိုးစီးပွားအရ အရေးပါသည့် ဒေသဖြစ်၍ မဖြစ်မနေ ကာကွယ်သွားမည်ဟု ကြေငြာထားသောကြောင့်လည်း ဖြစ်သည်။

 

စစ်အေး တိုက်ပွံကြီး ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း လေးဆယ် အတွင်း တည်ငြိမ်မှု ရှိခဲ့ခြင်းမှာလည်း bipolarity ဆိုသည့် အင်အားကြီး နိုင်ငံများသည် မိမိတို့ ဩဇာသက်ရောက်ရာ ဒေသများ ပိုင်းခြားထားခြင်း၊ မဟာမိတ်များ ဖွဲ့စည်းထားခြင်း အစရှိသည့် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် စနစ်တကျ အကွက်ချ တည်ဆောက်ထားနိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။

 

ကမ္ဘာကြီးအား နိုင်ငံ အများအပြားအစား ထိုသို့ အင်အားကြီး နှစ်နိုင်ငံတည်းကသာ စီမံခန့်ခွဲ နိုင်ခဲ့ခြင်းကြောင့်လည်း အခက်အခဲ မရှိ တည်ငြိမ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်နိုင်ငံ နှင့် ကင်းလွတ်ပြီး ကိုယ့်သဘော နှင့် ကိုယ်လုပ်နိုင်သည် ဆိုစေဦး မည်သို့မျှ ထိရောက်မှု ရှိမည် မဟုတ်ပေ။ ဗြိတိန်၊ ပြင်သစ် ကဲ့သို့သော နိုင်ငံများကလည်း ထိုသို့ လုပ်ရန် ကြိုးစားခဲ့ခြင်းမျိုး မရှိပဲ အမေရိကန်၏ ဦးဆောင်မှု နောက်သာ လိုက်ခဲ့ကြသည်။

 

သို့သော် တရုတ်သည် ဆိုဗီယက်၏ စေစားလာမှုများ အပေါ် မကျေမနပ် ဖြစ်လာပြီး ၁၉၆၀ ကျော် ပိုင်းတွင် ခွဲထွက်လာခဲ့သည်။ 

 

စစ်အေး တိုက်ပွဲကြီး အတွင်း မည်သို့သော ပြောင်းလဲမှု ကြီး မဆို အင်အားကြီး နှစ်နိုင်ငံ လွှမ်းမိုးထားသော နိုင်ငံတကာ ဆက်ဆံရေးဘောင် အတွင်းတွင်သာ ဖြစ်ပေါ်လေ့ ရှိသည်။ နိုင်ငံ အများစုသည် လည်း တဖက်ဖက်ကို မဖြစ်မနေ ရွေးချယ်လာခဲ့ရသည်။ များသော အားဖြင့် ဆိုဗီယက်သည် ၎င်းတို့ဖက် ပါအောင် ခြိမ်းခြောက် အကျပ်ကိုင်လေ့ ရှိသည်။

 

အချို့နိုင်ငံများက တဖက်ဖက် လိုက်ရမည် ကို ဆန့်ကျင်ကာ "ဘက်မလိုက်မူ" ကို ကျင့်သုံးပြီး နှစ်ဖက်စလုံးမှ အကူအညီများကို ပုံစံ တမျိုး မဟုတ် တမျိုး နှင့် လက်ခံခဲ့ကြသည်။ အများစု မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြပြီး ၎င်းတို့အား တတိယ ကမ္ဘာနိုင်ငံများဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုနိုင်ငံများသည် အမေရိကန် ဦးဆောင်သော အရင်းရှင်စနစ် ကျင့်သုံးသည့် ပထမ ကမ္ဘာ နှင့် ဆိုဗီယက် ဦးဆောင်သည့် ကွန်မြူနစ်စနစ် ကျင့်သုံးသည့် ဒုတိယ ကမ္ဘာ အမျိုးအစားတွင် မပါဝင်သောကြောင့် တတိယ ကမ္ဘာဟု သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။