နိုင်ငံတကာ ရေးရာ မိတ်ဆက်(14)

by Hla Soewai - Jan 02 2024

စစ်အေး ‌တိုက်ပွဲ ကာလ ကြီး အတွင်း အန္တရာယ် အများဆုံး ဖြစ်ရပ်ကြီးက ၁၉၆၂ အောက်တိုဘာလ တွင် ထွက်ပေါ်လာခဲ့သည်။ ကျူးဘားသို့ စေလွှတ်ထားသော ဆိုဗီယက် အမှုထမ်းများသည် နျူကလီယား ထိပ်ဖူးများ တပ်ဆင်ထားသော ဒုံးကျည်များကို တပ်ဆင်ပေးနိုင်ရန် အတွက် ဖြစ်သည် ဆိုသည်ကို အမေရိကန်ဖက်က သိရှိသွားခဲ့သည်၊ ထိုနျူကလီယား ဒုံးကျည်များ တပ်ဆင်ပြီးပါ က အမေရိကန် ကို မိနစ် အနည်းငယ် အတွင်း ရောက်ရှိအောင် ပစ်ခတ်နိုင်ပေတော့မည်။

 

ယင်းလုပ်ရပ်သည် အခြား အင်အားကြီး နိုင်ငံတနိုင်ငံ နှင့် ကပ်နေသော ဒေသအတွင်း ချုပ်တည်းမှု ပြရမည် ဆိုသည် နှင့် မကိုက်ညီပဲ ဖြစ်နေသည်။ ထို့အပြင် နျူကလီယား ဟန့်တားရေး ဆိုသည်ကိုလည်း ထိခိုက်ပျက်ပြားစေသည့် လုပ်ရပ် အဖြစ် အချို့က ရှုမြင်ခဲ့ကြသည်။

 

ယင်းနှင့် အတူ နျူကလီယား စစ်ပွဲကြီး အမှန်တကယ် ဖြစ်လာ‌ တော့မည်ဟု အများစု က ယူဆလာခဲ့ကြသည်။ ထိုသို့ တိုက်ခိုက်ခံရပါက မည်သို့ ကာကွယ်ရမည် ဆိုသည်ကို စာသင်ကျောင်းများ တွင် သရုပ်ပြ လေ့ကျင့်မှုများပင် ပြုလုပ်လာခဲ့ကြသည်။ အမေရိကန် နိုင်ငံသားများကလည်း နောက် ဆယ်ရက်ခန့်အထိသာ အသက်ရှင်ကြတော့မည်ဟု မှတ်ယူလာကြသည်။

 

ကံအားလျှော်စွာပင် ကျူးဘား ဒုံးပျံ အကြပ်အတည်းကြီးသည် ဆယ်သုံးရက်သာ ကြာခဲ့ပြီးနောက် ဆုံးခန်းတိုင်သွားခဲ့သည်။ အမေရိကန် ပြည်ထောင်စု မှ ဆိုဗီယက် ဒုံးကျည်များ တခုမကျန် ဖယ်ရှားပေးရမည်ဟု ပြတ်ပြတ်သားသား တောင်းဆိုခဲ့ပြီး၊ တဖက်တွင်လည်း ကျူးဘားသို့ ဦးတည်လာသော ဆိုဗီယက် သင်္ဘောမှန်သမျှ ကို ပိတ်ဆို့ပြီး တက်ရောက် ရှာဖွေရန် အထိ ပြင်ဆင်လာကြသည်။

 

နောက်ဆုံးတွင် အမေရိကန်သည် အလားတူ ဆိုဗီယက်သို့ မိနစ် အနည်းငယ် အတွင်း ရောက်ရှိနိုင်သည့် နေရာ ဖြစ်‌ သော တူရကီမှ ၎င်းတို့ ၏ ဒုံးကျည်များကို ဖယ်ရှားပေးမည်ဟု လူမသိ သူမသိ ကတိပေးခဲ့ရပြီး၊ သမ္မတ ကနေဒီမှလည်း ကျူးဘားကို မည်သည့် အခါမျှ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုဟု လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့ရသည်။ ဆိုဗီယက်တို့ အရှက်တကွဲ ဖြစ်စရာ မလိုပဲ ရုပ်သိမ်းသွားနိုင်အောင် လမ်းဖွင့် ပေးခဲ့ရခြင်းလည်း ဖြစ်သည်။

 

ဤသို့ဖြင့် မထင်မှတ်ပဲ နျူကလီယား စစ်ပွဲကြီး သို့ တခဏ အတွင်း ဦးတည်သွားနိုင်သည့် အရေးကို ရှောင်လွှဲနိုင်ခဲ့ကြသည်။

 

ပြိုင်ဆိုင်မှု များ အလွန်အကျွံ ဖြစ်မလာအောင် စီမံ လာကြခြင်း

************

 

အဘယ်ကြောင့် စစ်အေး တိုက်ပွဲကြီးသည် အမြဲလို အေးစက်နေသည့် အဆင့်တွင်ပင် ရှိနေခဲ့ရသနည်း။ ပထမဆုံး အနေဖြင့် စစ်အင်အား ချိန်ခွင်လျှာ ညီမျှ နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ အမေရိကန်သည် အနောက်ဥရောပ နိုင်ငံ အများစု ပါဝင်သည့် မြောက်အတ္တလန်တစ် စာချုပ် အဖွဲ့ ခေါ် နေတိုးကို ကမကထပြု ဖွဲ့စည်းထားသည်။ ဆိုဗီယက် ယူနီယံသည်လည်း အရှေ့ ဥရောပရှိ ၎င်း၏ လက်ဝေခံ နိုင်ငံများ နှင့် ဝါဆော စာချူပ် အဖွဲ့ဟူ၍ ဖွဲ့စည်းလာခဲ့သည်။

 

အကယ်၍ ထိုအဖွဲ့ကြီး နှစ်ဖွဲ့သည် ဥရောပ ကုန်းမြေကြီး ပေါ်တွင် စစ်ပွဲကြီး ဆင်နွှဲလာမည်ဆိုက မည်သည့် ရလဒ် ထွက်ပေါ်လာမည်က ရေရာ သေချာ မပြောနိုင်သော်လည်း ပျက်ဆီးဆုံးရှူံးရမည့် အရေးက သေချာနေသဖြင့် ဖြစ်လာနိုင်ဖွယ် မရှိ‌ပေ။

 

ထိုသို့သော မျှခြေမျိုးသည် ပိုင်ဆိုင်ထားသော စစ်လက်နက် အင်အား ပေါ်တွင် အခြေပြုထားသည်သာ မက စစ်ရေး အရ တိုက်ခိုက်ရန် အခြေအနေမျိုး ကြုံလာလျှင် တိုက်ရိုက် ပါဝင်မည်ဟု အမေရိကန် နှင့် နေတိုး အဖွဲ့ဝင် နိုင်ငံများက လိုလိုလားလား ရှိနေကြမှု ကြောင့်လည်း ဖြစ်သည်။

 

နေတိုး အဖွဲ့ဝင် နိုင်ငံ ဖြစ်လာပါက အဓိက လိုက်နာရမည့် အချက်သည် စာချူပ်ပါ ပြဋ္ဌာန်းချက် အပိုဒ် ငါး တွင် ဖေါ်ပြထားသော "အဖွဲ့ဝင် တနိုင်ငံ အတိုက်ခံရခြင်းသည် ကျန် အဖွဲ့ဝင် နိုင်ငံများ တိုက်ခိုက်ခံရခြင်း နှင့် အတူတူပင် ဖြစ်သည်ဟု သဘောထားရမည်" ဆိုသည်ပင် ဖြစ်သည်။

 

ထိုကဲ့သို့ စစ်ရေး အရ တိုက်ခိုက်ရန် လိုလိုလားလား ရှိနေကြောင်း ပြသနိုင်ခဲ့ခြင်းကပင် စစ်အေး တိုက်ပွဲကြီး အား အဆင့်ကျော်မလာစေရန် ထိန်းကျောင်းပေးထားသလို ဖြစ်ခဲ့ရသည်။

 

နောက်တချက်ကလည်း ၎င်းတို့ နှစ်နိုင်ငံ အကြား နျူကလီယား စစ်ပွဲကြီး ဖြစ်လာပါက မည်သူမျှ အကျိုး အမြတ် ထွက်စရာ မရှိ၊ အနိုင်ရ ကျန်ခဲ့သူ ရှိမည် မဟုတ် ဆိုသည်ကို အမေရိကန်ကော၊ ဆိုဗီယက်ပါ သဘောပေါက် နားလည်ထားကြသောကြောင့်လည်း ဖြစ်သည်။

 

နျူကလီယား လက်နက်များသည် သမာယိုးကျ အင်အား ချိန်ခွင်လျှာကို ကျားကန် ပေးထားခဲ့သည်။ မည်မျှပင် အကျိုးရှိစေနိုင်စေကာမူ၊ မည်သို့သော ပုံစံမျိုး ဖြင့် စတင်ခဲ့စေကာမူ ပေးဆပ်လိုက်ရမည့် တန်ဖိုးသည် ရနိုင်သည်ထက် အဆမတန် ပိုများသွားမည်ကို ခေါင်းဆောင်လုပ်သူများ နားလည် ထားပြီး ဖြစ်သည့်အတွက် ယှဉ်ပြိုင်လိုစိတ်များ လျော့ပါးသွားစေခဲ့သည်။

 

ထိုသို့ နားလည် သဘောပေါက်လာအောင်လည်းအပြန်အလှန် အလုံးစုံ ပျက်စီးရေး Mutually Assured Destruction (MAD) အယူအဆ အပြင် တန်ပြန် တိုက်ခိုက်နိုင်စွမ်း Second-Strike Capability များ ပိုင်ဆိုင်ထားကြသည်ကို သိထားကြ၍ လည်း ဖြစ်သည်။ တဖက်မှ နျူကလီယား ဖြင့် တိုက်ခိုက်လာမှု ကို ခံနိုင်ရည် ရှိအောင် ပြင်ဆင်ထားပြီး ပြန်၍ လက်တုန့်ပြန် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်ကို ဆိုလိုခြင်း ဖြစ်သည်။

 

ထိုအချက်များသည် အခြားတဖက်အား လက်ဦးမှု ယူ၍ တိုက်ခိုက်ပါကလည်း အချည်းနှီးသာ ဖြစ်မည် ဆိုကာ ဟန့်တားထားနိုင်ခဲ့သည်။

 

အကယ်၍ နျူကလီယား လက်နက်များကိုသာ တီထွင် နိုင်ခဲ့ခြင်း မရှိလျှင် စစ်အေး တိုက်ပွဲသည် အမြဲလို အေးစက်နေတော့မည် မဟုတ်ပေ။ တွက်ချက်ယူဆမှု များက တမျိုးတဖုံ ဖြစ်လာပြီး သမိုင်း၏ ဖြစ်ပေါ်ရာ လမ်းကြောင်းသည်လည်း လွန်စွာ ကွဲပြားစွာ ထွက်ပေါ်လာတော့မည်သာ ဖြစ်သည်။

 

မည်သို့သော အကြောင်းခြင်းရာ တခုကြောင့် ထိတ်တိုက်ရင်ဆိုင်စရာ ဖြစ်လာခဲ့လျှင် ဒေသ တွင်း စစ်ပွဲများသည် ပထဝီ အနေအထား ပေါ် မူတည်ပြီး ကူးစက်လာမည်သာ ဖြစ်သည်။

 

နျူကလီယား လက်နက်များ နှင့် ယင်းတို့ကြောင့် ဖြစ်ပေါ်လာသော ချူပ်တည်းမှု များ မရှိဟု ဆိုက ယခု အချိန်တွင် စစ်အေး တိုက်ပွဲအစား တတိယ ကမ္ဘာစစ်ကြီး အကြောင်း လေ့လာသုံးသပ်နေရ‌ တော့မည်ဆိုသည်က ချဲ့ကား ပြောဆိုခြင်း မဟုတ်ပေ။

 

လက်နက် ထိန်းချုပ်ရေးသည် ငြိမ်းချမ်း‌ ရေးအား ထိန်းသိမ်းရာလည်း ရောက်၍ သံခင်းတမန်ခင်း၏ အထူးပြု ဘာသာရပ် လို အစိတ်အပိုင်း တခု ဖြစ်လာသည်။ အမေရိကန် နှင့် ဆိုဗီယက်သည် နျူကလီယား ဟန့်တားရေး နှင့် တည်ငြိမ်မှု ရှိရေး အတွက် သဘောတူညီချက် ပေါင်းစွာကို လက်မှတ်ရေး ထိုးခဲ့ကြပြီး ဖြစ်သည်။

 

မဟာဗျူဟာ လက်နက် ကန့်သတ်ရေး ဆွေးနွေးပွဲ Strategic Arms Limitation Talks (SALT) နှင့် မဟာဗျူဟာမြောက် လက်နက် လျော့ချရေး စာချုပ် Strategic Arms Reduction Treaty (START) သဘောတူညီချက်များဖြင့် နှစ်ဖက်စလုံးမှ ဖြန့်ကြက် ချထားနိုင်သည့် မြေပြင် အခြေစိုက် ဒုံးကျည်များ၊ ဗုံးကြဲလေယာဉ်များ၊ နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည်များ သယ်ယူနိုင်သည့် ရေငုပ်သင်္ဘောများ အရည်အတွက် ကို ကန့်သတ် နိုင်ခဲ့ကြသည်။

 

၁၉၈၇ သဘောတူညီချက်ဖြင့် တာလတ်ပစ် နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည်များကို ဖျက်သိမ်းပစ်နိုင်ခဲ့သည်၊ တာတို နှင့် တာဝေးပစ် များက ဆက်ရှိနေသည်။

 

ထိုကဲ့သို့သော သဘောတူညီချက်များကြောင့် နှစ်ဖက် အကြား ပွင့်လင်းမြင်သာမှု ရှိလာပြီး တဖက်က ဘာလုပ်နေသည်၊ ဘာတွေ ပိုင်ဆိုင်နေသည်ကို ခန့်မှန်း နိုင်စွမ်း ရှိလာခဲ့သည်။ ထို့အတွက် နှစ်ဦး နှစ်ဖက် လွန်စွာ အကုန်အကျ များမည့် လက်နက်ပြိုင်ပွဲကြီးများ နှင့် အတွက်အချက် အယူအဆ မှား၍ မတော်တဆ စစ်ပွဲကြီး ဖြစ်လာမည် အရေးတို့ကို ရှောင်ရှားနိုင်ခဲ့ကြသည်။