အကော်ဒီယံ အုန်းကျော် တေးလည်း မဆိုနိုင်တော့ပြီ

by Hla Soewai - Jan 02 2024

TNLA တပ်များက ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခုလုံးကို ထိန်းချုပ် လိုက်နိုင်ပြီ ဆိုသော သတင်း၊ နိုင်ငံခြား ငွေကို စစ်ရံပုံ ငွေ အတွက် ကျစ်ကျစ် ပါအောင် ဆုပ်ထားရ၍ ဓါတ်ဆီ၊ လောင်စာဆီများ လိုသလောက် မတင်သွင်း နိုင်တော့၍ သတ်မှတ်ထားသည့် ပမာဏ ထက် ပိုမိုဝယ်ယူနေသူများအား ဖမ်းဆီးနေရသည် ဆိုသော သတင်းများသည် စစ်တပ်သည် နောက်ဆုံးတွင် အနိုင်ရလိမ့်မည်ဟု မျှော်လင့်နေသူများ အတွက် မည်သို့မျှ အားတက်ဖွယ် ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

 

စစ်အာဏာသိမ်း အဖွဲ့သည် ရှေ့လျောက် အသက်ဆက်နိုင်ရေး အတွက် ပြည်ပ မိတ်ဆွေများ လိုအပ်နေသည်။ သို့သော် ၎င်းတို့ကို ပြန်ပေးနိုင်သည့် သယံဇာတ များက ခန်းခြောက်လာနေပြီ ဖြစ်သည်ဟု Frontier Myanmar မှ ထောက်ပြလာခဲ့သည်။

 

"စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ၊ သယံဇာတ ပေါကြွယ်ရာမြေ" ဆိုသည့် သီချင်းသည် ၁၉၉၀ ကျော် နှစ်များ အတွင်း ပျံ့လွင့်လာခဲ့ဖူးသည်။ အမှန်တကယ်လည်း တိုင်းပြည်၏ သယံဇာတ များကို ၎င်းတို့ အတွက် ထောင်ထွက် လက်မှတ် အလား အသုံးချခဲ့ကြသည်။ သို့သော် အမေရိကန် အစိုးရမှ ၎င်းတို့ပိုင် ဘဏ်တိုက်ကြီး နှစ်ခု နှင့် လေယာဉ်ဆီ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီများ အထိ ဒဏ်ခတ် ပိတ်ဆို့လာသည့် အခါတွင်တော့ ဆောက်တည်ရာ မရ ဖြစ်လာခဲ့ကြသည်။

 

အာဏာသိမ်း အဖွဲ့သည် ချက်ခြင်းလို လူအပြောင်းအလဲ လုပ်လာပြီး နိုင်ငံခြားရေး ဝန်ကြီး ဆိုသူအားလည်း ဘန်ကောက်သို့ လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် လာ‌ တွေ့ရန် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကို ဖိတ်ခေါ်ခဲ့သည်။ သူမ၏ ပြစ်ဒဏ်များကို မဆိုသလောက် လျော့ချပေးခဲ့ပြီး ပိတ်ဆို့ဒဏ်ခတ်မှု များ ရှောင်လွဲရန် ကြံစည်နေမှုများ ပေါက်ကြားခဲ့၍ အစိုးရ အရာရှိကြီး တဒါဇင်ခန့်ကို ထိန်းသိမ်းခဲ့သည်။ ‌နေပြည်တော်ရှိ MOGE ရုံးချုပ်တွင် ကုလားသိုက် ကျားဝင်ဆွဲသလို ဖြစ်ကုန်သည်ဟု အတွင်း သတင်းများအရ သိခဲ့ရသည်။

 

သုံးနှစ်နီးပါး ကြာလာပြီးနောက် ၎င်းတို့ရင်ဆိုင်နေရသည့် အခြေအနေ အမှန်ကို သဘောပေါက်စ ပြုလာကြပြီ ဖြစ်သည်။ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ခန်းခြောက်လာပြီး ၁၉၉၀ ကျော် နှစ်များအတွင်းသယံဇာတ ထွက်ကုန်များ ဈေးကောင်းကောင်းနှင့် ရောင်းချနိုင်ခဲ့သည့် ခေတ်လည်း ကုန်သွားပြီ ဖြစ်သည်။

 

ပြည်ပ မြီးရှင်များ က အကြွေးများ ပြန်တောင်း လာကြပြီး၊ ကျပ်ငွေတန်ဖိုးသည်လည်း ထိုးကျလာသည်။ စစ်ဗိုလ်ချုပ်များ အဖို့ မဟာမိတ်များကို အရင်ကထက် ပိုလိုအပ်လာခဲ့သည်။ သို့သော် ၎င်းတို့သည် ထိုသို့ မဟာမိတ်များ လက်တကမ်းတွင် ရှိနေရန် ‌ပေးစရာက မကျန်တော့၊ စီးပွားရေး ဒဏ်ခတ်မှုများကို ကျော်လွှားပြီး ဘဏ္ဍာရေးအရ ဆက်၍ ရှင်သန် နိုင်ပါဦးမည်လောဟု မေးခွန်းထုတ်လာကြသည်။

 

စစ်တပ်သည် စီးပွားရေး ပိတ်ဆို့သည့် ဒဏ်ကို ခံနိုင်ရန် ၁၉၉၀ နောက်ပိုင်းမှစပြီး နိုင်ငံ သုံးနိုင်ငံကို အဓိက အမှီသဟဲ ပြုလာခဲ့ရသည်။ ဘဏ်လုပ်ငန်း ဆောင်တာများ အတွက် စင်္ကာပူ၊ ဓါတ်ငွေ့ ဖောက်သည် အဖြစ် ထိုင်း နှင့် အခြေခံ အ‌ဆောက်အအုံများ ဖွံ့ဖြိုးရေး နှင့် သယံဇာတများ တင်ပို့ ရောင်းချနိုင်ရေး အတွက် တရုတ် တို့ ဖြစ်သည်။

 

အပြန်အလှန် အနေဖြင့် ထိုသုံးနိုင်ငံ သည်လည်း မြန်မာ ၏ သဘာဝ အရင်း အမြစ်များ နှင့် ရင်းနှီး မြုပ်နှံနိုင်မည့် အခွင့်အလန်းများ ရလာခဲ့ကြသည်။

 

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် သူ့နောက်လိုက်များ ဖန်တီးလိုက်သည့် နိုင်ငံရေး၊ စီးပွားရေး မုန်တိုင်းကြီးကြောင့် ထိုအ‌နေအထားသည် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

 

စင်္ကာပူ၊ ထိုင်း နှင့် တရုတ်တို့မှ မြန်မာသည် ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပြီ ဆိုသော လက္ခဏာများ ပြလာခဲ့သည်။ ယင်းနှင့် အတူ နေပြည်တော်သည် ပို၍ အထီးကျန် ဆန်လာပြီး ဒဏ်ခတ် ပိတ်ဆို့မှုများ ကို ကာကွယ်နိုင်စွမ်း နည်းပါးလာသည်၊ ၎င်းတို့ကိုယ်တိုင် အတွက်သာ အခြေခံ အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများ၊ လက်နက် ဝယ်ယူ ဖြည့်တင်းရေး များ အတွက် ငွေ မရှာနိုင် ဖြစ်လာနေသည်။

 

စင်္ကာပူ တွင် မြန်မာရှိ ခေါင်းဆောင်ပိုင်း နှင့် ကရိုနီများ အတွက် အားကိုးအားထားပြုစရာ ဘဏ်လုပ်ငန်းများ ရှိနေသည်။ လက်ရှိတွင် ဗဟိုဘဏ်၏ ပြည်ပ အရံငွေ ၆၇ ရာနှုန်းခန့်ကို စင်္ကာပူ ဘဏ်များတွင် အပ်နှံထားသည်။ ထို့ပြင် သယံဇာတ ရောင်းရငွေများ အတွက်လည်း ငွေပေးချေ ရာ လမ်းကြောင်းလည်း ဖြစ်သည်။

 

၂၀၁၁ တွင် ပြင်ပသို့ တံခါးဖွင့်လာသည့် အခါ စင်္ကာပူသည် ရင်းနှီးမြုပ်နှံမှု အများဆုံး ပြုလုပ်လာခဲ့သည်။ ယခုအခါ အနေအထားများက ပြောင်းလဲလာပြီ ဖြစ်သည်၊ စင်္ကာပူသည် စည်းနှင့် ကမ်းနှင့် လုပ်လာပြီး ငွေခဝါချမှု များ ကို တင်းတင်းကျပ်ကျပ် စီစစ်လာသည်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာ နှင့် ပုံမှန်ဆက်ဆံသွားရေးကိုပင် ဆန့်ကျင်နေသူ ဖြစ်သည်၊ စင်္ကာပူရှိ တတိယ အကြီးဆုံး ဘဏ်တိုက်ကြီး ဖြစ်သော UOB သည် စက်တင်ဘာ ၁ ရက်နေ့မှစ၍ မြန်မာ အကောင့် များမှ ငွေ အထုတ်အသွင်း လုပ်ခြင်းကို ရပ်ဆိုင်းပစ်သည်အထိ ရဲရဲတင်းတင်း ကိုင်တွယ်လာခဲ့သည်။

 

မြန်မာ စစ်တပ်သည် ၎င်းတို့ ချမ်းသာသမျှ ကို စင်္ကာပူ တွင် သိမ်းဆည်းထားသော်လည်း ထိုင်းကတော့ ‌ငွေဝင်ရာ ဝင်ကြောင်း လုပ်ပေးခဲ့သည်။ ၂၀၀၁ မှစ၍ မြန်မာ၏ ဓါတ်ငွေ့ တင်ပို့နေမှူ၏ ၅၇ ရာနှုန်းကို ဒိုင်ခံ ဝယ်ယူခဲ့သည်။ ၂၀၂၁ တွင် မြန်မာ ဓါတ်ငွေ့သည် ကုန်သလောက်နီးပါး ဖြစ်လာပြီး ရင်းနှီးမြုပ်နှံနိုင်မည့် အခွင့်အလန်းများလည်း ရပ်ဆိုင်းသွားပြီ ဖြစ်၍ ထိုင်း နှင့် မြန်မာ အကြား စွမ်းအင်ပိုင်း ဆက်ဆံရေးသည် တခါကလို သဟဇီဝါ မမျှတော့။

 

၂၀၀၇ တွင် ထိုင်းသည် ၎င်းတို့စွမ်းအင် လိုအပ်ချက်၏ သုံးပုံတပုံ အတွက် မြန်မာကို မှီခိုနေခဲ့ရသည်။ လွန်ခဲ့သည့် နှစ်တွင်မူ ၁၅ ရာနှုန်းသာ ရှိတော့သည်။ ထိုင်းသည် တဖြေးဖြေး နှင့် သဘာဝ ဓါတ်ငွေ့ရည်များကို ကမ္ဘာတဝှမ်းမှ တင်သွင်းပြီး အစားထိုး လာနေ၍ ထပ်၍ လျော့ကျလာဖို့သာ ရှိသည်။ ထိုင်းအစိုးရ ပိုင် စွမ်းအင် ကုမ္ပဏီများသည် မြန်မာတွင် ရေနံ နှင့် သဘာဝဓါတ်ငွေ့များ တူးဖေါ်ရန် ရည်ရွယ်ခဲ့သော်လည်း အာဏာသိမ်းမှု ဖြစ်ပွားလာ၍ အစီအစဉ်များကို ချောင်ထိုး ပစ်ခဲ့ကြသည်။

 

တရုတ်သည်လည်း မြန်မာ ဓါတ်ငွေ့များကို အဓိက ဝယ်ယူနေသည့် နိုင်ငံလည်း ဖြစ်သည်။ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း တရုတ်စီးပွားရေး ကြီးထွားလာနေခဲ့၍ မြန်မာထံ မှ ကြေးနီ၊ သံဖြူ၊ ကျောက်စိမ်း၊ ရွှေ နှစ် သစ်များကို အကြီးအကျယ် တင်သွင်းလာခဲ့၍ မြန်မာ စစ်တပ် အတွက် အဓိက ဝင်ငွေ ရရာ ရကြောင်း ဖြစ်လာခဲ့သည်။

 

မကြာမီမှာပင် တရုတ်ပြည် အနောက်တောင်ပိုင်းရှိဆင်းရဲ‌ နေသည့် ကုန်းပိတ် ပြည်နယ်သည် ၎င်းတို့၏ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရေး၊ စွမ်းအင် နှင့် ကုန်သွယ်ရေး ကုမ္ပဏီများသည် မြန်မာ အား အလားအလာ ရှိသော ဈေးကွက် အဖြစ် မျက်စိကျလာခဲ့သည်။ ချမ်းသာသော ကမ်းရိုးတန်း ပြည်နယ်များအား အမှီလိုက်နိုင်ရန် ကြံစည်လာသည်။

 

တရုတ် သမ္မတ ရှီကျင့်ပင် မြန်မာသို့ ၂၀၂၀ ဇန်နဝါရီ လအတွင်း ရောက်ရှိလာသည့် အခါ တရုတ် ကုမ္ပဏီများသည် ဘီလီယံ ပေါင်းများစွာ တန်သည့် အခြေခံ အဆောက်အအုံ ပိုင်းဆိုင်ရာ စီမံကိန်းများကို ပုံအော်ပြီး ရင်းနှီး မြုပ်နှံခဲ့ကြသည်။ ထိုအချိန်တွင် ကြေးနီ နှင့် သံဖြူ ထုတ်လုပ်ရေး လုပ်ငန်းများ အကျိုး အမြတ် များစွာ ဖြစ်ထွန်းနေပြီး ကမ်းလွန် ဓါတ်ငွေ့ ထုတ်လုပ်ရေးသည်လည်း အရှိန်ရလာနေပြီ ဖြစ်သည်။

 

နောက်ပိုင်း သုံးနှစ် အကြာတွင်တော့ အခြေအနေများက ပြောင်းလဲလာခဲ့သည်။ တော်လှန်ရေး တပ်များက တရုတ် ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်းများကို မျက်စောင်းထိုးလာကြပြီး ရေနံ နှင့်ဓါတ်ငွေ့ အသစ် ရှာဖွေတူးဖေါ်ရေး လုပ်ငန်းများသည်လည်း ရပ်ဆိုင်းသွားခဲ့သည်။

 

တရုတ်ပြည်သို့ ကြေးနီ တင်ပို့မှုများသည် စစ်ကိုင်းတိုင်း အတွင်း တိုက်ပွဲများ ဖြစ်လာ၍ နှစ်နှစ် အတွင်း ၉၄ ရာနှုန်း ကျဆင်းသွားသည်။ ထို့အပြင် တရုတ် အစိုးရပိုင် ကုမ္ပဏီမှ ဦးစီး လုပ်ကိုင်နေသော နီကယ် သတ္တုတူးဖေါ် ရေး လုပ်ငန်းသည်လည်း တော်လှန်ရေး တပ်ဖွဲ့များက လျှပ်စစ် ဓါတ်အားလိုင်းကို ဖေါက်ခွဲပစ်ခဲ့သဖြင့် ရပ်ဆိုင်းလိုက်ရသည်။

 

ပြန်လည် စတင်ရန် ရှိ‌ နေသည့် နိုင်ငံတွင်းရှိ ထွက်အား ကောင်းသော ငွေ၊ ခဲ နှင့် သွပ် လုပ်ငန်းများလည်း အနောက်တိုင်း ကုမ္ပဏီများ အလျိုလျို ထွက်ကုန်ကြသဖြင့် ရွှေ့ဆိုင်းထားရသည်။ လီသီယံ တူးဖေါ်ရေး လုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့သည်။ အားလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် သတ္တု တူးဖေါ်ရေး လုပ်ငန်းမှ ရသော ဝင်ငွေ ၏ ၈၀ ရာနှုန်း ဆုံးရှုံးသွားခဲ့ရသည်။

 

တရုတ် ပုဂ္ဂလိက ပိုင် ကုမ္ပဏီ အများစု ထွက်ခွာ ကုန်ကြပြီး အစိုးရပိုင် ကုမ္ပဏီ အနည်းငယ်သာ အခြေအနေ ကောင်းလာနိုး နှင့် ကျန်‌နေရစ်ကြသည်။ တရုတ် ဘဏ်များ နှင့် အာမခံ ကုမ္ပဏီများမှ မြန်မာအား အန္တရာယ်များ လွန်းသည်ဟု ရှုမြင်ကြပြီး လုပ်ငန်းများအတွက် ပံ့ပိုးကူညီလိုစိတ် မရှိကြတော့။

 

တရုတ်သည် မြန်မာပြည် နှင့် ပတ်သက်လျှင် ယခင်ကလို သယံဇာတများ တူးဖေါ်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ကို ဦးစားပေး အဆင့်မှ ၎င်းတို့အတွက် နိုင်ငံရေး နှင့် ဘဏ္ဍာရေး ပိုင်း လုံခြုံနေစေရန်သာ ကြိုးပမ်းမည့် အဆင့်သို့ ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။

 

ချေးယူထားသော ငွေများ ပြန်မရ ဖြစ်လာမည် စိုးရိမ်လာပြီး ဓါတ်ငွေ့အတွက် ပေးချေရန် ရှိသည်များကိုပင် ယမန်နှစ် အတွင်း ရွှေ့ဆိုင်းမှု များ ရှိလာသည်။

 

အာဏာသိမ်းခဲ့မှုကြောင့် တိုင်းပြည်ဘဏ္ဍာတိုက်သည် ဒိုးယိုပေါက် ဖြစ်လာသည်၊ လျပ်စစ်ဓါတ် နှင့် နိုင်ငံခြားဝင်ငွေ တဝက်ခန့် ရှိနေသည့် သဘာဝ ဓါတ်ငွေ့ တူးဖေါ်ရှာဖွေရေး လုပ်ငန်းများ၊ ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ လုပ်လာကြပြီ ဖြစ်သည်။

 

၂၀၃၀ တွင် ဓါတ်ငွေ့ ထုတ်လုပ်မှူသည် လက်ရှိ အဆင့်မှ ၇၅ ရာနှုန်းခန့် ကျဆင်းသွားတော့မည် ဖြစ်သည်။ မပ်းအောင်လှိုင် ကိုယ်တိုင်ပင် လျပ်စစ် ဓါတ်အား လိုအပ်ချက် တဝက်ခန့်ပင် အလျှင်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့ဟု ပြီးခဲ့သည့် ဩဂုတ်လ အတွင်း ဝန်ခံခဲ့ရပြီ ဖြစ်သည်။

 

အတိုချုပ် ဆိုရလျှင် မင်းအောင်လှိုင်သည် ဗိုလ်သန်းရွှေကဲ့သို့ တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်များသုံး၍ စီးပွားရေး ဒဏ်ခတ်မှု များကို ကျားကန်ခြင်း၊ ငွေ ရှာခြင်း၊ ပြည်တွင်း ပြည်ပ ထောက်ခံမှု ရအောင် ဖန်တီးနိုင်ခြင်း တို့ ကို လုပ်နိုင်သည့် အခြေအနေ မရှိတော့ပေ။ 

 

လက်ရှိ အနေအထားတိုင်း ဆက်သွား၍ မရတော့သည်က သေချာသည်၊ တရုတ် နှင့် ရုရှားကလည်း ဩဇာသက်ရောက်ယုံလောက်သာ ပံ့ပိုးပေး‌‌နေပြီး ယခုလို အာဏာသိမ်း အဖွဲ့ မျက်ကလူး ဆန်ပြာ ဖြစ်နေချိန်မျိုးတွင် တုတ်တုတ်မျှ မလှုပ်ကြ။ ပိုက်ဆံချေး လျှင်ပင် ပြန်ရတော့မည့် အနေအထား မရှိတော့။

 

စင်္ကာပူသည် စစ်ခေါင်းဆောင်များ အပေါ် ဆက်ဆံရေးက အေးစက်လာနေပြီ ဖြစ်သည်၊ ထိုင်းသည်လည်း ၎င်းတို့၏ စွမ်းအင်အတွက် မြန်မာအား မှီခိုရသည့် အဖြစ်မှ လမ်းကြောင်းရှာနေပြီး၊ တရုတ်ကလည်း တိုင်းပြည်ကို အရင် တည်ငြိမ်အောင်လုပ်ပါ ဆိုသည့် သဘောထားမျိုး ပြလာနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ယခင် လျပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ၏ အကြံပေး Guillaume de Langre ၏ Frontier Myanmar ပါ "The end of Myanmar’s resource boom could doom the junta"း ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)