နမ္မတူ ကျပြီ၊ လောက်ကိုင် ကျလုနီး

by Hla Soewai - Jan 02 2024

နယ်မြေ တခုကို ပြန်လည် စိုးမိုး နိုင်ရေး အတွက် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ယုံ နှင့် မဖြစ်ပဲ မြေပြင် ထိုးစစ် ဆင်နွှဲဖို့လည်း လိုပေသေးသည်၊ သို့သော် ထိုသို့ အခြေအနေ မပေးရှာသော စစ်တပ်အဖို့ ရန်သူကို ခြောက်ခြားစေရန် နှင့် ဒေသခံ လူထု အား အကြောက်တရားများ ဖြစ်ပေါ်လာစေရန် အတွက်သာ ၎င်းတို့ လုပ်နိုင်သည်ကို လုပ်နေရခြင်း သာ ဖြစ်သည်။

 

ယခုလည်း ရှမ်းပြည်မြောက်ပိုင်း ရှိ အဓိက မြို့ကြီး တမြို့ ဖြစ်သော နမ္မတူ မြို့အား တအောင်း ပြည်သူ လွတ်မြောက်‌ရေး တပ် TNLA မှ လေးရက်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် TNLA တပ်မဟာ ၄ မှ သိမ်းပိုက် လိုက်နိုင်ပြီ ဖြစ်သည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ဟောင်ဝစ်ဇာ အမြှောက်ကြီးများ အပါအဝင် လက်နက်မျိုးစုံလည်း ရရှိသွားခဲ့သည်။ မြို့တွင်း ပစ်ခတ်သံများလည်း ဗုဒ္ဓဟူးနေ့ည မှ စ၍ ရပ်စဲသွားသည်ဟု ဒေသခံများ က ဆိုသည်။ ယခုအခါ TNLA သည် လာရှိုးနှင့် မိုင် လေးဆယ် အကွာ၊ ကားဖြင့် နာရီဝက်သာသာ သွားလျှင် ရောက်နိုင်သည့် နေရာသို့ ချည်းကပ်လာနေပြီ ဖြစ်၍ ပြည်သူများ၏ အားတက်သရော လက်ခုပ်သံများက သောသော ညံနေပြီ ဖြစ်သည်။

 

ထိုလေးရက်အတွင်း စစ်တပ်သည် လေကြောင်းမှ ၆၁ ကြိမ်၊ လက်နက်ကြီး များ ဖြင့် ၉၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ညစ်တွန်း တွန်းလာနေသော စစ်တပ်သည် “မြို့ပျက်ကိုသာ ရစေရမည်” ဟု စိတ်ဖြင့် လူနေဒေသများ အား တမင်ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် ဗုံးကြဲနေခြင်း ဖြစ်သည်။

 

ထိုလုပ်ရပ်သည် မည်သို့မျှ ဘူးကွယ် ငြင်းဆို၍ မရသော ပြည်သူများ အပေါ် ကျူးလွန်သည့် အကြမ်းဖက် လုပ်ရပ်များ အဖြစ် လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားလာခဲ့ပြီ ဖြစ်သည်။ တဆက်တည်းတွင် တိုင်းပြည်ကို အစိုးရ ပုံစံ ဆက်လက် အုပ်ချုပ်သွားနိုင်ဖို့ အရေးထက် သူသေ ကိုယ်သေ ရင်ဆိုင်နေကြပြီ ဆိုသည်ကိုလည်း လူထုက သ‌ဘောပေါက်လာနေကြပြီ ဖြစ်သည်။

 

လောက်ကိုင် မြို့အားလည်း စစ်တပ်မှ စွန့်ခွာသွားပုံ ရသော်လည်း ဆက်၍ ဗုံးကြဲတိုက်ခိုက် နေဆဲပင် ဖြစ်သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မောနင်း မှ မြန်မာပြည် မြောက်ပိုင်းတွင် အခြေအနေများ ရှုပ်ထွေးနေ၍ တရုတ် နိုင်ငံသားများ ခရီး မသွားရန် နှင့် လောက်ကိုင် မှလည်း အမြန်ဆုံး ရွှေ့ပြောင်း ထွက်ခွာရန် အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲမှ တဆင့် ကမ္ဘာသိ တရားဝင် ထုတ်ပြောလိုက်ပြီ ဖြစ်သည်။

 

တရုတ် စီမံကိန်းများ နှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် တောင်းဆိုလိုက်ပြီး အခြေအနေများ ဆိုးဆိုးဝါးဝါး ထိ မဖြစ်စေပဲ ငြင်ငြင်သာသာ ဖြင့် ပြီးစီးသွားစေမည့် soft landing ပုံစံမျိုး ဖြစ်ရန် အစွမ်းကုန် ချုပ်တည်းကြဖို့ လည်း တိုက်တွန်းသွားခဲ့သည်။

 

ထိုသို့ သတင်းစာရှင်းလင်းပွဲ မှ တဆင့် ပြောကြားလိုက်ခြင်း ကြောင့် နိုင်ငံတကာ ကြေးနန်း သတင်းများမှ တဆင့် ကမ္ဘာသတင်းစာကြီးများက ကူးယူ ဖေါ်ပြနေကြပြီ ဖြစ်သည်။

 

ယခုအခါ နိုင်ငံတဝှမ်း တော်လှန်ရေး မဟာမိတ်များက မြို့ပေါင်း ၂၃ မြို့ နှင့် စခန်းပေါင်း လေးရာကျော်ကို သိမ်းပိုက် နိုင်ပြီ ဖြစ်သည်။ ဤသည်ကပင် စစ်တပ်အတွင်း မည်မျှ အထိ စိတ်ဓါတ်များ ပြိုလဲကျဆင်းပြီး ဖရိုဖရဲ ဖြစ်နေပြီ ဆိုသည်ကို ငြင်းကွယ်၍ မရအောင် ဖြစ်လာခဲ့သည်။ ယင်းသည် မည်မျှပင် လက်နက်အင်အား ကောင်းနေစေကာမူ ရှုံးနိမ့်ရတော့မည့် အဓိက အကြောင်းရင်း ပင် ဖြစ်သည်။

 

လူဗာလနံ စစ်ဗိုလ်ချုပ်များကတော့ လည်ပင်းညှစ်ခံနေရသည်ကိုပင် ညှစ်နေသူ အား ကြောက်ပြီလား ဟု မေးနေကြသလိုမျိုးကို ၎င်းတို့နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ဖြစ်သော ညီနောင် မဟာမိတ် အဖွဲ့များ နှင့် နီးစပ်သော သတင်းရပ်ကွက် များ အပြောအရ သိရသည်။ ၎င်းတို့ထက် ပို၍ ဆိုးဝါးသူများက ယခုထိ စစ်တပ်နှင့် ရင်ကြား အလွန်စေ့ချင်နေကြသော နိုင်ငံရေး သတ္တဝါ များပင် ဖြစ်သည်။ ၎င်းတို့ ရည်ရွယ်ချက် အောင်မြင်သွားလျှင် ရလာမည့် အခွင့်အရေးများက မစားရ ဝခမန်း ပင် ဖြစ်နေသည် မဟုတ်ပါ‌လော။

 

လေးဂွမှသည် ဒရုန်း များ ဆီသို့

 

လက်ရှိ အနေအထား သည် နိုင်ငံတကာ၏ သဘောထားကို ပြောင်းလဲသွားနိုင်သည် အထိ မရောက်နိုင်သေးသော်လည်း လေးဂွကို စွဲ ၍ တော်လှန်လာသော လူငယ်များ အဖို့က အောင်မြင်တော့မည် ကို သိလာ၍ အားတက်နေကြပြီ ဖြစ်သည်ဟု အဆိုပါ ခေါင်းစဉ်အောက်တွင် ဧရာဝတီ မှ ရေးသားလာခဲ့သည်။

 

မြို့ရွာများ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် လက်နက်ကြီးများ သုံး၍ လူမဆန်စွာ လုပ်လာကြသည်ကို မည်သို့မျှ လက်ပိုက်ကြည့်မနေနိုင်ကြတော့သော တိုင်းရင်းသား ညီနောင် များသည် မြန်မာတို့အား ခေါ်ယူ လေ့ကျင့်သင်တန်းပေးပြီး လက်နက်တပ်ဆင် အကူအညီ ပေးလာခဲ့ကြသည်။

 

ထိုသို့ ပြည်သူ့ကာကွယ်ရေး တပ်များ အလျိုလျို ပေါ်ပေါက်လာခြင်း၏ အဓိက တရားခံသည် စစ်တပ် ၏ အနိုင့်ကျင် ဗိုလ်ကျလိုသော လုပ်ရပ်များကြောင့်ပင် ဖြစ်သည်၊ ၎င်းတို့ အဖို့က ပြည်သူများ အပေါ် လက်နက်အားကိုး ဖြင့် ဗိုလ်ကျနိုင်လျှင် ရနိုင်သည်ဟု အစွဲက ရှိထားပြီးလည်း ဖြစ်သည်၊ သို့သော် ဒီတကြိမ်တွင်တော့ ၂၁ ရာစု ဖွား လူငယ်မျိုးဆက် ဂျင်ဇီး များက ခေါင်းငုံ့မခံနိုင်ကြတော့၊ ၎င်းတို့ လူမှန်းသိစ အရွယ်ကတည်းက ရရှိလာသော လွတ်လပ်ခွင့်များကို လုယူပြီး အမှောင်ခေတ်သို့ ပြန်ပို့ရန် စစ်ခေါင်းဆောင်များ၏ မိုက်မဲလှစွာသော လုပ်ရပ်များကို လေးခွ စွဲကိုင်၍ပင် တွန်းလှန်လာကြသည့် အထိ မခံမရပ်နိုင် ဖြစ်လာကြသည်။

 

မင်းအောင်လှိုင် နှင့် အပေါင်းအပါများက ၎င်းတို့ အာဏာသိမ်းမှု အား ဆန့်ကျင်တွန်းလှန်နေမှုများသည် အလွန်ဆုံး တနှစ်ပဲ ခံလိမ့်မည်၊ သူ့အလိုလို ပြိုကွဲပြီး ပုံမှန် အနေအထား ရောက်သွားလိမ့်မည်ဟု ယုံကြည်နေကြောင်း ယခုအခါ သူ၏ လက်ရုံးတဆူ လို ဖြစ်လာသော ဇော်မင်းထွန်းက သတင်းထောက်တဦး အား အလွတ်သဘော ပြောဆိုခဲ့သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

လေးခွ နှင့် စခဲ့သော လက်ရှိ တော်လှန်ရေးသည် နိုင်ငံတကာ အကူအညီ အထောက်အပံ့ တပြားတချပ်မှ မပါပဲ ပြည်တွင်း ပြည်ပ ရှိ မြန်မာ တိုင်းရင်းသားတို့၏ တခဲနက် ထောက်ခံမှု၊ ချွေးနဲစာများ ဖြင့် ထည့်ဝင်လှူဒန်းမှု များ ကြောင့် ခေတ်မီ ဒရုန်းများ သုံးနိုင်သည့်အထိ အောင်မြင်မှုများ ရလာခဲ့သည်မှာ လွန်စွာ ဂုဏ်ယူဖို့ ကောင်းလှပေသည်။

 

နှစ်လ သာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လက်လွှတ်လိုက်ရသော မြို့များ အသာထားဘိဦး၊ စခန်းတခုတလေမျှပင် ပြန်သိမ်း နိုင်စွမ်း မရှိသော စစ်ခေါင်းဆောင်၏ စီမံခန့်ခွဲမှု အောက်တွင် စစ်ကောင်စီ တပ်သားများသည် နေ့စဉ်နှင့် အမျှ အသက်ပေးလူနေကြရပြီး၊ ဆင်ခြင်နိုင်စွမ်း ရှိသူများကတော့ အလံဖြူ ထောင်ကုန်ကြသည်။ ယင်းသည် စစ်ကောင်စီအဖို့ နေ့စဉ်နှင့် အမျှ ကျဉ်းသည်ထက် ကျဉ်းလာနေသော နယ်မြေများကို စီမံခန့်ခွဲနေရသည့် အနေအထားဟု သာ ပြော၍ရလာပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များသည် ရထားသော အနေအထားကို မတင်းတိမ်၊ မနာလို လောဘစိတ်ဖြင့် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်များကို ဖမ်းဆီးပြီး ပြည်သူများ အပေါ် စစ်ကြေငြာကာ စစ်ပွဲ စတင် လာခဲ့ရာမှ ယခုလို အရှုံး နှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။

 

ထိုသို့သော လူမျိုးများက နေပြည်တော်ရှိ ဘန်ကာများထဲမှ ကျားကုတ်ကျားခဲ ခုခံနေကြတော့မည် မဟုတ်၊ အနည်းဆုံး မန္တလေး လောက် ကျပြီ ဆိုသည်နှင့် အထုတ်ပိုက်ပြီး မိသားစုလိုက် လေယာဉ် ပေါ် တက်ပြေးကြတော့မည်သာ ဖြစ်သည်။ သို့‌သော် ထိုအနေအထား မရောက်မီ အထိတော့ ငယ်သားများကို အသေခံ မဆုပ်တမ်း တိုက်ခိုင်းလို့ ရသမျှ တိုက်ခိုက်နေဦးမည်သာ ဖြစ်သည်ကို သဘောပေါက် နားလည် ကြဖို့ အရေးကြီးပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ ‌အောင်ရမည်!!!

 

(ပုံတွင် နမ္မတူ မြို့ သိမ်းအပြီး ကြာသပတေး နေ့ နံနက်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် - ဧရာဝတီ)