မြန်မာ အရေး စိတ်ဝင်တစား စောင့်ကြည့်နေကြသော နိုင်ငံများ အမြင်တွင်တော့ စစ်တပ်သည်သာ တိုင်းပြည်ကို မပြိုကွဲ နိုင်အောင် ထိန်းသိမ်းထားနိုင်စွမ်း ရှိသော အဖွဲ့အစည်း ဆိုသည်ကို လက်မခံ ကြတော့၊ သို့သော် ၎င်းတို့ စိတ်ထဲတွင် စစ် အာဏာရှင်များ ကွယ်ပျောက်သွားမှသာ မြန်မာသည် ငြိမ်းချမ်း ဖွံ့ဖြိုးသော နိုင်ငံ အဖြစ် အမြဲလို ရပ်တည်သွားတော့မည် ဆိုသည့် အမြင် ကိုလည်း ပြောင်းလဲနိုင်ကြစွမ်း မရှိသေးသည်ကို တွေ့ရသည်။
အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများသည် မြန်မာ ပြိုလဲသွားလျှင် ၎င်းတို့ နိုင်ငံ နယ်နိမိတ် နှင့် အကျိုးစီးပွားကို ထိခိုက်လာတော့မည် ဟူသော အတွေးမျိုးသာ ရှိနေကြသည်။ ထိုအထဲတွင် တရုတ် နှင့် ထိုင်းသည် ထိတ်ဆုံးက ပါဝင်နေသည်။ ဤနေရာတွင် အထူး သတိထားရမည်က အိန္ဒိယ ပင် ဖြစ်သည်။
တရုတ်သည် တော်လှန်ရေး အင်အားစုများ အပေါ် အထိုက်အလျှောက် ဩဇာ သက်ရောက်မှု ရှိ၍ အခြေအနေကို ထိန်းသိမ်း နိုင်စွမ်း ရှိနေသည်ဟု ယုံကြည်နေသည်။
ယခုအချိန်ထိ ထိုသို့ အနေအထား လည်း မရှိ၊ မြန်မာ တို့၏ တော်လှန်ရေးကို မသိကျိုးကျွံ ပြုပြီး စစ်ခေါင်းဆောင်များ အား ချော့မော့ ပေါင်းနေသည့် အိန္ဒိယသည် အထူးစိုးရိမ်လာသည့် အနေအထား တွင် ရှိသည်။ တော်လှန်ရေး အင်အားစုများကလည်း ရှေ့လျောက် တရုတ် နှင့် လက်တွဲဖို့သာ ရှိပြီး မိမိတို့ အပေါ် အိန္ဒိယ မှ မည်သို့ သဘောထားသည်ကို ကောင်းစွာ သိထားပြီ ဖြစ်သည်။ တရုတ်၏ ကြားဝင်ပေးမှု ဖြင့် ၁၀၂၇ တော်လှန်ရေး အား ဦးဆောင် ဆင်နွှဲခဲ့သူများသည် မဖြစ်နိုင်မှန်း သိသိကြီး နှင့် လိုက်လျောပြီး စစ်ကောင်စီ နှင့် နှစ်ကြိမ်တိုင် စားပွဲဝိုင်း ထိုင်ခဲ့ကြသည့် အဖြစ်ကိုလည်း အထူး ဂရုထား စောင့်ကြည့်နေမည် ဖြစ်သည်။ နိုင်ငံ ပြိုကွဲသွားမည် ဆိုက တရုတ်တို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည်ဟု ခံယူထားမှု များ ရှိနေသည်။
အိန္ဒိယ သုတေသီ တဦး ဖြစ်သော ဘရားမား ချလာနီ ၏ “ဘိုင်ဒင်၏ မြန်မာ ပေါ်လစီ ကျဆုံးမှု” ဟု ခေါင်းစဉ်တပ်ထားသော ဆောင်းပါးတွင် အမေရိကန်၏ လက်ရှိ စစ်ကောင်စီ အား ပြစ်ဒဏ်ခတ်နေသည့် မူဝါဒသည် တရုတ်ဖက်သို့ တွန်းပို့နေခြင်း ဖြစ်၍ ဘိုင်ဒင် အစိုးရအနေနှင့် စစ်ကောင်စီ အား တိုက်ရိုက်ဆက်ဆံပြီး ဒီမိုကရေစီ ဖေါ်ဆောင်ရန် မက်လုံးများ ပေးပြီး ဆွဲဆောင်သင့် သည် ဟု ရေးသားထားပြီး၊ ယင်းဆောင်းပါးအား ဘန်ကောက် ပို့စ် အပါအဝင် အထင်ကရ သတင်းစာကြီးများက ပြန်လည် ကူးယူ ဖေါ်ပြခဲ့ကြသည်ကို သတိထားမိသည်။ ၎င်းသည် နယူးဒေလီ အခြေစိုက် အိန္ဒိယ မဟာဗျူဟာ လေ့လာရေး ဌာန၏ ပါမောက္ခ တဦးလည်း ဖြစ်၍ အိန္ဒိယ အစိုးရ အပေါ် အနည်းနှင့် အများ ဆိုသလို ထင်ဟပ်နိုင်ပေသည်။
ထိုဆောင်းပါးသည် အတော်ဂယက်ရိုက်သွားခဲ့၍ ချလာနီသည် မဏိပူရ နယ်ထဲသို့ မပြောပလောက်သော ဒုက္ခသည် အရေ အတွက် ဝင်ရောက်လာမှု ကို ကြည့်၍ မြန်မာ ပြည်သူ ၉၀ ရာနှုန်း ခန့်က မုန်းတီးရွံရှာနေသော စစ်ကောင်စီ အား နေရာပေးခြင်နေသူဟု ဝေဖန်မှု များ ထွက်ပေါ်လာခဲ့သည်။
တရုတ်သည် မည်သူတက်တက် ၎င်းတို့ ထိန်းချုပ်ထားနိုင်သည်ဆိုသော ခံယူချက်ဖြင့် စစ်ကောင်စီသည် တိုင်းပြည် ကို မနည်း ထိန်းချုပ်ထားနေရသည့်ကြားမှ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း ပြင်ဆင်ချက် သဘော တူညီကို အင်္ဂါနေ့က လက်မှတ် ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။ စစ်ကောင်စီသည် နေပြည်တော်တွင်သာ လက်မှတ်ရေးထိုးခဲ့သော်လည်း ရက္ခိုင့်တပ် တော် ရန်ကို ကြောက်နေရ၍ ကျောက်ဖြူ မြို့အား အဝင်အထွက် မလုပ်ရန် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့အထိ ပိတ်ဆို့ထားပြီး ဖြစ်သည်။
အိန္ဒိယ သည် စစ်ကောင်စီအား ရေဒါ နည်းပညာများ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်ဆီများ၊ ဗုံးများ ကို ဒေါ်လာ ၅၁ သန်း ဖိုးအထိ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ၂၀၂၂ အတွင်းမှာပင် နိုင်ငံဧရိယာ၏ ၄၀-၄၅ ရာနှုန်း ကို တော်လှန်ရေး မဟာမိတ်များက ထိန်းချုပ်ထားပြီး ဖြစ်သည်၊ ယခုဆိုလျှင် ဒီထက် ပိုများနေမည် ဖြစ်သော်လည်း အိန္ဒိယသည် ယခုထက်ထိ စစ်ကောင်စီ တဖက်တည်းကိုသာ မဲ၍ ဆက်ဆံနေသည့် အတွက် နိုင်ငံ၏ အကျိုးစီးပွား ထိခိုက်လာတော့မည်ဟူ၍ပင် အိန္ဒိယ သုတေသီများက သတင်းစာများမှ ဆောင်းပါးများ ရေး၍ သတိပေးနေကြပြီ ဖြစ်သည်။
သို့သော် ယခုအချိန်အထိ ၎င်းတို့ သဘောထားကို ပြောင်းလဲသွားမည့် ပုံ မတွေ့ရသေးပေ။ ဒီဇင်ဘာ ၆ ရက်နေ့တွင် အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်မှ ၎င်းနှင့် လာရောက် တွေ့ဆုံသော စစ်ကောင်စီ ၏ ဒုနိုင်ငံခြားရေး ဝန်ကြီး ဆိုသူ လွင်ဦး အား မြန်မာ၏ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်း ပြန်သွားမည့်အရေး ကို ထောက်ခံသည်ဟုပင် ပြောခဲ့သည်။ ဆိုလိုသည်က စစ်ကောင်စီ၏ ဦးဆောင်မှု ဖြင့် ထိုလမ်းကြောင်းကို လျှောက်ရန် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ အိန္ဒိယ သည် လက်ရှိတွင် အမျိုးသားရေး ဝါဒီများ အာဏာရနေပြီ ဖြစ်၍ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ တရားမျှတမှု တို့ကို ဒုတိယ နေရာသို့ လျောချလိုက်ပြီ ဆိုသည်ကိုလည်း မေ့လျော့ထား၍ မဖြစ်။
အိန္ဒိယသည် တော်လှန်ရေး အောင်မြင်သွားပါက ၎င်းတို့၏ မဟာဗျူဟာ အမှားများကြောင့် ထိခိုက်သွားမည့် အရေး နှင့် မြန်မာကို လုံးဝ တရုတ် ဖက် တွန်းပို့လိုက်သလို ဖြစ်လာမည့် အရေးကြောင့် နောက်ဆုံးတွင် စစ်ကောင်စီ အား စစ်ရေး အရ ပံ့ပိုးမှုများ ပြုလုပ်လာနိုင်သည့် အလားအလာ များကို မဖြစ်နိုင်ဟု လျော့တွက်၍ မရပေ။ အမေရိကန်သည်လည်း ထိုအရေး တွင် ဆက်ပြီး နှာစေးနေဦးမည်သာ ဖြစ်သည်၊
ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တဖက်က သံတမန်ရေး နည်းလမ်း ဖြင့် နိုင်ငံသည် ကပြောင်းကဆန် ဖြစ်သွားနိုင်စရာ မရှိ၊ မိမိတို့ လုံးဝ ထိန်းချုပ်နိုင်စွမ်း ရှိသည် ဆိုသည်ကို သဘောပေါက် အောင် နားချ နိုင်မှ ဖြစ်ပေမည်။
သို့မဟုတ်က ပန်းတိုင်သို့ ရောက်ကာနီး တွင် နိုင်ငံကြီးများ ဝင်ရောက် ခြေရှုပ်လာနိုင်ပြီး ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ စေလွှတ်ပေးရန် အထိ တောင်းဆိုလာနိုင်သည်၊ သို့သော် ထိုသို့ စေလွှတ်ဖို့သည် နှစ်ဖက်စလုံးက သဘောတူမှသာ ဖြစ်နိုင်၍ စိုးရိမ်စရာ မလိုလှသော်လည်း ထည့်စဉ်းစားထားရမည့် အချက် ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!