ကမ္ဘာစီးပွားရေး ကို ထိခိုက်လာတော့မည့် တရုတ်ပြည်ရှိ ကော်ရိုနာ ဗိုင်းရပ်စ်

by Hla Soewai - Jan 31 2020

ယု ဥယာဉ်တော် သည် ရှန်ဟိုင်း မြို့လယ်ကောင်တွင် ရှိပြီး ဆယ့်ခြောက်ရာစုနှစ် ပြခန်း အဆောက်အအုံများ ၊ ရေကန်များ ဖြင့် မွမ်းမံပြင်ဆင်ထားသည့် နေရာ ဖြစ်သည်။ ယခုအခါ တရုတ်နှစ် သစ်ကူး ပွဲတော် အတွက် အသေအချာ ပြင်ဆင်ထားသည်။ လူသွားလမ်းများအားလည်း ရောင်စုံမီးပုံများဖြင့် ဆင်မြန်းထားပြီး အဝင်အဝများကိုလည်း လုံခြုံရေး အစောင့်များ ချထားပြန်သည်။ သို့သော် ပျောက်ဆုံး နေသည်မှာ လူများပင် ဖြစ်သည်။ ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် လူများ အိမ်ထဲမှ အိမ်ပြင်မထွက်ရဲအောင် ဖြစ်နေကြသောကြောင့်ပင်၊ “ဒီလိုနေ့မျိုးမှာ နဲနဲ လောက် အရောင်းအဝယ် ဖြစ်ရင်ပဲ အဆင်ပြေလှပြီ” ဟု ပိုး ပုဝါများ ရောင်းသည့် ဆိုင် မန်နေဂျာ ဖြစ်သူ လီ စင်မင်းက ပြောပြခဲ့သည်။ ယမန်နှစ်က ထိုသို့သော အချိန်မျိုးတွင် လာရောက်သူ ၇၀,၀၀၀ ခန့် ရှိခဲ့သဖြင့် ဆိုင်များ အဖို့ အရောင်းရ အကောင်းဆုံး အချိန်လည်း ဖြစ်ခဲ့သည်။ ယခုနှစ် တွင် ဆုံးရှုံးသွားမှုအတွက် သူ့အဖို့ လပေါင်းများစွာ နာလန်ထူနိုင်တော့မည် မဟုတ်ဟုလည်း ဆိုပြန်သည်။

 

မစ္စတာ လီ ကြုံတွေ့ခဲ့ရသည်က တရုတ် အပါအဝင် ကမ္ဘာနိုင်ငံ အနှံ့အပြားရှိ ကုမ္ပဏီများ အတွက် အလားတူ ဖြစ်ပေတော့မည်ဟု ကြိုတင် နမိတ်ဖတ်လိုက်ခြင်းပင် ဖြစ်ပေတော့သည်။ အနီးစပ်ဆုံး အဖြစ် ၂၀၀၃ ခုနှစ်က ဖြစ်ခဲ့သော SARS ရောဂါနှင့် တရုတ် တိုက်ပွဲဝင်ခဲ့သည့် အကြောင်းများကို ပြန်လည် အမှတ်ရလာခဲ့သည်။ ထိုအချိန်ကား စီးပွားရေး တိုးတက်မှုသည် သိသာစွာ နှေးကွေးသွားခဲ့ရသော်လည်း အခြေအနေကို ထိမ်းချုပ်နိုင်ခဲ့ပြီးနောက် အလျှင်အမြန်ပင် ပြန်လည် ဦးမော့လာခဲ့သည်။ အခြားတွင် ဖြစ်ပွားခဲ့သော ကူးစက်ရောဂါ များကို ကြည့်၍လည်း စီးပွားရေး ပညာရှင်များ အဖို့ အလွန်အကျွံ စိုးရိမ်ကြောင့်ကြခဲ့ခြင်းမျိုး မဖြစ်ခဲ့ကြတော့ပေ။ ၂၀၀၆ ခုနှစ် အေဗီယံ ဗိုင်းရပ်စ် နှင့် ၂၀၀၉ ခုနှစ် ဝက်တုတ်ကွေး များ ဖြစ်ခဲ့သော်လည်း ကမ္ဘာစီးပွားရေး အနေအထားကို ယောင်၍မျှပင် ထိခိုက်ခဲ့ခြင်း မရှိသောကြောင့်လည်း ဖြစ်သည်။

 

သို့သော်လည်း ရင်းနှီးမြုပ်နှံသူများအဖို့က ယခုတကြိမ်သည် ယခင်အခါများနှင့် မတူပဲ ပို၍ ဆိုးလာနိုင်မည်လားဟု စိတ်ထဲ လေးလံလာနေကြသည်။ ရောဂါ ကူးစက် ပျံ့နှံလာသည့် သတင်းများ ပလူပျံလာချိန်တွင် ဟောင်ကောင်ရှိ စတော့ ရှယ်ယာ ဈေးနှုန်းများသည့် ၅% ခန့် ကျဆင်းသွားခဲ့သည်။ သို့သော် ကမ္ဘာတဝှမ်း ဈေးကွက် များတွင်လည်း အဆိုပါ သတင်းကြောင့် တုန်တုန်ယင်ယင် ဖြစ်ကုန်ကြရပြန်သည်။

 

လက်ရှိ ဗိုင်းရပ်စ်သည် SARS လောက် အသေအပျောက် နှုန်း နည်းနေသဖြင့်ရောဂါ ပြင်းထန်လာမည့် အတိုင်းအတာထက် လက်ရှိ အခြေအနေကို ထိမ်းချုပ်နိုင်ရန် တရုတ်ပြည်မှ မည်မျှကြာအောင် အချိန်ယူမည်နည်း ဆိုသည်ကို ပို၍ စိုးရိမ်လာနေကြသည်။ ကမ္ဘာ၏ ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်သော တရုတ်ပြည်တွင် အခြေအနေများ ပျက်ယွင်းလာသည့် အတွက် ကမ္ဘာတဝှမ်း အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ အဆိုပါ ရောဂါကြောင့် အဆိုးဝါးဆုံး ထိခိုက်လာနိုင်သည်မှာ လူများ တဦးနှင့် တဦး ထိတွေ့ဆက်ဆံရမည်ကို စိုးရွံ့လာနေခြင်းများကြောင့် နောက်ဆုံးတွင် ရုံး များ၊ စတိုးဆိုင်များ ပိတ်လာ ကြရမည့် အရေးပင် ဖြစ်သည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းခဲ့သည်။ တရုတ် အစိုးရ၏ ရောဂါ ကူးစက်ခံရသည့် ဒေသများကို သီးသန့် ခွဲခြားထားပြီး လူများ ကူးလူးဆက်ဆံလာမည်ကို ပိတ်ပင်လာသည့် ပေါ်လစီ ကြောင့်လည်း ပို၍ ဆိုးရွားလာနိုင်သည်ဟု ဆိုသည်။ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများအနေနှင့် ယင်းသည် မှန်ကန်သော ဖြေရှင်းမှု ဟုတ်မဟုတ် ကို ဆွေးနွေးငြင်းခုံနေကြဆဲ ဖြစ်သော်လည်း စီးပွားရေး ပညာရှင်များကမူ စီးပွားရေး တွင် မည်မျှ အတိုင်းအတာ ထိ ဆိုးဝါးလာမည်ကို သာ တွက်ချက်နေကြသည်။

 

အပြင်းထန်ဆုံး ထိခိုက်ခံမှုသည် ဟူဘေးပြည်နယ်ပင် ဖြစ်ပြီး ပထမဆုံး အဖြစ် ပြည်နယ် မြို့တော်  ဝူဟန်အား ခြေချုပ်ချထားလိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက် လူဦးရေ ၅၉ သန်း ရှိသော  ပြည်နယ် တခုလုံးကို ပိတ်ဆို့လိုက်ကြသည်။ အစားအသောက်နှင့် ဆေးဝါးများ သယ်ဆောင်လာသော ထရပ်ကားများမှ လွဲ၍ ပြည်နယ်အတွင်းရှိ မြို့များရွာများထဲသို့  အဝင်အထွက်လုပ်သည့် ကားဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ထိုကဲ့သို့ အတိုင်းအတာ မျိုး ဖြင့် အရေးယူ ဆောင်ရွက်လာခြင်းသည် မကြုံစဖူးအောင် ပြင်းထန်လှပြီး စီးပွားရေး လုပ်ငန်းမျိုးစုံသည်လည်း ရပ်ဆိုင်းသလောက် ဖြစ်သွားခဲ့သည်။ ဟူဘေး ပြည်နယ် တခုထဲကပင် ကုန်ထုတ်လုပ်မှု ပိုင်းတွင် တရုတ် တနိုင်ငံလုံး ဂျီဒီပီ၏ ၄.၅ % ခန့် ရှိနေသည်။

 

တရုတ် နိုင်ငံ အတွင်းရှိ အခြား မြို့ကြီးများတွင်လည်း ထိုကဲ့သို့ အနေအထားများ မကြုံရသေးသော်လည်း မြို့နေလူတန်းစားများမှာ သူတို့၏ လူနေမှု ဘဝသည် ဝူဟန် နှင့် မခြားသလို ခံစားနေကြရသည်။ သူတို့သည်လည်း နှစ်သစ်ကူးတွင် မိသားစု မိတ်ဆွေများ နှင့် အတူတကွ တွေ့ဆုံခြင်း၊ ဘုရားသွား ကျောင်းတက်၊ ဧည့်ခံပွဲများ တက်ရောက်ခြင်းမျိုး တို့ မလုပ်ကြတော့ပဲ အိမ်ထဲတွင်သာ နေကြပေတော့သည်။ အစိုးရကလည်း ထိုသို့ နေထိုင်ကြရန် တွန်းအားပေးနေခဲ့သော်လည်း များများစားစား လုပ်စရာ မလိုအောင် ကိုယ့်အသိနှင့် ကိုယ် ရှောင်ကျဉ် လာခဲ့ကြသည်။

 

လူထု၏ ဝယ်ယူ သုံးစွဲမှု ပိုင်းတွင်လည်း ထိခိုက်လာရသည်။ မည်မျှ အတိုင်းအတာ အထိ ထိခိုက်မည် ဆိုသည်က ရောဂါပိုးအား မည်မျှကြာအောင် ထိမ်းချုပ်ရမည် ဆိုသည်အပေါ် မူတည်နေသည်။ လက်ရှိ ဖြစ်ခဲ့သည်ကား အချိန်အခါကောင်းကို ရွေးဖြစ်ခဲ့ခြင်း ဟု ဆိုရမည် ဖြစ်သည်။ ယမန်နှစ်က ယခုလို အချိန်မျိုးတွင် ရောင်းအားသည် ယွမ်အားဖြင့် တစ် တြီလီယံ (ဒေါ်လာ ၁၄၄ ဘီလီယံ) အထိ ရှိခဲ့သည်။ ဤသည်ကား ပုံမှန် တပတ်အတွင်း ရောင်းအားထက် သုံးပုံတပုံခန့် ပိုများနေသည်ဟု ဆိုသည်။ ယခုနှစ်တွင် ထိုအတိုင်းအတာထက် များစွာ လျော့နည်း သွားဖို့ ရှိပေသည်။

 

ပြင်းပြင်းထန်ထန် ထိခိုက်ခံရသော လုပ်ငန်းများလည်း ရှိနေသည်။ ယခုနှစ် နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ရုပ်ရှင်ရုံများ၏ ဝင်ငွေသည် တနှစ်ပတ်လုံး၏ ၉% ရရှိသည့် အထိ ဝင်ငွေ စံချိန်တင်ခဲ့သည်။ ယခုအခါတွင် တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံပေါင်း ၁၁,၀၀၀ ခန့် ပိတ်ထားခဲ့ရပြီ ဖြစ်သည်။ နှစ်သစ်ကူးတွင် ခရီးသွားလာရေး၌ ယမန်နှစ်က ၅၀၀ ဘီလီယံ ယွမ် အထိ သုံးစွဲခဲ့ပြီး တနှစ်ပတ်လုံး၏ ၈% ခန့် ရှိသည်။ ယခုနှစ်တွင် ခရီးသွားလာမှု အားလုံး ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

 

ဗိုင်းရပ်စ်သည် စက်ရုံ အလုပ်ရုံများ နှင့် ကုမ္ပဏီများအား မည်သို့မည်ပုံ ထိခိုက်လာမည်နည်း ဆိုသည်အားလည်း ပူပန်လာနေကြသည်။ ရှန်ဟိုင်း မြို့ကြီး နှင့် ဂွမ်ဒေါင် ပြည်နယ်များတွင် နှစ်သစ်ကူး အလုပ်ပိတ်ရက်ကို နောက်ထပ် တပတ်အထိ တိုးမြှင့်ပေးခဲ့ရပြီး လုပ်ငန်းများ ကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ မတိုင်မီ အထိ ပြန်မစရန် ပြောဆိုမှုများ ရှိလာနေခဲ့သည်။ တရုတ်နိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းများကား ရက်ရှည် ရုံးပိတ်ရက်များ နောက်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ရန် အတော်ကြာ အချိန်ယူ ရလေ့ရှိသည်။ ယခုလို နောက်ထပ် တပတ်ကြာ ထပ်တိုးပေးရမည်ဆိုက ပို၍ပင် အချိန်ယူကြရပေဦးမည်။ Tencent ကဲ့သို့သော နည်းပညာ ကုမ္ပဏီကြီးများသည် ဝန်ထမ်းများအား အိမ်မှ နေ လုပ်ခွင့်ပြုခဲ့ကြသည်။ ထိုမျှမကသေး နှစ်သစ်ကူး ရုံးပိတ်ရက် အိမ်ပြန်သွားကြသော ရွှေ့ပြောင်း အလုပ်သမားများ အဖို့ ရထား ကားများသို့ တိုးဝှေ့တက်ပြီး လုပ်ငန်းခွင်သို့ ပြန်လာရန် ဗိုင်းရပ်စ် အရှိန်သေသွားသည့်အထိ စောင့်ဆိုင်းရပေဦးမည်လည်း ဖြစ်သည်။

 

တရုတ်သည် SARS ရောဂါဖြစ်စဉ်ကလို မဟုတ်တော့ပဲ ယခုအခါ ကမ္ဘာ စီးပွားရေး အတွက် လွန်စွာ အရေးပါသော နေရာ တွင် ရောက်ရှိနေပြီး ဖြစ်သည်။ ၂၀၀၃ ခုနှစ်အတွင်း က တရုတ်ပြည်၏ စီးပွားရေးသည် ကမ္ဘာ့ ဂျီဒီပီ၏ ၄% သာ ရှိခဲ့သော်လည်း ၂၀၁၉ တွင် ၁၆% အထိ ရောက်ရှိလာခဲ့သည်။ ဝယ်ယူအား နှင့် ကုန်ထုတ်လုပ်မှု နှေးကွေးသွားခြင်းတို့သည် တရုတ် နယ်စပ်ကို ဖြတ်ကျော် ကာ ကူးစက်လာပေဦးမည် ဖြစ်သည်။

 

တရုတ်မှ ရောက်လာသော ခရီးသွားများ၏ ဝယ်အားကို မျှော်ကိုးနေကြရသော နိုင်ငံများ အဖို့ ဝင်ငွေများ အကြီးအကျယ် ကျဆင်းသွားရဖို့ ရှိနေသည်။ တရုတ် အစိုးရက ခရီးသွား ကုမ္ပဏီများ အားလုံးကို ပြည်ပ ခရီးစဉ်များ အားလုံး ဖျက်သိမ်းပြစ်ရန် ညွှန်ကြားခဲ့သည်။ ထိုင်းနိုင်ငံ ဆိုက ယခု နှစ်အတွင်း တရုတ် ခရီးသွားများ နှစ်သန်းလောက်အထိ လျော့နည်းသွားဖို့ ရှိသဖြင့် ဝင်ငွေအားဖြင့် ဒေါ်လာ ၁.၅ ဘီလီယံ ခန့် ဆုံးရှုံးသွားဖွယ် ရှိနေသည်။ လေကြောင်းလိုင်းများ၏ ရှယ်ယာ ဈေးနှုန်းများလည်း ထိုးကျသွားဖို့ ရှိနေပြန်သည်။ လေကြောင်းလိုင်းများ အားလုံးသည် တရုတ်ပြည်မှ ပြင်ပသို့ ထွက်မည့် ခရီးသည်များကို အဓိက အမှီသဟဲ ပြုနေရသည်။ ၎င်းတို့အတွက် အကြီးမားဆုံး ဈေးကွက်ကြီးလည်း ဖြစ်ပေသည်။

 

တရုတ်ပြည်၏ လျှင်မြန်စွာ ကြီးထွားလာနေသော ၊ လူလတ်တန်းစားများကို အားထားနေရသော ကုမ္ပဏီများ အဖို့လည်း အန္တရာယ် မကင်း ဖြစ်လာနေရသည်။ တရုတ်ပြည်ထဲတွင် ရှိသော Starbucks ကော်ဖီဆိုင် ၄,၂၉၂ အနက် တဝက်ခန့်ကို ပိတ်ပြစ်လိုက်ရသည်။ ဖွင့်ထားသည့် ဆိုင်အချို့တွင်လည်း မျက်နှာ အစွပ် မပါက ဝင်ခွင့်မပြုဟုပင် ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြသည်။ သို့သော် မျက်နှာ အစွပ် များ ထုတ်လုပ် ရောင်းချသည့် 3M ကုမ္ပဏီများ အဖို့ က တွက်ခြေကိုက်နေကြသည်။ နှစ်သစ်ကူး နေ့များတွင် ရှန်ဟိုင်းရှိ ဒစ်စနေလန်း ကို ပိတ်ထားခဲ့ရသည်။ ယခုနှစ်ကား တရုတ် တို့ အတွက် ကြွက်နှစ် ဖြစ်နေပြန်သဖြင့် ကြွက်ပုံ နှင့် ဒစ်စနေ တံဆိပ်သည်  အရောင်းအဝယ် ကောင်းမည်ဟု ယူဆနေကြသော ကြောင့် တရုတ်တို့ အဖို့ စော်ကား ခံရသလို ထပ် ဖြစ်လာရပြန်သည်။

 

တရုတ်တွင် စက်ရုံများ ပိတ်ထားခဲ့ရခြင်းသည် ကမ္ဘာ စီးပွားရေး အား ဆင့်ကဲ ဆင့်ကဲ ရိုက်ခတ်လာပေတော့မည်။  ဝူဟန် မြို့သည်ကား နီဆန်း၊ ဟွန်ဒါ၊ ဂျီအမ် ကဲ့သို့ ကား ထုတ်လုပ်ရေး စက်မှုလုပ်ငန်းများ ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်နေသည့် မြို့ကြီးလည်း ဖြစ်ပေသည်။ Bloomberg မှ ထုတ်ပြန်သော စာရင်းဇယားများအရ တရုတ် ရှိ မြို့ကြီး ပေါင်း ၂,၀၀၀ ထဲတွင် ဝူဟန်သည် supply chains တွင် အဆင့် ၁၃ ရှိနေသည်ဟု သိရသည်။ အင်တာနက် ဒေတာ များ သယ်ဆောင်ရာတွင် သုံးသည့် Optical fiber ကြိုးများ အား ကမ္ဘာတ၀ှမ်း အတွက် အများဆုံး ထုတ်လုပ်ပေးနေသည့် Yangtze Optical Fibers & Cables သည် ဝူဟန် တွင် တည်ရှိသည်။

 

တရုတ်ပြည်ရှိ အခြားနေရာ များတွင် စက်ရုံ အလုပ်ရုံများ ရပ်ဆိုင်းထားရမှုသည် ဝူဟန်လောက် မဆိုးဝါးသေးသော်လည်း ၎င်းတို့သည် စီးပွားရေး ကဏ္ဍအသီးသီးအတွက် အန္တရာယ်များ ရှိနေသည်။ ဆေးဝါးထုတ်လုပ်ရေး အတွက် မရှိမဖြစ် ပါဝင်ဖက် ပစ္စည်း များ၏ ၈၀% တရုတ်ပြည်မှ ထွက်ရှိနေသည်။ ကမ္ဘာတဝှမ်းတွင် အသုံးပြုနေသော ပလပ်စတစ်ပန်းများ ၏ ၉၀% သည် တရုတ်ပြည်မှ ထုတ်လုပ်ပေးလျက် ရှိသည်။

 

ကမ္ဘာပေါ်ရှိ စက်ရုံ အတော်များများသည် အမေရိကန်နှင့် ဖြစ်ပွားနေသော ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ် စက်ရုံများ အပေါ် မှီခိုနေရမှုများကို လျော့ချနိုင်ရန် ကြိုးစားလျက် ရှိနေကြသည်။ နိုင်ငံရေး အကြောင်းများသာမက ယခု ဖြစ်ပွားလာသော ဗိုင်းရပ်စ်သည် ကုမ္ပဏီများ အဖို့ supply chain အတွက် တနိုင်ငံထဲကို မှီခို မနေသင့်ဟု မီးမောင်းထိုးပြလိုက်ခြင်း ပင် ဖြစ်သည်။ အမေရိကန် နှင့် ကုန်သွယ်ရေး ဆိုင်ရာ တင်းမာမှုများ ယမန်နှစ်က တိုးမြှင့်လာနေသော်လည်း ကမ္ဘာတဝှမ်းသို့ တင်ပို့နေသော တရုတ် ကုန်စည် အရည်အတွက်သည် တိုးမြဲ တိုးလာနေသည်။ တရုတ်ကဲ့သို့ အင်နှင့်အားနှင့် ထုတ်လုပ်နိုင်သည့် နေရာ ကို အစားထိုး ရန် ရှာဖွေရန် မလွယ်ကူလှပြန်ပေ။

 

ကြွက်နှစ် အတွက် တရုတ် စီးပွားရေး သည် အခြေအနေ မကောင်းစွာ ဖြင့် စတင်ရတော့မည် ဖြစ်သည်။ ကမ္ဘာစီးပွားရေး အားလည်း အရိပ်မည်းကြီး ကျလာပေတော့မည်။ ပုံမှန် အနေအထား ပြန်ရောက်လာသည့်အခါ တွင် ခုန်ပျံကျော်လွှား လာနိုင်တော့မည်ဟု မျှော်လင့်နေကြသည်။ အိမ်ထဲတွင် ကာလကြာမြင့်စွာ ကုပ်နေရသော လူများလည်း စူပါ မားကက်များ၊ စားသောက်ဆိုင်များ ဖက် အလုအယက် ထွက်လာကြဦးမည် ဖြစ်သည်။ စက်ရုံများလည်း နေ့ဆိုင်း ညဆိုင်းခွဲကာ အလျင်မီအောင် ထုတ်လုပ်ဖို့ စိုင်းပြင်းလာကြပေမည်။ ထိုအနေအထားများ အဆင်ပြေလာစေရန် အစိုးရဖက်မှလည်း အခြေခံ အဆောက်အအုံများ ပိုင်းတွင် တိုးမြှင့် သုံးစွဲလာမည် လည်း ဖြစ်သည်။ သို့သော် ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ မည်မျှကြာအောင် စောင့်ဆိုင်းရမည် ဆိုသည်ကို မည်သူမျှ မသိနိုင်သေးပေ။

 

ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေသည် ကံအားလျှော်စွာပင် ယခုအချိန်အထိ သိသိသာသာ လျော့နည်းနေဆဲ ဖြစ်သော်လည်း တရုတ် တနိုင်ငံလုံးအဖို့ တန်ဘိုးကြီးကြီး ပေးဆပ်နေရပြီ ဖြစ်ပေသည်။

 

ကိုးကား ။   ။ “China’s coronavirus semi-quarantine will hurt the global economy” from the Economist (January 29th 2020)