ကမ္ဘာနိုင်ငံ အများစုသည်လည်း ကမ္ဘာစီးပွားပျက် ကပ်ကြီးကြောင့် ပြည်တွင်းတွင် ဖြစ်ပေါ်လာနေသော ပြဿနာများကို အာရုံစိုက် ဖြေရှင်းနေရ၍ ထိုသို့ သောင်းကျန်းနေမှု များကို အလေးဂရု မပြုနိုင်အောင် ဖြစ် နေ ချိန်လည်း ဖြစ်သည်။
၁၉၃၅ တွင် အီတလီ ဖက်ဆစ် ခေါင်းဆောင် ဘင်နီတို မူဆိုလိုနီ သည် အဘစ်ဆီနီယား (ယခု အီသီယိုပီယား) ကို ကျုးကျော်လာခဲ့သည်။ အဘစ်ဆီနီယား အင်ပါယာ ပြည့်ရှင်မှ နိုင်ငံ ပေါင်းချုပ် အသင်းကြီးထံ အကူအညီ တောင်းခဲ့သည်။ ထိုအသင်းကြီးမှ ထိထိရောက်ရောက် အကူအညီ မပေးခဲ့၍ အီတလီသည် နိုင်ငံကို အလွယ်တကူ သိမ်းပိုက်သွားနိုင်ခဲ့သည်။
ထိုအခါတွင်တော့ နိုငိငံပေါင်းချုပ် အသင်းကြီးသည် အီတလီ အား မည်သို့မျှ အကျိုးထူးလာဖွယ်မရှိသည့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်လာခဲ့သည်၊ နောက်တနှစ် အကြာတွင် ထိုဒဏ်ခတ်ခဲ့မှုများကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပြန်သည်။ ထိုလုပ်ရပ်များကြောင့် အခြား ကျုးကျော်လိုသည့် နိုင်ငံများ အဖို့ မည်သို့မျှ ထူးထူးခြားခြား မထိခိုက်ပဲ အလွယ်တကူ လုပ်နိုင်သည်ဟု အားပေးအားမြှောက် လုပ်ပေးသလို ဖြစ်လာခဲ့ရသည်။
တရုတ် နှင့် အီသီယိုပီယား တို့ ကျုးကျော်ခံခဲ့ရမှု နှင့်နောက်ပိုင်း ဥရောပတွင် နယ်ချဲ့လာမှုကို ကမ္ဘာကြီးသည် လိုလိုလားလား လက်ခံ လာခဲ့မှု သည် "ရွှေပြည်အေး" ဝါဒ အဖြစ် ထင်ရှားခဲ့သည်။
ထိုဝါဒသည် ကျုးကျော်လိုစိတ် ရှိသည့် နိုင်ငံများကို သူတို့ ဖြစ်စေချင်သည်များကို လိုက်လျောပေးလိုက်ပါက အာသာပြေသွားပြီး ဆက်၍ ကျုးကျော်ရန် စိတ်ကူးတော့မည် မဟုတ်ဟု မျှော်လင့်ထားမှု အပေါ် အခြေခံထားခြင်း ဖြစ်ပေသည်။
နောက်ပိုင်းတွင် ဂျာမဏီ နှင့် ပတ်သက်၍ နိုင်ငံပေါင်းချုပ် အသင်းကြီး နှင့် ဗြိတိသျှ အစိုးရ အဆက်ဆက် က ထိုအတိုင်းပင် ဆက်၍ ကျင့်သုံးလာခဲ့သည်။ ဗြိတိသျှ တို့သည် ဟစ်တလာ၏ စိတ်နေ စိတ်ထား နှင့် ၎င်း၏ ဥရောပ သို့ ခြိမ်းခြောက်လာမည့် အန္တရာယ်ကြီး အပေါ် အကြီးအကျယ် မှားယွင်းစွာ တွက်ချက်ခဲ့ခြင်းပင် ဖြစ်သည်။
၁၉၃၀ ကျော် နှစ်များ အကုန်ပိုင်းတွင် ရွှေပြည်အေး ဝါဒအား တက်ကုန် ရွက်ကုန် ဖွင့် ကျင့်သုံးလာကြသည်။ ဟစ်တလာသည် သူ၏ "အာယန်" မျိုးနွယ်စု များ၊ အင်ဒို-ဥရောပ အနွယ်များသည် ကမ္ဘာကို လွှမ်းမိုးရမည့် မြင့်မြတ်သူ များ ဖြစ်၍ ၎င်းတို့ ဖွံ့ဖြိုး ရှင်သန် နိုင်ရေး အတွက် နယ်မြေ များ တိုးချဲ့မှ ဖြစ်မည်ဟု ဆိုကာ ကြိုးပမ်းလာချိန်လည်း ဖြစ်သည်။
ဗာဆိုင်း စာချုပ်ဖြင့် ကန့်သတ်ထားမှုများကို ချိုးဖောက်လာယုံမက နိုင်ငံပေါင်းချူပ် အသင်းကြီးမှလည်း ၁၉၃၃ တွင် နှုတ်ထွက်သွားခဲ့ပြန်သည်။းး၁၉၃၅ တွင် ဆား ဒေသအား ပြန်ယူခဲ့ပြီး ၁၉၃၆ တွင် စစ်မဲ့ဇုံ အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည့် ရိုင်း နယ်မြေ ထဲသို့ ဂျာမန် တပ်များ ဝင်ရောက် လာခဲ့ကြသည်။ ထိုနှစ်ထဲမှာပင် အီတလီ၊ ဂျပန်တို့နှင့် ရောမ-ဘာလင်-တိုကျို ဝင်ရိုးတန်း မဟာမိတ် စာချုပ် ချုပ်ဆိုလိုက်သည်။
၁၉၃၈ အစောပိုင်းတွင် ဩစတီယားကို ကျုးကျော် သိမ်းပိုက်ခဲ့ပြန်ပြီး စက်တင်ဘာလ ထဲတွင် မြူးနစ်၌ အပြည်ပြည်ဆိုင်ရာ သံတမန် ညီလာခံ တရပ် ခေါ်ယူပြီး ဟစ်တလာသည် ချက်ကိုစလိုဗက်ကီယား နိုင်ငံ ထဲတွင် ပါဝင်နေသော ဆူဒက်လန်း သည် ဂျာမန် လူမျိုး အများစု နေထိုင်ရာ ဒေသဖြစ်၍ ဂျာမဏီ မှ ပိုင်ဆိုင်ခွင့် ရှိသည်ဟု ပြောင်ပြောင်တင်းတင်းပင် တောင်းဆိုလာခဲ့သည်။
ယခုချိန်အထိ ရွှေပြည်အေး ဝါဒ ကျင့်သုံးကောင်းနေဆဲ ဖြစ်သော ပြင်သစ် နှင့် ဗြိတိသျှ အစိုးရသည် ဟစ်တလာ တောင်းဆိုသလို ဖြစ်စေရမည်၊ ထို့အတွက် ချက်ကိုစလိုဗက်ကီယား၏ ကျန်သော အစိတ်အပိုင်းများ၏ လွတ်လပ်ရေးကို လေးစား အသိအမှတ် ပြုရမည်ဟု ပင် ဟစ်တလာထံမှ ပြန်တောင်းဆိုခဲ့ကြသည်။
သို့သော် ဆင်ကြံ ကြံနေသော ဟစ်တလာ၏ ကတိသည် တနှစ်မျှသာ ခံပြီး ချက်ကိုစလိုဗက်ကီယားအား ကျူးကျော် သိမ်းပိုက်ခဲ့သည်။ ကျောချမှန်း ဓါးမြ မှန်း သိလာသော ဗြိတိသျှ နှင့် ပြင်သစ်တို့သည် ဥရောပ ရှိ ပိုလန် အပါအဝင် ကျန်ရှိသော လွတ်လပ်သည့် နိုင်ငံငယ် လေးများအား စစ်ရေး အကူအညီ ပေးပါမည်ဟု ကတိကဝတ်များ ပြုလာကြတော့သည်။
၁၉၃၉ စက်တင်ဘာ ၁ ရက် နေ့တွင် ဟစ်တလာသည် ပိုလန်ကို ဝင်ရောက် ကျူးကျော်လာခဲ့မှု နှင့် အတူ ဒုတိယ ကမ္ဘာစစ် မီးကြီး တဟုန်းဟုန်း တောက်လောင်လာခဲ့တော့သည်။
ချိန်ဘာလိန် ဦးဆောင်သော ဗြိတိသျှ အစိုးရ၏ ကျားကို သတ်သတ်လွတ်စားရန် တောင်းဆိုနေသော ရွှေပြည်အေး ဝါဒသည် အရှက်တကွဲ အကျိုးနည်းသွားခဲ့ရပြီ ဖြစ်၍ ၁၉၄၀ မေလ တွင် ဝင်စတန် ချာချီ ဦးဆောင်သော အစိုးရ အသစ် တက်လာခဲ့သည်။ ထိုအစိုးရသည် ဂျာမဏီကို ရင်ဆိုင်သွားရန် အတွက် ပင် ဖြစ်သည်။
ချာချီ ဝန်ကြီးချုပ် ဖြစ်လာသည့် နေ့မှာပင် ဟစ်တလာသည် ဘယ်ဂျီယံ၊ နယ်သာလန် နှင့် ပြင်သစ်ကို ဝင်ရောက် တိုက်ခိုက်လာတော့သည်။ ဇွန်လတွင် ပြင်သစ်သည် ဂျာမန်တို့ လက်အောက်သို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့သည်။ ယင်းနှင့် အတူ ဂျာမန် လေတပ်သည် ဗြိတိန် ကျွန်းစုကြီးပေါ်သို့ လေကြောင်း စစ်ဆင်ရေး ဆင်နွှဲပြီး ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။ နောက်ပိုင်း ဗြိတိသျှ တို့ဖက်မှ ကြံ့ကြံ့ခံ ခုခံ နိုင်ခဲ့မှန်း သိလာကြ၍ လက်လျော့သွားခဲ့ကြသည်။
ထိုအချိန်တွင် အမေရိကန်သည် ဥရောပ နှင့် အာရှတွင် ဖြစ်ပွားနေသော စစ်ပွဲကြီးတွင် ပါဝင် ပတ်သက်ခြင်း မရှိသေးပဲ ဖာသိဖာသာ နေ နေဆဲပင် ဖြစ်သည်။ သို့သော် ဂျာမဏီကို ဆန့်ကျင် တိုက်ခိုက်နေသည့် မဟာမိတ်များ အား လက်လွတ်စပယ် တော့ ပစ်ထားခဲ့ခြင်း မရှိပဲ Land-Lease ပရိုဂရမ် ခေါ် အငှားချ အစီအစဉ်ဖြင့် ၁၉၄၀ ကုန်ပိုင်းလောက်မှစ၍ ငှားသည် ရမ်းသည် ဆိုသည့် သဘောဖြင့် စစ်အတွက် ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးလာခဲ့သည်။
အမေရိကန် သမ္မတ ဖရန်ကလင် ဒီလာနို ရုစ်ဘဲလ်သည် ဗြိတိန် အား စစ်ပွဲ အတွင်း ဆက်ရှိနေစေရန် လိုအပ်သည်များ ပံ့ပိုးပေးပြီး တဖက်တွင်လည်း ဂျာမဏီ တို့ အောင်ပွဲမခံစေရန် ဆိုသည့် မူဖြင့် အလယ်အလတ် လမ်းကြောင်းကို အတိမ်းအစောင်း မခံပဲ သေချာကျနစွာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ပြည်တွင်းရှိ တသီးတခြား နေလိုသည့် isolationist များမှ ဆန့်ကျင်မလာအောင်လည်း အလွန်အကျွံ မပံ့ပိုးမိအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရပြန်သည်။ ထိုသူများက ဥရောပ၏ ပဋိပက္ခများတွင် ဝင်မပါမိစေရန် ထိန်းချုပ်ထားရမည့် ဖက်မှ ရပ်တည် ပြောဆိုနေသူများ ဖြစ်သည်။
ထိုအတောအတွင်း ဂျပန်၏ စစ်အင်အား ဆက်၍ တည်ဆောက်လာမှုကို ဟန့်တားနိုင်ရန် စစ်လက်နက် ပစ္စည်းများ အတွက် လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများကို ပိတ်ပင်လာခဲ့သည်။
ရုရှားသည်လည်း သူ့လမ်းကြောင်းသူ ရွေးချယ် လျှောက်လှမ်းလာခဲ့သည်။ ၁၉၃၉ ဩဂုတ်လ တွင် ဆိုဗီယက် ယူနီယံ နှင့် ဂျာမဏီတို့ မကျုးကျော်ရေး စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။ ထိုစာချုပ်အရ ဆိုဗီယက်သည် ပိုလန် နယ်မြေ အချို့နှင့် ဘော်လတစ် နိုင်ငံများကို ရရှိသွားခဲ့သည်။
စတာလင် အဖို့လည်း ဟစ်တလာ နှင့် နောက်ပိုင်းတွင် မလွှဲမရှောင်သာပဲ ဖြစ်ပွားလာတော့မည့် စစ်ကြီး အတွက် ပြင်ဆင်ချိန် ရသွားခဲ့သည်။
ဟစ်တလာကလည်း ရုရှား နှင့် ထိုသို့ စာချုပ် ချုပ်ထားလိုက်ခြင်းဖြင့် စစ်မျက်နှာ နှစ်ခု ဖွင့်စရာ မလို တော့ပဲ တရန်အေးကာ ဥရောပ ကုန်းမြေကြီးတွင် သူ လုပ်ချင်သည်များကို စိတ်ရှိ လက်ရှိ လုပ်နိုင်ရန် ရည်ရွယ်ချင်းလည်း ဖြစ်သည်။
ဥရောပ အနောက်ခြမ်းတွင် သူလုပ်ချင်သည့် အတော်များများ လုပ်ပြီးသွားသည့် အခါတွင်တော့ ဟစ်တလာသည် ဆိုဗီယက် ဖက်ကို လှည့်လာခဲ့ပြီး ၁၉၄၁ ဇွန်လတွင် စတင် တိုက်ခိုက်လာခဲ့သည်။