ဒုတိယ အကြိမ် စစ်ပွဲကြီး ဆီသို့
ထိုခေတ် က အနှစ်သာရ မဲ့လှသည့် စိတ်ကူးယဉ် ဝါဒ ကိုင်စွဲလာကြပုံကို အကောင်းဆုံး ဥပမာ ပြရမည် ဆိုလျှင် ၁၉၂၈ တွင် နိုင်ငံပေါင်း ၁၅ နိုင်ငံ စတင် လက်မှတ်ရေးထိုးခဲ့သည့် ကယ်လော့-ဘရိုင်ယန် သဘောတူညီချက် ပင် ဖြစ်သည်။ နောက်ပိုင်းတွင် ၆၂ နိုင်ငံ အထိ ပါဝင်လာခဲ့သည်။
သဘောတူ လက်မှတ် ရေးထိုးသည့် နိုင်ငံများ အနေဖြင့် ၎င်းတို့အကြား အငြင်းပွားမှုများ ရှိလာပါ့က အင်အားသုံး မဖြေရှင်းရန် ကတိကဝတ် ပြုခဲ့ရသည်။
ယင်းသည် ထိုသို့ မဖြစ်ရေး အတွက် နိုင်ငံခြားရေး မူဝါဒ ချမှတ်ပြီး အလေးအနက်ထား ကျင့်သုံးရမည့်အစား သဘောထား ကြီးမှု ကို ပြသလိုယုံ သက်သက် စာရွက် ပေါ်တွင် အာမခံခဲ့ကြခြင်းသာ ဖြစ်သည်။
ထိုစာချုပ်ကို ဦးဦးဖျားဖျား လက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံများသည် နောက်ပိုင်း ဆယ်နှစ် အကြာတွင် ဖြစ်ပွားလာခဲ့သည် ဒုတိယ ကမ္ဘာစစ်ကြီး အတွက် တာဝန် အရှိဆုံး ဖြစ်နေသည့် ဂျာမဏီ၊ ဂျပန် နှင့် အီတလီတို့ ဖြစ်နေကြသည်ကပင် စိတ်ဝင်စားဖွယ် ကောင်းနေရသည်။
ထိုသို့ လက်မှတ်ထိုးခဲ့ကြသည့် နိုင်ငံများသည် အတွင်း တွင် အလျှင်အမြန်ပင် လှိုက်စားလာနေကြပြီ ဖြစ်သည်။ ဂျာမဏီ သည် ထိုအချိန်တွင် ပါလီမန် ဒီမိုကရေစီ စနစ် ဖြင့် ဝိုင်မာ သမ္မတ နိုင်ငံ ကို ထူထောင်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီ အတွေ့အကြုံ မရှိခဲ့ခြင်း၊ စစ်လျှော်ကြေးများ ပေးနေရခြင်း နှင့် အဆမတန် ငွေကြေးဖေါင်းပွမှု များကြောင့် ငွေတန်ဖိုး မရှိ တော့သည့် ဒဏ်များ ပိလာနေ၍ ဂျာမန် လူလတ်တန်းစားများ ဆင်းရဲ မွဲတွေ ကုန်ကြသည်။ ယင်းနှင့်အတူ နိုင်ငံတည်ငြိမ်မှုသည်လည်း စတင် ပျက်ပြားစ ပြုလာခဲ့ပြီ ဖြစ်သည်။
ဂျာမဏီသာမက ၁၉၂၉ တွင် ပေါ်ပေါက်လာခဲ့သော ကမ္ဘာစီးပွားပျက်ကပ်ကြီးကြောင့် ကမ္ဘာ အနှံ နိုင်ငံရေး တည်ငြိမ်မှု များ ပျက်ပြားလာခဲ့ရသည်။ ခိုင်မာသည့် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ မရှိခြင်း နှင့် မဆင်မခြင် ရှယ်ယာဈေးကစားခဲ့မှုများကြောင့် အမေရိကန်၏ စတော့ဈေးကွက် ပြိုလဲသွားခဲ့ရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ ယင်း၏ ရလဒ် အဖြစ် လူအများအပြား နှင့် စီးပွားရေး လုပ်ငန်းများ ကြွေးမြီ မဆပ်နိုင်တော့သည့် အဖြစ် ရောက်သွားခဲ့ရသည်။ အမေရိကန် ပြည်တွင်း နှစ်စဉ် ထုတ်ကုန် နှင့် ဝန်ဆောင်မှု တန်ဖိုး GDP သည်လည်း အလွန်အကျွံ ထိုးဆင်းသွားခဲ့သည်။
ယင်းကို ထိန်းချုပ်ရန် ဗဟိုဘဏ်မှ ထိထိရောက်ရောက် မဆောင်ရွက် နိုင်ခဲ့ပေ။ အလုပ်လက်မဲ့များ တနိုင်ငံလုံးတွင် အများအပြား ဖြစ်လာပြီး ဘဏ်များ ပြိုလဲသွားခဲ့ရသည်။ (ပုံတွင် ဆင်းရဲမွဲတေမှု ဒဏ်ကြောင့် ရင်သွေးများကို ထုတ်ရောင်းရသည် အထိ ဖြစ်လာကြသည်ကို တွေ့နိင်ပေသည်။)
ထို့ပြင် အမေရိကန် မှ နိုင်ငံတွင်း သွင်းကုန်များအား ဟန့်တားရန် ပြဋ္ဌာန်းခဲ့သော စမု-ဟော်လေး ကုန်သွယ်ခွန် ဥပဒေ ကို အခြား နိုင်ငံများကလည်း အလားတူ လက်တုန့်ပြန်လာကြသဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး သည် ကွယ်ပျောက်လုမတတ် ဖြစ်သွားခဲ့ရ ပြန်သဖြင့် ကမ္ဘာစီးပွားပျက် ကပ်ကြီးသည် ပို၍ နက်ရှိုင်းသွားခဲ့ရသည်။
ဂျာမန်တို့ အဖို့က ထိုသို့ ဖြစ်ပွားလာသော စီးပွားပျက် ကပ်ကြီးသည် ၎င်းတို့၏ ဝိုင်မာ သမ္မတ နိုင်ငံ ကို အပြီးအပိုင် ဖုတ်ကြည်း မီးသင်္ဂြိုလ် လိုက်သည်နှင့် မခြား ဖြစ်သွားခဲ့ရသည်။
ဂျာမဏီသည် စစ်လျှော်ကြေး များ ဆက်ပေးနိုင်ရန် ချေးငွေများ လိုအပ်နေသည်။ သို့သော် စီးပွားပျက် ကပ်ကြီးကြောင့် ချေးငှားမည်သူ မရှိသလောက် ဖြစ်လာ၍ အစိုးရသည် ကြွေးမှီများ ပေးနိုင်ရန် ငွေစက္ကူများ ပို၍ ရိုက်နှိပ် ထုတ်ဝေလာရသဖြင့် ငွေဖေါင်းပွမှု နှုန်း အလွန်အကျွံ မြင့်တက်သွားခဲ့ရသည်။
ဝိုင်မာ သမ္မတနိုင်ငံ ပျက်သုံးသွားရခြင်းသည် ဒီမိုကရေစီ နှင့် အရင်းရှင် ဝါဒ ကျရှူံးသွားသည့် အခါ မည်သို့မည်ပုံ ဖြစ်လာနိုင်သည်ကို နမူနာ ပြစရာ ပုံသေကားချပ် သဖွယ် ဖြစ်လာခဲ့ရသည်။
ဒေါသထွက်ကာ ကြံရာမရ ဖြစ်လာသော ဂျာမန် နိုင်ငံသားများသည် ၎င်းတို့၏ အခြေခံ ရပိုင်ခွင့်များ ရပ်ဆိုင်းခံလိုက်ရမှု ကိုလည်း ကန့်ကွက်ရကောင်းမှန်း မသိကြတော့ပဲ နိုင်ငံ၏ အခြေအနေ ပြန်လည် ကောင်းမွန်လာအောင်နှင့် ဖွံ့ဖြိုးစည်ပင်လာအောင် မလုပ်မဖြစ် လုပ်ခဲ့ရမှု ဟု မှတ်ယူလာခဲ့ကြသည်။
နိုင်ငံရေး နှင့် စီးပွားရေး အနေအထားအားလုံး လိုလို ကို အစိုးရ မှ ထိန်းချုပ်ထားမှ ဖြစ်တော့မည်ဟု တောင်းဆို လာသော တဖက်စွန်းရောက် အမျိုးသားရေး ဝါဒကို အခြေခံသည့် ဖက်ဆစ် ဝါဒ အား ဂျာမဏီ၊ ဩစတီယား၊ အီတလီ နှင့် ဂျပန်ရှိ နိုင်ငံရေး ပါတီများ နှင့် နိုင်ငံရေး သမားများက ဖက်တွယ်လာကြသည်။
ဤသို့ဖြင့် ၁၉၃၂ တွင် နာဇီ ပါတီသည် ဂျာမန် ပါလီမန် တွင် အင်အား အကြီးမားဆုံး ဖြစ်လာခဲ့သည်။ နောက်တနှစ် အကြာတွင် အဒေါ့ဖ် ဟစ်တလာသည် နိုင်ငံ၏ အဓိပတိ ဖြစ်လာခဲ့သည်။ ချက်ခြင်းလိုပင် ဟစ်တလာသည် ဒီမိုကရေစီ အရံအတားများကို ဖယ်ရှားကာ အာဏာမှန်သမျှ ကို အကုန် စုစည်း ချုပ်ကိုင်လာခဲ့သည်။ ဂျုးများ နှင့် အခြား နိုင်ငံသားများအား ခွဲခြား ဆက်ဆံမည့် ဥပဒေကို ပြဋ္ဌာန်းလာသည်၊ ဗာဆိုင်းစာချုပ်ကို ဆုတ်ဖြဲလိုက်ပြီး ဂျာမဏီ ကို ပြန်၍ လက်နက်တပ်ဆင်လာခဲ့သည်။
ဟစ်တလာ၏ လုပ်ရပ်များကို ဗြိတိသျှ နှင့် ပြင်သစ်တို့က တင်းတင်းမာမာ မတုန့်ပြန်ခဲ့ကြသဖြင့် ၎င်း၏ စိတ်ထဲတွင် သူ လုပ်ချင်ရာ လုပ်နိုင်ခွင့် ရှိသည်ဆိုကာ ရဲတင်းလာခဲ့ခြင်းလည်း ဖြစ်သည်။
ဆိုဗီယက် ယူနီယံသည်လည်း ၁၉၂၀ ကျော် နှစ်များ အကုန်ပိုင်းနှင့် ၁၉၃၀ ကျော် နှစ်များ အစပိုင်း ကာလများ အတွင်း တွင် ဗဟိုချုပ်ကိုင်မှု စနစ်ဖြင့် ကွန်မြူနစ် နိုင်ငံ ကြီး အဖြစ် အသွင်ပြောင်းလာနေပြီး အာဏာရှင် နိုင်ငံများတွင် အစဉ်အလာအားဖြင့် ကျင့်သုံး နေမှုများထက် ပင် တန်ခိုး ထွားလာခဲ့ပြီ ဖြစ်သည်။
ရုရှား ပြည်သူများ၏ လူနေမှု ဘဝ မျက်နှာစာ အသီးသီးကိုလည်း ထိန်းချုပ်လာခဲ့ယုံမျှမက စီးပွားရေး လုပ်ငန်း အဝဝ ကိုပါ လွှမ်းမိုးလာခဲ့သည်။
ဂျိုးစက် စတာလင်သည် ကွယ်လွန်သွားပြီ ဖြစ်သည့် လီနင်နေရာအား ၁၉၂၄ တွင် တရားဝင် ဆက်ခံလာခဲ့သည်။ ထို့နောက်တွင် စတာလင်သည် ငါးနှစ် စီမံကိန်းများ ချကာ ပြုပြင် ပြောင်းလဲရေး များ စတင် အကောင်အထည် ဖေါ်လာခဲ့သည်။
လွတ်လပ်သော ဈေးကွက်စနစ်ကို ဖျက်သိမ်းပစ်ပြီး လယ်သမား များကို လုပ်ငန်းခွင်များထဲသို့ အလုပ်သမားများ အဖြစ် သွတ်သွင်းလာခဲ့သည်။ ထိုသို့သော ကြောက်မက်ဖွယ် ကောင်းလှသည့် မူဝါဒ ရေးရာ အမှားများကြောင့် ငတ်မွတ် ခေါင်းပါးမှု များ ဖြစ်လာပြီး လူ သန်းပေါင်းများစွာ သေဆုံးသွားခဲ့ရသည်။ သန်းပေါင်းများစွာလည်း ထောင်သွင်း အကျဉ်းချ ခံခဲ့ရပြီး အများစုသည် စတာလင်၏ အာဏာကို စုစည်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမှု အောက်တွင် ကွပ်မျက်ခံခဲ့ရပြန်သည်။
ဥရောပတွင်သာမက အာရှတွင်လည်း သမိုင်း ကန့်လန့်ကာ ကြီး တဖန် ကြွတက်လာနေပြန်သည်။
တရုတ်ပြည်တွင် ကွင် မင်းဆက် အပေါ် လူထု၏ ဆန့်ကျင်ကန့်ကွက်မှု များ အားကောင်းလာခဲ့သည်။ တရုတ်ပြည်အား ခေတ်မီ ဖွံ့ဖြိုးအောင် မလုပ်နိုင်ခဲ့သည့်အပြင် ပြည်ပ မှ နိုင်ငံ၏ အချုပ်အခြာ အာဏာကို စော်ကား ကျူးကျော်လာမှုများအားလည်း ဟန့်တားနိုင်ခြင်း မရှိခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ ဤသို့ဖြင့် ကွင် မင်းဆက်သည် ၁၉၁၂ တွင် ပြိုလဲသွားခဲ့ရသဖြင့် နှစ်ပေါင်း နှစ်ထောင် ကျော် အုပ်ချုပ်လာခဲ့သည့် ဘုရင် အုပ်ချုပ်ရေး ဆုံးခန်းတိုင်သွားခဲ့ရသည်။
တရုတ် အမျိုးသားရေး ဝါဒီ များသည် နိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းများကို ထိန်းချုပ်လာနိုင်ခဲ့သည်။ သို့သော် ၁၉၃၀ ကျော် အစောပိုင်း နှစ်များ အတွင်း ဂျပန်တွင် အာဏာရလာသော လက်ယာ အစွန်းရောက် အစိုးရသည် တရုတ်ပြည်အား စတင် ကျုးကျော် တိုက်ခိုက်လာပြီး မန်ချုရီးယား တွင် ရုပ်သေး အစိုးရ ကို တင်မြှောက်ခဲ့သည်။ ၁၉၃၇ တွင် ရှန်ဟိုင်းအား သိမ်းပိုက်လိုက်ကြသည်။