ရုရှား တော်လှန်းရေး ကြီး အပြီး ဗလာဒီမာ လီနင်၏ စစ်သွေးကြွ ဘော်ရှီဗစ် များ နှင့် အလယ်အလတ် အယူအဆ ရှိသော မင်ရှီဗစ်များ အကြား ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာခဲ့သည်။ ထိုသို့ ဖြစ်ပွားလာခဲ့ခြင်းသည် လည်း ပထမ ကမ္ဘာစစ်ကြီးတွင် ပါဝင်ခဲ့ခြင်းကြောင့် စစ်စရိတ် များ ထောင်းပြီး စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုရေး ပိုင်း များ ချို့ယွင်းလာခဲ့သော ကြောင့်ပင် ဖြစ်သည်။
ရုရှား ပြည်တွင်းစစ်သည် နှစ်ပေါင်း အတန်ကြာအောင် ဆက်လက် ဖြစ်ပွားနေခဲ့ပြီး နောက်ဆုံးတွင် ဘော်ရှီဗစ် များ အောင်ပွဲရပြီး အဆုံးသတ် သွားခဲ့သည်။
၁၉၂၂ အကုန်ပိုင်းတွင် ဆိုဗီယက် ယူနီယံ ဟု သိလာကြသည့် ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတ နိုင်ငံဟူ၍ ထူထောင်နိုင်ခဲ့သည်။
အစိုးရ တရပ်ဖြင့် အုပ်ချုပ်လာသည် ဆိုသော်လည်း လက်တွေ့ တွင် ကွန်မြူနစ် ပါတီကသာ အရာရာကို ချုပ်ကိုင်ထားခဲ့သည်။ ဤသို့ဖြင့် ဆိုဗီယက် ယူနီယံသည် ဒုတိယ ကမ္ဘာစစ်ကြီး နှင့် နောက်ပိုင်း ဖြစ်ပွားခဲ့သော စစ်အေး တိုက်ပွဲကြီးတွင် အရေးပါသော အခန်း ကဏ္ဍ မှ ပါဝင်လာခဲ့သည်။
ဂျာမဏီသည် ၁၉၁၈ နွေဦးပေါက် တွင် စတင်ခဲ့သောထိုးစစ်ကြီး နိုဝင်ဘာလ တွင် အပြီးအပိုင် ပြိုလဲသွားခဲ့ရမှု နှင့် အတူ ပထမ ကမ္ဘာစစ်ကြီး အဆုံးသတ်သွားခဲ့သည်။ ထို့နောက် ငြိမ်းချမ်းရေး အတွက် စကားစလာပြီး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ရသည်။ နောက်ပိုင်း နှစ်လ အကြာတွင် ဂျာမဏီ နှင့် ရုရှားမှ လွဲ၍ စစ်ပွဲကြီး တွင် အဓိက ပါဝင်ခဲ့သည့် နိုင်ငံများ အားလုံး ပြင်သစ် တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ၁၉၁၉ ဇွန်လ အကုန်တွင် ဗာဆိုင်း စာချုပ်ကို လက်မှတ် ရေးထိုး နိုင်ခဲ့သည်။
ဂျာမဏီ သည် စစ်ပွဲကြီး အတွက် တာဝန်ယူခဲ့ရပြီး ၎င်းတို့ တိုက်ခိုက်ခဲ့သည် နိုင်ငံများ၏ အစိုးရများကို စစ်လျော်ကြေး ပေးရန် သဘောတူခဲ့ရသည်။ ပြီးခဲ့သည့် ရာစုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ပြင်သစ်-ပရပ်ရှား စစ်ပွဲ အတွင်း သိမ်းယူခဲ့သည့် အယ်ဆေး နှင့် လော်ရိန်း နယ်များကို ပြင်သစ်ကို ပြန်ပေးခဲ့ရသည်။
ဘယ်လ်ဂျီယံ နှင့် ပိုလန်သို့လည်း နယ်မြေများ ပြန်ပေး ခဲ့ရပြီး နိုင်ငံရပ်ခြားရှိ ကိုလိုနီများကိုလည်း အဆုံး ခံလိုက်ရသည်။ ကြည်းတပ် နှင့် ရေတပ်အင်အားကိုလည်း သိသိသာသာ လျော့ချပေးရန် သဘောတူခဲ့ရသည်။
ပြင်သစ် တို့အားလည်း ၎င်းတို့ ပိုင် နယ်မြေ အချို့အား စစ်အုပ်ချုပ်ရေး ဖြင့် နှစ်အကန့်အသတ် နှင့် အုပ်ချူပ်သွား မည့် အရေးကို လိုက်လျောခဲ့ရပြန်သည်။ ဆား ဒေသ ရှိ ကျောက်မီးသွေး နှင့် သံရိုင်းများ ဆယ့်ငါးနှစ်ကြာ တူးဖေါ် ထုတ်ယူခွင့်အားလည်း ပြင်သစ်ကို ပေးခဲ့ရပြန်သည်။
စစ်နိုင် နိုင်ငံများက နိုင်ငံ ပေါင်းချုပ် အသင်းကြီး ဖွဲ့စည်းရန် သဘောတူ ခဲ့ကြသည်။ ထို အသင်းကြီးအား လက်တွေ့ အမှန်တရားထက် စိတ်ကူးယဉ် ချက်များ ဖြင့် သာ ဖွဲ့စည်းခဲ့ကြသည်ဟု ပြော၍ ရပေသည်။
စစ်နိုင် နိုင်ငံများ သည် ၎င်းတို့လက်ဝယ်ရှိ အာဏာကို အသုံးချကာ မိမိနိုင်ငံ၏ အပြုအမူထက် အခြား နိုင်ငံများ၏ အပြုအမူ ကို ပြောင်းလဲပစ်မည် ဆိုသည့် နိုင်ငံခြားရေး မူဝါဒ ပင် ဖြစ်သည်၊ ထိုမူဝါဒ ဖြင့် စစ်နိုင် နိုင်ငံကြီးများသည် ၎င်းတို့အား ထပ်မံ ခြိမ်းခြောက် ခြင်း မခံရအောင် လက်ရှိ အနေအထားကို သာ ထိမ်းထား နိုင်ရန်၊ ပို၍ အင်အားကြီးလာဖွယ် ရှိသည့် နိုင်ငံများ သည်လည်း နောက်ပိုင်းတွင် ၎င်းတို့ အလိုကျ ဖန်တီး မလာနိုင်စေမည့် လုံခြုံရေး အစီအမံ များကို စုပေါင်း တည်ဆောက်ထားမှ ဖြစ်မည် ဆိုသည့် အယူအဆ ပေါ် အခြေခံခဲ့ခြင်း ဖြစ်သည်။
စစ်ရှုံး အော်တိုမန် အင်ပိုင်ယာ ကြီး အတွက်လည်း သီးခြား စာချုပ် ချုပ်ဆိုပြီး ဂရိ၊ အီတလီ၊ ပြင်သစ် နှင့် ဗြိတိန် တို့ အတွက် နယ်မြေများ ပိုင်းခြား ခွဲဝေ ပေးခဲ့ကြသည်။
ယင်းနှင့် အတူ အရှေ့ ဥရောပ တွင် ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ ရိုမေးနီယား၊ ယူဂိုစလားဗီယား နိုင်ငံများ အလျိုလျိူ ပေါ်ထွက်လာခဲ့သည်။
အလားတူပင် ယနေ့ခေတ် အရှေ့အလယ်ပိုင်း ရှိ နိုင်ငံ အများစုသည်လည်း အော်တိုမန် အင်ပိုင်ယာကြီး ပြိုလဲအပြီး နောက် ဗြိတိန် နှင့် ပြင်သစ်တို့က နိုင်ငံ နယ်နမိတ် များကို ၎င်းတို့ စိတ်တိုင်းကျ ရေးဆွဲပြီး ပိုင်းခြားခဲ့ရာမှ ထွက် ပေါ် လာခဲ့ခြင်း ဖြစ်သည်၊ ဒေသအတွင်း တည်ငြိမ်မှု ရှိစေရေးထက် ၎င်းတို့ အကျိုးစီးပွား ရှိရာ ရှိကြောင်းအုတ်မြစ်များ ချလာခဲ့ကြခြင်းသာ ဖြစ်သည်။
ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့် ဆိုသည်ကိုလည်း ဥရောပရှိ နိုင်ငံသစ်များကိုသာ ပေးခဲ့ခြင်း ဖြစ်ပြီး အရှေ့အလယ်ပိုင်း၊ အာရှ နှင့် အာဖရိက ပြည်သူများ အတွက်မူ မည်သို့မျှ ထူးခြားလာခြင်း မရှိခဲ့ပေ၊ ဤသည်ကလည်း အမေရိကန် သမ္မတ ဝုရိုး ဝီလ်ဆင်သည် ၎င်း၏ နိုင်ငံ ပေါင်းချုပ် အသင်းကြီး ပေါ်ပေါက်လာရေး အား ဝိုင်း၍ ထောက်ခံမှု ပေးလာ အောင် ၎င်းတို့ ပိုင် ကိုလိုနီ နိုင်ငံများ အဆင့်အတန်းကို ပိုနေမြဲ ကျားနေမြဲ ထားရှိလိုသည့် ဥရောပ နိုင်ငံများ၏ ဆန္ဒကို လိုက်လျော ပေးခဲ့ရခြင်းကြောင့်ပင် ဖြစ်သည်။
ပထမ ကမ္ဘာစစ်ကြီးသည် အင်ပိုင်ယာကြီး လေးခု ကို ပြိုလဲသွားစေခဲ့သည်။ နိုင်ငံများသည် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဟူသော အမျိုးသားရေး ဝါဒကို သမ္မတ ဝီလ်ဆင်သည် ကမ္ဘာတဝှမ်းတွင် မျိုးစေ့ ချပေးနိုင်ခဲ့သည်။
အမျိုးသားရေး ဝါဒ ဆိုသည်က ဒေသတခုတွင်းနေ လူ့အစည်းအရုံး တခုသည် မိမိတို့တွင်ရှိ သီးခြား ကိုယ်ပိုင် လက္ခဏာများ၊ တူညီသောသမိုင်းကြောင်း၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ မျိုးရိုး ဇာတိ၊ နိုင်ငံရေး ယုံကြည်ချက်များ တူညီမှု ဖြင့် အေးအတူ ပူအမျှ နေထိုင်သွားလိုစိတ် အပေါ် အခြေခံလာခဲ့ခြင်းလည်း ဖြစ်သည်။
မိမိတို့ နှင့် လားလားမျှ အသွင်လက္ခဏာ မတူသော အပြင်လူများ၏ အုပ်ချုပ်ခြင်း ခံလာရချိန်တွင် အမျိုးသားရေး ဝါဒသည် ပို၍ အရှိန်ကောင်းလာ စမြဲလည်း ဖြစ်သည်။
တိုင်းတပါးသားများ၏ ကျွန်ပြုခံ ဘဝဖြင့် နေလာရသည်ကို တနေ့တခြား စိတ်ပျက်လာကြသည် နှင့် အမျှ မိမိတို့ ကြမ္မာကို မိမိတို့ ဖန်တီးနိုင်ပြီး၊ မိမိတို ဘာသာ ကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်နိုင်ခွင့် နှင့် မိမိတို့ စကားကို ပြောဆို နိုင်မည့် လွတ်လပ်သော လူမျိုး များ အဖြစ် နေထိုင်သွားလိုစိတ်များ ပြင်းပြလာခဲ့ကြသည်။
သမ္မတ ဝီလ်ဆင်သည် ပြင်သစ်မှ ၁၉၁၉ နှစ်လယ်ပိုင်းလောက် တွင် အမေရိကန်သို့ ပြန်လာခဲ့သည်။ ထို့နောက် နိုင်ငံ တဝှမ်းလုံးသို့ မနားမနေ ခရီးလှည့်ကာ သူ၏ နိုင်ငံ ပေါင်းချုပ် အသင်းကြီးအား အမေရိကန် လူထု ၏ ထောက်ခံမှု ရစေရန် စည်းရုံး လှုံ့ဆော်ခဲ့သည်၊ ထိုသို့ ထောက်ခံလာမှသာ အထက်လွှတ်တော်တွင် မဲခွဲသည့် အခါ အနိုင်ရရှိမည်ကို သိထားသောကြောင့် လည်း ဖြစ်သည်။
အထက် နှင့် အောက်လွှတ်တော်တွင် ဝီလ်ဆင်၏ နိုင်ငံပေါင်းချုပ် အသင်းကြီးအား အကြောက်အကန် ဆန့်ကျင်နေကြသူများသည် အမေရိကန်အား ကမ္ဘာရေးရာ များတွင် ဝင်မပါပဲ တသီးတခြား နေသွားလိုစိတ် ရှိသည့် isolationist များနှင့် ထိုသို့ ကတိကဝတ်များ ကြောင့် မိမိ လုပ်ချင်သည်ကို လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရှိ တော့မည် မဟုတ်ဟု ယူဆထားကြသည့် unilateralist များ ပင် ဖြစ်သည်။
ဝီလ်ဆင်သည်လည်း မနားမနေ ခရီးလှည့်ပြီး ဝါရှင်တန်သို့ ပြန်ရောက်သည့် အခါ လေဖြတ် ဝေဒနာကို ခဲစားလာခဲ့ရသည်။ နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ် အကြာတွင် နိုင်ငံပေါင်းချုပ် အသင်းကြီးတွင် ပါဝင်ခွင့် ပေးမည့် ဥပဒေ မူကြမ်းကို အထက်လွှတ်တော်၏ မဲခွဲ ပယ်ချပစ်ခြင်းကို ခံခဲ့ရသည်။
အမေရိကန် တို့ ပါဝင်ခြင်း မရှိတော့သော်လည်း နိုင်ငံ ပေါင်းချုပ် အသင်းကြီးက ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ နိုင်ငံ အချင်းချင်း အကြား ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှု များကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဖွဲ့စည်းခဲ့သော်လည်း အမေရိကန် ပါဝင်လာခြင်း မရှိသဖြင့် တာထွက် မကောင်း ဖြစ်ခဲ့ရသည်။
ပြဿနာတခုကို စုပေါင်း သဘောတူညီချက်ဖြင့်အရေးယူ ဆောင်ရွက်ရမည့် အရေးတွင်လည်း တွန့်ဆုတ်သွားခဲ့ရသည်။
နိုင်ငံပေါင်းချုပ် အသင်းကြီး ပျက်သုံးသွားခဲ့ရခြင်းသည် ဖွဲ့စည်းတည်ဆောက်ပုံ တွင် ချို့ယွင်းချက် အပြစ်အနာ အဆာ များ ကြောင့် မဟုတ်ပဲ အဓိက အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ပြင်သစ် နှင့် ဗြိတိန် တို့မှ အဖွဲ့ကြီး၏ မူဝါဒ အတိုင်း လုပ်ရန် ဆန္ဒ မရှိခြင်းကြောင့်ဟု ဆိုရမည်သာ ဖြစ်သည်။
ထိုအချိန်က အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် တို့သည် နိုင်ငံများ လိုက်နာကျင့်သုံးရမည့် စနစ်ကြီး တရပ်ကို တည်ဆောက် ထိမ်းသိမ်းသွားရေးထက် နားအေးပါအေး ကိုယ်နှင့် မဆိုင်လျှင် ကြည့်နေတတ်သည့် ရွေပြည်အေး ဝါဒ ကိုသာ တစိုက်မတ်မတ် ကျင့်သုံးခဲ့ကြသည်။
အမေရိကန်သည် ဥရောပ၏ ပဋိပက္ခများတွင် နောက်တကြိမ် ဝင်မပတ်သက်ရအောင် သန္နိဋ္ဌာန် ချထားလာချိန်တွင် ဥရောပ တိုက်သား များကတော့ ဖြူကာပြာကာ ကျလာနေပြီ ဖြစ်သည်။