နိုင်ငံတကာ ရေးရာ မိတ်ဆက်(5)

by Hla Soewai - Dec 20 2023

စစ်ပွဲကြီး တပွဲ ဖြစ်ပွားလာခဲ့ရခြင်း တွင် အခြေခံ အကြောင်းရင်းများ နှင့် လတ်တလော အကြောင်းရင်းများဟူ၍ ရှိတတ်စမြဲပင် ဖြစ်သည်။ ပထမ ကမ္ဘာစစ်ကြီးသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။

 

စစ်သမိုင်းရေးရာ တွင် ထင်ရှားသော ပညာရှင်တဦး ဖြစ်သည့် လစ်ဒယ် ဟတ် က "ဥရောပ အား ထိုသို့ ပေါက်ကွဲထွက်လာအောင် နှစ် ငါးဆယ်မျှ အချိန်ယူခဲ့ရသော်လည်း စနက်တံကို ရှို့ဖို့ က ငါးရက်နှင့် လုံလောက် သွားခဲ့သည်" ဟု ဆိုသည်။

 

ဩစတီယား-ဟန်ဂေရီ ထီးနန်းကို ဆက်ခံမည့် အိမ်ရှေ့ မင်းသား ဖရန့်ဇ် ဖာဒီနန်အား ၁၉၁၄ ဇွန်လ အတွင်း လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ခဲ့ရသည်ဟု ပြောယုံမျှ နှင့် တော့ ပြည့်စုံ လုံလောက်မှု ရှိမည် မဟုတ်ပေ။ လုပ်ကြံသတ်ဖြတ်ခဲ့သူများသည် ရုရှား နှင့် အဆက်အသွယ် ရှိသော ဆာဘီယားမှ ပံ့ပိုးထားသည့် အကြမ်းဖက်သမား များ ဖြစ်သည်။

 

ထိုမတိုင်မီ ကလည်း အလားတူ လုပ်ကြံခဲ့ကြသည့် အဖြစ်များက ရှိနှင့်ပြီး ဖြစ်သော်လည်း ထိုကဲ့သို့ ပဋိပက္ခကြီး အဖြစ် ရောက်မလာခဲ့ပေ။ သို့သော် ထိုအချိန်က ရုရှား နှင့် ဩစတီယား-ဟန်ဂေရီ နယ်စပ် ဒေသတွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေခဲ့ခြင်းကပင် လောင်စာကို အရှိန်ကောင်းကောင်း နှင့် တောက်လောင်အောင် မီးစာ ထိုးပေးလိုက်သလို ဖြစ်သွားခဲ့သည်။

 

လုပ်ကြံ သတ်ဖြတ်မှုကြီး ဖြစ်ပွားပြီးနောက် နယ်စပ်ဒေသများ တွင် တပ်များကို အလုံးအရင်း နှင့် ချလာခဲ့ခြင်းသည်ကလည်း အကြောင်းတခု အဖြစ် ပါဝင်ခဲ့သည်။ ခေါင်းဆောင်များသည် တဖက်က ထိုသို့ လုပ်လာလျှင် ကိုယ့်ဖက်ကလည်း ပြန်လုပ်မှ ဖြစ်တော့မည် ဟူသော ဖိအားများ ရင်ဆိုင်ခဲ့ကြရသည်။ သံခင်း တမန်ခင်း အရ ဖြေရှင်းဖို့သည် လမ်းစ ပျောက်သွားခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံရေး ပရိယာယ် ကြွယ်ဝမှု အားနည်းခဲ့၍လည်း ရှေ့ကြောင်း နောက်ကြောင်း မစဉ်းစားကြတော့ပဲ ဂျာမဏီ နှင့် ဩစတီးယား-ဟန်ဂေရီ ကတဖက်၊ ပြင်သစ် နှင့် ရုရှား တို့က တဖက် ကမန်းကတမ်း မဟာမိတ်များ ဖွဲ့ကုန်ကြသည်။ မိမိတို့ အကြား ရှိနေပြီး ဖြစ်သော အပြန်အလှန် အကျိုးရှိနေကြသည့် ကုန်သွယ်ဖက်များ အကြား ဆက်ဆံရေး ပျက်ပြားသွားမည့် အရေးကိုလည်း စိုးရွံ့နေကြ၍လည်း ဖြစ်သည် ဟု ပြောဆိုခဲ့မှု များသည် မှန်ကန်မှု မရှိပေ။ အင်အား ချိန်ခွင်လျှာ သည် အကြမ်းဖျင်း အားဖြင့် မျှခြေ တွင် ရှိနေကြသော ကြောင့် ဟူသည်ကား လည်း လုံလောက်သည့် ဖြေရှင်းချက် မျိုး မဟုတ်ပေ။

 

ထိုကဲ့သို့ အကျိုးသင့် အကြောင်းသင့် ဖြေရှင်းချက် ထုတ်လာခဲ့ခြင်းများသည် ထိုအချိန်က တရိပ်ရိပ် မြင့်တက်လာနေသော အမျိုးသားရေး ဒီရေလှိုင်းများကို ထည့်သွင်းစဉ်းစားခဲ့ကြပုံ မရပေ။ ယင်း၏ ရလဒ် အဖြစ် မိမိကိုယ် မိမိ အထင်ကြီးပြီး၊ တဖက်ကို ဂရုစိုက်စရာ မလိုဟု‌ သွေးနားထင် ရောက်ကာ အလွယ်တကူ အောင်ပွဲ ခံလိမ့်မည်ဟုသော အယူအဆ ဖြင့် စစ်ပွဲကို ဆင်နွှဲလာကြခြင်းသာ ဖြစ်သည်။

 

နောက်ဆုံး အနေဖြင့် အဓိက ကျသည့် အကြောင်းရင်းသည် ဂျာမဏီ အင်အားကြီးမားလာနေ ခြင်းကြောင့်ပင် ဖြစ်သည်။

 

ဂျာမဏီသည် ဆယ့်ကိုးရာစု နှစ် အလယ်ပိုင်းတွင် နိုင်ငံငယ်‌ လေးများ၊ မင်းသား အုပ်ချုပ်ခံ ပြည်နယ်များ ရာနှင့် ချီအောင် မှိုလိုပေါက်အောင် ပြန့်ကြဲ နေခဲ့ရာမှ ပရပ်ရှား အဓိပတိ အော်တို ဗွန် ဘစ်စမတ်က တစည်းတလုံး တည်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့သည်။

 

ဤသို့ဖြင့် ဘစ်စမတ် နေရာ ဆက်ခံခဲ့ကြသည့် ဂျာမန် ခေါင်းဆောင်များသည် ၎င်းလောက် ဆင်ခြင်တုံတရား မရှိကြသူများ ဖြစ်ကြ၍ မိုက်ရူးရဲ ဆန်ဆန် အန္တရာယ်ကို မမှုပဲ ကျုးကျော်ခြင်စိတ် ရှိသူများ ဖြစ်လာကြသည်။

 

ပထမ ကမ္ဘာစစ် နှင့် ဒုတိယ ကမ္ဘာစစ် ကြား ကာလ (၁၉၁၄-၁၉၄၅)

******************

 

စစ်ပွဲသည် ၁၉၁၄ နွေရာသီတွင် စတင် ဖြစ်ပွားလာခဲ့သည်။ မိမိတို့ ၏ စစ်သားများကို စစ်ပွဲကြီးဆီသို့ တွန်းပို့ခဲ့ကြသည့် ခေါင်းဆောင်တိုင်းလိုလို မှ ခဏာသာ ကြာမြင့်မည် ဖြစ်ပြီး ခရစ်စမတ် မတိုင်မီ အိမ်ပြန်ကြရမည်သာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်ချည်း ပင် ဖြစ်သည်။

 

သို့သော် စစ်ပွဲသည် ၁၉၁၈ ဆောင်းဦးပေါက် အထိ ကြာမြင့်ခဲ့သည်။

 

Triple Entente ဟု ခေါ်သော မဟာမိတ် အဖွဲ့တွင် ဗြိတိန်၊ ပြင်သစ်၊ ရုရှားတို့ ပါဝင်ပြီး နောက်ပိုင်းတွင် ဂျပန် လည်း ပါဝင်လာခဲ့သည်။

 

သို့သော် ရုရှားသည် ၁၉၁၇ အောက်တိုဘာ တော်လှန်ရေး ကြီး ဖြစ်ပွားလာခဲ့ပြီး နောက်တွင် စစ်ပွဲ ထဲ မပါဝင်ရန် ဆုံးဖြတ်ပြီး တပ်များကို ရုပ်သိမ်းသွားခဲ့သည်။

 

အခြားတဖက်တွင် Triple Alliance ဟု ခေါ်သည့် အဖွဲ့တွင် ဂျာမဏီ၊ ဩစတီယား-ဟန်ဂေရီ၊ အီတလီ တို့ ပါဝင်ကြသည်။ အီတလီသည် စစ်ပွဲကြီး ဖြစ်ကာစ ၁၉၁၄ တွင် ကြားနေမည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတ္ငင် ပူးပေါင်းလာခဲ့သည်။

 

အမေရိကန်သည် ဗြိတိန်၊ ပြင်စစ် တို့နှင့် ရင်းနှီးသော ဆက်ဆံရေး မျိုး ရှိထားသော်လည်း စစ်ပွဲကြီး ဖြစ်လာသည့် အခါတွင်တော့ ဘေးထွက် ထိုင်နေခဲ့သည်။ ထိုသို့ ရွေးချယ်ခဲ့ခြင်းမှာလည်း ပြည်ပ အရေးအရာများတွင် အရမ်းကာရော ဝင်ရောက် စွက်ဖက်ခြင်း မရှိပဲ ၎င်းတို့ အကျိုးရှိမည့် ကိစ္စများသာ ပါဝင် ပတ်သက်တတ်သည့် ပေါ်လစီကို ကာလ ကြာမြင့်စွာ ကတည်းက ချင့်ချင့်ခြိမ်ခြိမ် ကျင့်သုံးခဲ့ကြသောကြောင့်လည်း ဖြစ်သည်။ လက်ရှိ ဖြစ်ပေါ်လာမှု အားလည်း ကမ္ဘာ‌ ဟောင်းရှိ နိုင်ငံ အချင်းချင်း လက်ကျန် စာရင်းရှင်းကြသည့် ပွဲ ဟု ရှုမြင်ထားခဲ့သည်။

 

ထိုအစဉ်အလာကို ကျင့်သုံးလာခဲ့ကြသည်မှာ သမ္မတ ဂျော့ခ်ျ ဝါရှင်တန် လက်ထက်မှ စခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဝါရှင်တန်သည် ၁၇၉၆ ခုနှစ် သူ၏ သမ္မတ ရာထူး မှ အနားယူပြီး နောက် ပြုလုပ်သည့် နှုတ်ဆက် အခမ်းအနားတွင် အမေရိကန်သည် ပြည်ပ တွင် မဟာမိတ်များ ဖွဲ့ပြီး ဒွေးရောယှက်တင် မလုပ်မိစေရန်နှင့် အခြားနိုင်ငံများ၏ အရေး မှ ကင်းကင်းနေရန် အကြံပေးခဲ့သည်။

 

ထိုအယူအဆအားလည်း ၁၈၂၁ တွင် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကွင်စီ ကလည်း ထောက်ခံ ပြောဆိုလာခဲ့သည်။ ၎င်းမှ "အမေရိကန်သည် ပြည်ပသို့ ထွက်ပြီး မကောင်းဆိုးဝါးများကို ရှာ‌ ဖွေ ဖျက်ဆီးရန် မဟုတ်ပဲ လွတ်လပ်ခွင့် နှင့် လွတ်လပ်ရေး အတွက်သာ စေတနာ ထား သွားဖို့သာ လိုသည်ဟု ပြောခဲ့သည်။ ထိုအရေးများ အတွက် မိမိနိုင်ငံကိုသာ ရှေ့ဆောင်လမ်းပြ သက်သေထူပြသူ သာ ဖြစ်ရမည်" ဟု ပြောခဲ့သည်။

 

၁၉၁၇ ဧပြီလ တွင် အမေရိကန် တို့ စစ်ကြီးထဲ ပါဝင်လာခဲ့သည်။ ထိုသို့ ပါဝင်လာခဲ့ရသည် အကြောင်းရင်းသည် ဂျာမန် ရေငုပ်သင်္ဘောများသည် အမေရိကန် ဖက်မှ ဗြိတိန် နှင့် ပြင်သစ် တို့ အတွက် ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူလာသော ကုန်သ‌င်္ဘောများ အား ပင်လယ်ပြင်တွင် တိုက်ခိုက်လာသောကြောင့် ဖြစ်သည်။ ထို့အတွက် သင်္ဘော ပေါ်ပါ အ‌မေရိကန် နိုင်ငံသားများ သေဆုံးကုန်၍ နိုင်ငံ အတွင်း ဆူညံ ပွက်လောရိုက်လာခဲ့သည်။

 

နောက်တကြောင်းကလည်း ဇင်မာမန်း ကြေးနန်းဟု ထင်ရှားလာမည့် ဂျာမန်တို့မှ ၁၉၁၇ အစောပိုင်း လောက်တွင် မက္ကဆီကို သို့ ပို့လိုက်သော လျို့ဝှက် သံတမန် ကြေးနန်း ပါ အကြောင်းအရာများ ပေါက်ကြားသွားခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။

 

ထိုကြေးနန်းထဲတွင် မက္ကဆီကိုသည် ဂျာမန်တို့ နှင့် မဟာမိတ် ဖွဲ့ပြီး အမေရိကန် ကို ဝင်တိုက်မည်ဆိုက ၎င်းတို့ ဆုံးရှုံးသွားခဲ့ရသည့် တက္ကဆပ် နှင့် အခြား နယ်မြေ အမြောက်အမြားကို ပြန်ရအောင် အကူအညီ ပေးသွားမည်ဟု ကမ်းလှမ်းထားသည်။

 

မည်သို့သော အကြောင်းကြောင်း ကြောင့် ဖြစ်စေ စစ်ပွဲ ထဲသို့ အမေရိကန် ဝင်ရောက်လာခဲ့ခြင်းသည် လွန်စွာမှ အရေးပါသော အလှည့်အပြောင်းကြီး ဖြစ်လာခဲ့သည်။

 

ဆက်လက် တင်ပြပါမည်