ထိုင်း ကုမ္ပဏီမှ ဒေါ်လာ တစ်ဘီလီယံတန် စက်မှု စမတ် စီတီး ရန်ကုန်တွင် တည် ဆောက်ရန် လက်မှတ်ထိုး

by Hla Soewai - Jan 29 2020

ရန်ကုန် အရှေ့မြောက်ပိုင်းတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဘန်ကောက်ရှိ အိမ်ယာဆောက်လုပ်ရေး ကုမ္ပဏီ Amata Asia တို့ဖက် စပ်ပြီး ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိ စက်မှု စမတ် စီတီး ဆောက်လုပ်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ယင်းအား ရန်ကုန် အမတာ စမတ် အီကို စီတီး Yangon Amata Smart and Eco City (YASEC) ဟု ခေါ်တွင်မည် ဖြစ်ပြီး တောင်ဒဂုံ အနီးရှိ လေးဒေါင့်ကန် အရပ်တွင်
မြေဧက ၂,၀၀၀ အကျယ်အဝန်းပေါ်၌ တည်ဆောက်သွားမည် ဖြစ်သည်။

 

အမာတာ သည် လုပ်ငန်း စီမံချက်၏ ၈၀% ကိုတာဝန်ယူ လုပ်ကိုင်ရမည် ဖြစ်ပြီး နှစ်ငါးဆယ် ငှားယူခွင့် ရှိကာ ကုန်ဆုံးပါက နှစ်နှစ်ဆယ် သက်တမ်း ထပ်တိုးရန် အခွင့်အလမ်း ရှိမည် ဖြစ်သည်ဟု သိရသည်။

 

YASEC ၏ ဦးဆောင် ညွှန်ကြားရေးမှူး ယာဆူအို တီဆပ်ဆွီမှ အလုပ်အကိုင်ပေါင်း ၃၃,၀၀၀ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးတည်ငြိမ်ရေး၊ ဆင်းရဲမှု ပပျောက်ရေး၊ လူမှုဖွံ့ဖြိုးရေးများ အားကောင်းလာစေပြီး လူသား အရင်းအမြစ်များ၊ အသုံးချနိုင်ခွင့်များ ရရှိမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အစီအစဉ်များ ပါသည့် မြို့ပြ ဒီဇိုင်းများနှင့် အညီ သင့်တင့်လျောက်ပတ်စွာ တည်ဆောက်သွားမည်ဖြစ်ပြီး မာစတာပလန် ကို "မန္တလေး အပန်းဖြေ မြို့တော်သစ်" ကို ဒီဇိုင်းရေးဆွဲသူ စင်္ကာပူ မှ ဗိသုကာ ပညာရှင် ဆာဘာနာ မှ တာဝန်ယူ ထုတ်လုပ်သွားမည် ဖြစ်သည်။

 

အဆိုပါ စီမံကိန်း အကောင်အထည် ဖေါ်ရာတွင် အဆင့်မြင့် နည်းပညာများ၊ အမှန်အကန် ရင်းနှီးမြုပ်နှံလိုသူ များ ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်အား
အနာဂတ်တွင် အကောင်းဆုံး မြို့တော်တခု ဖြစ်လာရေး သေချာစေရန် နှင့် သမိုင်းတွင်တင်ကျန်ရစ်မည့် စီမံကိန်းတခု ဖြစ်လာအောင် မိမိတို့မှ ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ကုမ္ပဏီ ဥက္ကဌ ဗီကရွန်း ကရိုမာဒီ ကလက်မှတ်ရေးထိုး ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့ပြန်သည်။

 

YASEC မြို့ပြစီမံကိန်းအား ၂၀၁၇ ခုနှစ်တွင် ဖြစ်နိုင်ခြေ ရှိမရှိနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှု ရှိမရှိ ကို လေ့လာတိုင်းတာ ခဲ့ပြီး မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်
မှ ၂၀၁၉ အောက်တိုဘာလတွင် အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

အမာတာ သည် သဘာဝဓါတ်ငွေ့၊ ဆက်သွယ်ရေး၊ လျပ်စစ်၊ ဘိလပ်မြေ နှင့် လေ့ကျင့်သင်ကြားရေး များ ထောက်ပံ့ပေးမည့် ကုမ္ပဏီ ငါးခုနှင့်လည်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။

 

အဆိုပါ စီမံကိန်း တွင် ပဏာမ အဆင့်အဖြစ် ဓါတ်အားပေးစက်ရုံနှင့် ရေသန့်စင်ရေး စက်ရုံကို တည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၂၁ တတိယ သုံးလပတ်အတွင်း လည်ပတ်နိုင်ရန် ရည်မှန်းထားသည်။

 

အမာတာသည် ထိုင်း နှင့် ဗီယက်နမ်တို့တွင် စက်မှု မြေယာ များ၊ အဆောက်အဦးများနှင့် အခြေခံ အဆောက်အအုံများ ဖေါ်ထုတ်သည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အစဉ်အလာကြီးမားခဲ့ သော ကုမ္ပဏီကြီး လည်း ဖြစ်သည်ဟု သိရသည်။

 

Global Construction Review