နိုင်ငံတကာ ရေးရာ မိတ်ဆက်(2)

by Hla Soewai - Dec 11 2023

အပိုင်း (၁)

 

နှစ် သုံးဆယ် စစ်ပွဲ မှသည် ပထမ ကမ္ဘာစစ် ကြီး ဆီသို့ (၁၆၁၈-၁၉၁၄)

 

ကျွနုပ်တို့ ခေတ် ရှိ နိုင်ငံတကာ စနစ်ကြီးအား ဆယ်ခုနှစ်ရာစု ဥရောပ ကုန်းမြေကြီးမှ မွေးထုတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ထိုအချိန်က ဥရောပ တိုက်သည် ကမ္ဘာ၏ ဗဟိုချက်မကြီး အဖြစ် ရောက်ရှိလာခဲ့သည်။ ကုန်ထုတ်လုပ်ရေး၊ သီးနှံ စိုက်ပျိုးရေး၊ သယ်ယူ ပို့ဆောင်ရေး၊ စာပုံနှိပ် ထုတ်‌ ဝေရေး၊ စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရေး အစရှိသည် တို့နှင့် သက်ဆိုင်သော နည်းပညာ သစ်များကို ပိုင်ဆိုင်လာကြသောကြောင့်လည်း ဖြစ်ပေသည်။ ထိုသို့ အသွင်ကူးပြောင်းရေး ကာလတွင်ပင် ပဋိပက္ခ များ၊ စစ်ပွဲများ သည် ရှောင်လွှဲ၍ မရ ဖြစ်လာခဲ့သည်။

 

ထိုကာလ တွင် အရေးကြီးဆုံး ဖြစ်ရပ်ကြီးသည်ကား ၁၆၁၈ တွင် စတင်ခဲ့သည့် နှစ်သုံးဆယ်ကြာ စစ်ပွဲကြီးပင် ဖြစ်သည်။ နိုင်ငံရေး နှင့် ဘာသာရေး အသွင်လက္ခဏာ များ ရောပြွမ်း ပြည့်နှက်‌နေသည့် စစ်ပွဲကြီးအား ထိုခေတ်ကာလ ဥရောပတိုက်ရှိ အင်အားကြီး နိုင်ငံတိုင်းလိုလို ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

 

ထိုအချိန်တွင် ဥရောပတိုက်သည် အင်ပိုင်ယာများ၊ ဘုရင့် နိုင်ငံငယ်လေးများနှင့် စုံစိနဖာ ဗြုတ်စဗြင်းတောင်း ဖြစ်နေချိန်လည်း ဖြစ်သည်။

 

နိုင်ငံအုပ်ချုပ်သူများ နှင့် သာသနာပိုင် များသည် အာဏာ နှင့် နယ်မြေ ပိုင်စိုးနိုင်ရေး တို့ အတွက် အမြဲလို ရန်စောင်နေကြသည်။ နယ်ခြား မျဉ်း များဟူ၍ လည်း လေးစား လိုက်နာရကောင်းမှန်းလည်း မသိကြပေ။ ထို့အတွက်ကြောင့်လည်း စစ်ပွဲများ၊ တဦးပိုင် နယ်မြေထဲသို့ တဦးက ဝင်ရောက် စွက်ဖက်သည့် အသေးစား ပဋိပက္ခများ က အမြဲလို ဖြစ်ပွားနေတတ်သည်။

 

အခြေအနေများ ငြိမ်သက်သွားချိန်တွင် ယခင် အင်ပိုင်ယာများ နှင့် မင်းသား အုပ်ချုပ်ခံ နယ်မြေများ နေရာတွင် နိုင်ငံများ အဖြစ် ထွက်ပေါ်လာခဲ့သည်။ အင်ပိုင်ယာ ပြည့်ရှင် သည် အများအားဖြင့် အဝေးတ‌နေရာ မှ လှမ်း၍ အုပ်ချုပ်တတ်သည့် သဘောရှိ၍ အုပ်ချုပ်ခံ နိုင်ငံသားများ၏ သစ္စာစောင့်သိမှု ကို မရကြသည်က များပေသည်။ ထို့ပြင် နယ်မြေများကလည်း ကျယ်ပြန့်လွန်းလှ၍ ထိထိရောက်ရောက် အုပ်ချူပ်နိုင်စွမ်း ကင်းမဲ့နေတတ်ပြန်သည်။

 

မင်းသား အုပ်ချုပ်သည့် နယ်မြေများသည်လည်း အရွယ်အစားအရ သေးငယ်လွန်းလှသည့် အပြင် ပြည်ပ ဈေးကွက်များသို့ ယှဉ်ပြိုင် ထိုးဖောက်နိုင်သည့် အနေအထားမျိုး မရှိကြသည့်အပြင် ဈေးကွက် ကို ပိုင်ဆိုင် နိုင်အောင်လည်း စစ်ပွဲ ဆင်နွှဲရန် လိုအပ်သည့် အရင်းအမြစ်များ လည်း မရှိ ဖြစ်နေသည်။

 

လူထုသည် မိမိတို့ အချင်းချင်း အုပ်ချုပ်သည့် အစိုးရမျိုးကိုသာ လိုလိုလားလား သစ္စာခံလိုစိတ် ရှိကြောင်း ပြသလာကြသည်။ ဤသို့ဖြင့် တဦး၏ လွတ်လပ်ခွင့် ကို တဦးက လေးစားလိုက်နာသည့် လွတ်လပ်သော နိုင်ငံများ အလျိုလျို ပေါ်ပေါက်လာခြင်းက ပင် ကြီးမားသော ဆန်းသစ်‌ ပြောင်းလဲလာမှု ကြီးဟုဟု ဆိုရမည် ဖြစ်သည်။

 

ယင်းနှင့် အတူ ဥရောပသည် ကိုယ့်နိုင်ငံ နှင့် ကိုယ် ဖြစ်လာ၍ ကြီးမားသော အတိုင်းအတာ တခုအထိ တည်ငြိမ် အေးချမ်းလာခဲ့သည် ဆိုသော်လည်း တဖက်တွင် ယခင်က ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့သည့် စစ်ပွဲကြီးမျိုး ပေါ်ပေါက်လာရန် တာစူလာနေပြီ ဖြစ်သည်။

 

နှစ် သုံးဆယ်ကြာ စစ်ပွဲကြီးအား ၁၆၄၈ ခုနှစ် တွင် အဆုံးသတ်သွားစေခဲ့သည့် ဝက်စ်ဖေးလီယား စာချုပ်သည် လိုက်နာရမည့် ဥပဒေများကို စနစ်တကျ စီမံ ပေါင်းစု နိုင်ခဲ့သည့် အတွက် ခေတ်သစ် နိုင်ငံတကာ ဆက်ဆံရေး ပေါ်ပေါက်လာရန် အတွက် အဖက်ဖက်မှ တံခါးဖွင့် ပေး နိုင်ခဲ့သည်။

 

အချုပ်အခြာ အာဏာ ပိုင်စိုးရေး တွင် အယူအဆ သုံးရပ်ကို ထည့်သွင်းခဲ့သည်။ ယင်းသည်က နိုင်ငံများသည် အခြားနိုင်ငံများ၏ နယ်နမိတ်မျဉ်းများအား လက်ခံ အသိအမှတ်ပြုပြီး အင်အားသုံး၍ ပြောင်းလဲရန် မကြိုးစားရေး၊ နိုင်ငံများသည် အခြား နိုင်ငံ များ တွင် ဖြစ်ပျက်နေသည်များ အပေါ် ဝင်ရောက် မစွက်ဖက်ရေး၊ နိုင်ငံ အစိုးရများသည် ၎င်းတို့ပိုင် နယ်နမိတ်အတွင်း သဘောကျ စီမံ အုပ်ချုပ်ပိုင်ခွင့် ရှိရေး တို့ ဖြစ်သည်။

 

အဆိုပါ အချက် သုံးချက်သည် အရေးပါလှသည် ဟု ပြော၍ မရသော်လည်း တကယ်တမ်း လိုက်နာကြမည် ဆိုလျှင် ကမ္ဘာတဝှမ်းတွင် ဖြစ်ရိုးဖြစ်စဉ် လို ဖြစ်လာနေသော မတည်ငြိမ်မှု များ နှင့် အကြမ်းဖက်မှုများ သိသိသာသာ လျော့ကျသွားအောင် အထောက်အကူ ပြုနိုင်ပေသည်။

 

သို့သော်ငြားလည်း ဥရောပနိုင်ငံများသည် ၎င်းတို့ အိမ်နီးချင်းများ၏ အချုပ်အခြာ အာဏာကို ဖေါက်ဖျက်ရန် ဝန်မလေးတတ်ကြပြန်၍ ဥရောပတိုက်၏ သမိုင်းသည် အကြမ်းဖက်မှုများ၊ ပျက်စီးယို့ယွင်းမှု များ ဖြင့် သံသရာ လည်နေခဲ့ခြင်းလည်း ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ ဝက်စ်ဖေးလီယား စာချုပ်သည် ဥရောပ တိုက်ကြီးအား အတန်အသင့် ငြိမ်းချမ်းသွားစေခဲ့သညိကတော့ အမှန်ပင် ဖြစ်သည်။ ဥရောပတိုက် တွင် နောက်ထပ် စစ်ပွဲကြီးများ၊ စစ်ပွဲငယ်များ မဖြစ်ပွားတော့ပဲ ရှိနေခဲ့ရာမှ ပြင်သစ်တွင် နပိုလီယန် ဘိုနာပတ် ဆိုသည့် နိုင်ငံရေး သမား တဖြစ်လဲ စစ်ဗိုလ်ချုပ် သည် အင်ပိုင်ယာ ပြည့်ရှင် ဖြစ်လာချိန်ထိ တည်တံ့ခဲ့သည်။

 

နပိုလီယန်သည် ပြင်သစ် တော်လှန်ရေး ကြီး နောက်ပိုင်း အာဏာရလာသူ ဖြစ်သည်။ ပြင်သစ်တို့၏ တော်လှန်ရေးသည် အခြား တော်လှန်ရေးများ နည်းတူ အလွန်အကျွံ လုပ်ရပ်များ၊ ကသောင်းကနင်းများကြောင့် ကျဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

 

နပိုလီယန် သည် အောင်ပွဲအလီလီ ရရှိခဲ့ပြီးနောက်တွင် ဥရောပတိုက် တတိုက်လုံးနီးပါးကို ထိန်းချုပ်လာနိုင်ခဲ့သည်။ သို့သော် စစ်မျက်နှာပေါင်း များစွာ ကို ဖွင့်၍ ရန်သူ ပေါင်း များစွာ ကို ချေမှုန်းရန် ကြိုးစားရင်း မနိုင်ရင်ကာ အဖြစ် နှင့် ကြုံလာရသည်။ နောက်ဆုံးတွင် ဩစတီယား၊ ရုရှား၊ ပရပ်ရှား နှင့် အင်္ဂလန် တပ်ပေါင်းစု နှင့် ရင်ဆိုင်ခဲ့ရပြီး အရေးနိမ့်သွားခဲ့သည်။

 

နပိုလီယန် အား တကျွန်းပို့ကာ ဖယ်ထုတ်ထားပြီး နောက် အနိုင်ရသူများ နှင့် အရေးနိမ့်သွားရသူများ သည် ၁၈၁၄ နှင့် ၁၈၁၅ တွင် ဗီယင်နာ ၌ မျက်နှာခြင်းဆိုင် တွေ့ဆုံခဲ့ကြပြီး အဖြေရှာခဲ့ကြသည်။ 

 

ထိုဆွေးနွေးပွဲ၏ အဓိက ရည်ရွယ်ချက်သည် ပြင်သစ်အား ၎င်း၏ အိမ်နီးချင်း နိုင်ငံများကို ထပ်မံ မခြိမ်းခြောက် နိုင်ရန် နှင့် ရွေးချယ် တင်မြှောက်ခံ မဟုတ်သော အစိုးရများကို ဖြုတ်ချမည့် တော်လှန်ရေး လှုပ်ရှားမှု များ ထပ်မံ မပေါ်ပေါက်အောင် ဟန့်တားနိုင်ရေး တို့ အတွက် ဖြစ်သည်။

 

အဆိုပါ ဗီယင်နာ ကွန်ဂရက်သည် စစ်ရှုံး ပြင်သစ် အား ပြစ်ဒဏ်ခတ်ခြင်း၊ ဝိုင်းပယ်ခြင်း မျိုး မလုပ်ပဲ အသစ် ပေါ်ထွက်လာမည့် စနစ်သစ်ထဲ ပါဝင်နိုင်အောင် ထည့်သွင်းပေးမည့် အမျှော်အမြင်ရှိသော ဆုံးဖြတ်ချက် မျိုး ချမှတ် နိုင်ခဲ့သည်။ သို့မဟုတ်က ပြင်သစ် အား တနေ့တွင် ပြန်ထောင်လာပြီး ၎င်းတို့ တီထွင် ဖန်တီးထားသည့် စနစ်အား ဖြိုဖျက်ရန် မျိုးစေ့ ချပေးလိုက်သလို ဖြစ်သွားမည်ကို သိထားခဲ့ကြ၍ လည်း ဖြစ်သည်။

 

ဗီယင်နာ ကွန်ဂရက်အား သံတမန်ရေး အရ ဥရောပ သံစုံတီးဝိုင်းကြီးဟု ပင် အမှတ်သညာ ပြုခဲ့ကြသည်။ အော်ခတ်စထာ တီးဝိုင်းကြီးတခု တွင် တေးဂီတ ပညာရှင် မြောက်မြားစွာ ပါဝင် တီးခတ် နေသည်နှင့် အလားသဏ္ဍန် တူနေ‌ သောကြောင့်လည်း ဖြစ်သည်။

 

ဗီယင်နာ ကွန်ဂရက် ကြီးမှ ထွက်ပေါ်လာသော စနစ်သည် ဥရောပတိုက်ကိုသာ ဗဟိုပြု တည်ဆောက်ထားခြင်း ဖြစ်သည်။ ဆယ့်ကိုးရာစု နှစ် အစပိုင်း ဖြစ်သည့် ထိုကာလများ တွင် ဥရောပနိုင်ငံများ နှင့် ဥရောပတိုက်သားများသည်သာ ကမ္ဘာပေါ်တွင် လူပေါ် လူဇော် လုပ်နိုင်နေကြဆဲ ဖြစ်သောကြောင့်လည်း ဖြစ်ပေသည်။

 

ဆက်လက်တင်ပြသွားပါမည်။