ကြားဝင်ပေးပါရန် တရုတ်ကို စစ်ကောင်စီ ဒူးထောက်ရပြီ

by Hla Soewai - Dec 11 2023

လန်ကန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေး တက်ရောက်ရန် ရောက်နေသော စစ်ကောင်စီ ခန့် နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေသည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နှင့် တိုက်ရိုက် တွေ့ဆုံခွင့် တောင်းပြီး မဟာမိတ် ညီနောင်များ အဖွဲ့အား တိုက်ခိုက်မှုများ ရပ်ဆိုင်းပေးရန် ဩဇာအာဏာသုံး၍ ကြားဝင်ပေးပါရန် ပန်ကြားလာခဲ့သည်။

 

ထိုသို့ ရပ်ဆိုင်းပေးရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ပြီး မင်းအောင်လှိုင် မှ ယခင်ကလို မဟုတ်ပဲ လိုက်လျောရန် အသင့် ရှိသည်ဟု တရုတ် သတင်းရပ်ကွက်များ အဆိုကို ကိုးကားပြီး ဧရာဝတီ တွင် ဖေါ်ပြထားသည်။

 

တရုတ် သတင်းရပ်ကွက်တခု အဆိုအရ အမူ “ဆွေးနွေးပွဲ ဖြစ်မြောက်အောင် လုပ်ပေးပါဟု ဒူးထောက် မတတ် တောင်းဆိုခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီ ဖက်မှ တရုတ် ကြားဝင်လျှင် အတိုက်အခိုက်များ ရပ်စဲသွားလိမ့်မည်ဟု ထင်နေသော်လည်း မဟာမိတ် ညီနောင်များ အဖွဲ့မှ နယ်မြေ အမြောက်အမြား သိမ်းယူထားပြီး ဖြစ်၍ လိုက်လျောဖွယ် မရှိဟု သုံးသပ်နေကြသည်။

 

အကယ်၍ လိုက်လျောခဲ့လျှင်ပင် စစ်ကောင်းစီ အား လက်နက် လူ သူ အင်အား ပြန်၍ ဖြည့်ဆည်းရန် အချိန် ပေးလိုက်သည်နှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။ ယခုအခါ ၎င်းတို့ အဖို့ အငိုက်မိခံလိုက်ရသော ကာလ လွန်မြောက်သွားပြီ ဖြစ်၍ ဆုံးရှုံးသွားသော နယ်မြေများ ပြန်လည် သိမ်းယူနိုင်ရန် နည်းမျိုးစုံဖြင့် ဆင်ကြံ ကြံနေကြသော အချိန်လည်း ဖြစ်သည်။

 

စစ်ကောင်စီသည် ကြံရာမရ ဖြစ်လာသည်နှင့် အတူ လွန်ခဲ့သည့် နှစ်ပတ်က ရန်ကုန်တွင် ၎င်း၏ လက်ပါးစေများ အား တရုတ်သံရုံး ရှေ့သို့ပင် စေလွှတ်ပြီး တရုတ်မှ နောက်ကွယ် မှ ထောက်ခံနေမှု ရပ်ဆိုင်းရန် ဆိုကာ ဆန္ဒပြစေခဲ့သည့် အထိ ဖြစ်လာခဲ့ရသည်။

 

သန်းဆွေမှ ထိုသို့ ဒူးထောက်မတတ် တောင်းဆိုနေချိန်တွင် MNDAA သည် လောက်ကိုင် ကို အပြီးအပိုင် သိမ်းယူ နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

 

တရုတ်မှ မိမိတို့ အနေဖြင့် တရုတ် နိုင်ငံသားများ အား ထိခိုက်နေသော အွန်လိုင်း လူလိမ်ဂိုဏ်းများ အား နှိမ်နှင်းရန် လိုအပ်နေသည်ထက် ကျော်လွန်၍ မြန်မာ ပြည်တွင်းရေး ကို ဝင်ရောက် မစွက်ဖက် ဟု ဆိုသည်။

 

သန်းဆွေ၏ တောင်းဆိုချက်သည် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက် ပထမဆုံး အကြိမ် လူသိရှင်ကြား ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

ဘာမဆို လုပ်ရဲသည့် အထဲတွင် တရုတ် အား လူသိရှင်ကြား ဒူးထောက်ရန် ဝန်မလေး ဆိုသည့် အချက်လည်း ပါဝင်နေသည်ကို တအံ့တဩ တွေ့ရှိခဲ့ရသည်။

 

ယခုအခါ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ ဖက်မှ ၎င်းတို့ ရှိသမျှ သေရဲတိုက်ရဲ သူ cannon fodder များ သုံး၍ တိုက်နေပြီး ငါ့စခန်း မကျရေး ဆိုကာ ကြွေးကြော်နေသော်လည်း တဖက်တွင် လက်ဖျောက်တချက် တီးလိုက်ယုံဖြင့် ငြိမ်းချမ်းရေး ဆိုကာ လိုက်လျောရန် အသင့်ဖြစ်နေသည့် သဘောထားကို ၎င်းတို့ လက်အောက်ခံ တပ်များ သဘောပေါက် သင့်ပြီ ဖြစ်သည်။ (ပုံတွင် မဟာမိတ် တပ်များ သိမ်းဆည်းရမိခဲ့သော လက်နက်ကြီး ကို တွေ့နိုင်သည်)

 

၎င်းတို့ဖက်မှ တရုတ် အခိုင်အမာ ရပ်တည်ပေးမည် ဆိုလျှင် မဟာမိတ် ညီနောင်များ ထီးထီးကြီး ဖြစ်ကျန်လိမ့်မည်ဟု မျှော်လင့်နေကြောင်း South China Morning Post သတင်းစာတွင် ရေးသားထားသည်။

 

မလေးရှား တွေးခေါ်မျှော်မြင်‌ရေး အဖွဲ့တဖွဲ့ ဖြစ်သော Centre for New Inclusive Asia မှ သုံးသပ်ရာတွင် တရုတ်သည် တိုက်ရိုက် ဝင်စွက်မည့် အလားအလာ မရှိသော်လည်း စစ်ခေါင်းဆောင်များ ၏ အကူအညီ ဖြင့် အွန်လိုင်း ငွေလိမ် ဂိုဏ်းများ ထပ်မံ အင်အား ကောင်းမလာစေရန် အာမခံ ချက်မျိုး လိုလားနေပုံ ရသည်ဟု ဆိုသည်။

 

မြန်မာ စစ်ခေါင်းဆောင်များ သည် ကိုယ်ကျင့်တရား ပျက်ပြားနေကြသူများ ဖြစ်ပြီး သူများ မျက်ရည်ပေါက် ကြီးငယ် ကျမှ ရသည့် ငွေများကို အိပ်ထဲ ထည့်နေသူများ ဖြစ်၍ ၎င်းတို့ ကတိစကား ကို လည်း ယုံကြည်ကြမည် မဟုတ်ပေ။

 

တရုတ် တွင်သာ မက ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ အီဂျစ်၊ အီသီယိုပီယား နိုင်ငံသား များ ပါ အသုံးချနေသည့် အဖြစ်သည်လည်း ဗူးပေါ်သလို ပေါ်လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အား ဘေးကင်းရန် သို့ ပို့ပေးရန် ဗီယက်နမ် မှ လေယာဉ် ကိုးစီး စာ သယ်ပေးနေရသည်ဟု ဆိုသည်။

 

အံ့ဩဖို့ ကောင်းနေသည်က အမေရိကန် အပါအဝင် အနောက်အုပ်စု သည် နိုင်ငံတွင်း ဖြစ်ပျက်နေသည်များကို ကောင်းသည် ဆိုးသည် တခွန်း တပါဒမျှ မဝေဖန်ပဲ တုံဏှိဘာဝေ လုပ်နေခြင်းပင် ဖြစ်သည်။ တရုတ်၏ ခြေလှမ်းကို စောင့်ကြည့်နေခြင်းလည်း ဖြစ်ပုံရသည်ဟု ယူဆရပေသည်။

 

ကုလသမဂ္ဂ လူ့အခွင့် အရေး တာဝန်ခံ တွန် အင်ဒရူးမှ မြန်မာသည် တစုတစည်းတည်း တည်ငြိမ်ဖို့ ဖြစ်လာနိုင်စရာ မရှိ၍ အချိန်ဖြုန်းမနေပဲ လူများ၏ အသက်ကို ကယ်တင်နိုင်ရန် ချက်ခြင်း လက်ငင်း အရေးယူ ဆောင်ရွက်ရန် အချိန်ကျနေပြီ ဟု တောင်းဆိုလာခဲ့သည်။ မြန်မာ အား ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လေးစားလိုက်နာသော နိုင်ငံ အဖြစ် ထွက်ပေါ်လာရေး အတွက် နိုင်ငံတကာ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် လက်တွဲရန် ပို၍ လိုအပ်လာနေပြီဟုလည်း ထောက်ပြသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!