အရေးကြီး၍ သွေးစည်းကြဖို့လို

by Hla Soewai - Dec 11 2023

Eurasia Review စာစောင်တွင် ပါရှိသော "The Evolution of A Revolution in Myanmar" ဆောင်းပါးအား ကောက်နှုတ်တင်ပြသည်။

 

ယခုအခါ တကမ္ဘာလုံးသည် မြန်မာ တို့၏ ‌နွေဦး တော်လှန်ရေး ပွဲသိမ်း ခရာမှုတ်ရန် countdown တိုင်သံကို ကြားလာနေကြရပြီ ဖြစ်သည်။

 

တခါက သာလွန် အင်အားဖြင့် မြန်မာ နိုင်ငံရေးကို လွှမ်းမိုး ချုပ်ကိုင်ထား နိုင်သည်ဟု ယူဆခံထားရသည့် စစ်တပ်သည် ယခုအခါ သမိုင်း၏ အမှိုက်ပုံထဲသို့ စွန့်ပစ်ခြင်း ခံခဲ့ရလေပြီ။

 

၁၀၂၇ စစ်ဆင်ရေး၏ ဆင့်ကဲဆင့်ကဲ အောင်မြင်လာမှု များ နှင့် နိုင်ငံ အနှံ တပြိုင်တည်းလိုလို ညှိညှိနှိုင်းနှိုင်း နှင့် ဆင်နွှဲလာသော ဒီမိုကရေစီ အင်အားစု များ၏ စစ်ဆင်ရေး များ သည် အာဏာသိမ်း အဖွဲ့ နိဂုံးချုပ်ရှာတော့မည် ဆိုသည့် အနေအထားကို ပုံဖေါ်လာနေပြီ ဖြစ်သည်။

 

ယခုအချိန်အထိ ဒီမိုကရေစီ အင်အားစုများသည် ရှမ်းပြည်မြောက်ပိုင်း၊ ကရင်နီ ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် စစ်စခန်းပေါင်း နှစ်ရာကျော်နှင့် မြို့ပေါင်း တဒါဇင် ကျော်ကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်သည်။ ယင်းနှင့် အတူ စစ်ကောင်စီ သည် ထိုင်း၊ အိန္ဒိယ၊ တရုတ် တို့ နှင့် ကုန်သွယ်ရာ လမ်းကြောင်း များကို ပါ ဆုံးရှုံးလိုက်လာနေသည်။

 

ဤသည်ကပင် စစ်ခေါင်းဆောင်ပိုင်း၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှု၊ အ‌တွေ့အကြုံ မရှိမှု နှင့် အကျင့်ပျက် ခြစားမှု များ ကို ပေါ်လွင်လာစေခဲ့သည်။ တခါက "အင်အား ကြီးမားလှပါသည်" ဆိုသော စစ်တပ်သည် ယခုအခါ စိတ်ဓါတ်များ ကျဆင်းလိုက်လာနေပြီး တပ်ကို စွန့်ခွာ ထွက်ပြေးမှုများအားလည်း မကြုံစဖူးအောင် များပြားလာနေသည်။ အောက်တိုဘာလ ကုန်ပိုင်းမှစ၍ ခြေမြန်တပ်ရင်း သုံးရင်း စလုံး အစုလိုက် အပြုံလိုက် လက်နက်ချခဲ့ကြသည်။

 

၁၀၂၇ စစ်ဆင်ရေးကြီးသည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေကြသည့် အင်အားစုများ၏ တနှစ်ကြာ မဟာဗျုဟာ ချ ပြင်ဆင်ခဲ့မှုမှ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ မြန်မာ အကျပ်အတည်းကြီး ပေါ်ပေါက်လာခဲ့ရခြင်းသည် ဓမ္မ နှင့် အဓမ္မ၊ ဖိနှိပ်သူ လူတန်းစား နှင့် အဖိနှိပ်ခံ တို့ အကြား တွန်းထိုး ရုန်းကန်လာမှု ကြီးကြောင့် ဆိုသည်ကို သဘောပေါက်ရန် လွန်စွာ အရေးကြီးပေသည်။

 

ထိုရုန်းကန် လှုပ်ရှားမှုကြီး၏ အဓိက မောင်းနှင်အားသည် လူထု၏ ဒူပေနာပေ ခံနိုင်စွမ်း ပင် ဖြစ်သည်။ အောင်ပွဲရဖို့ အဓိက သော့ချက်သည် နိုင်ငံရေး နှင့် စစ်ရေး မျက်နှာစာ နှစ်ရပ်စလုံးတွင် ညီညွတ်မှု ကို တည်ဆောက် ထိန်းသိမ်းသွားနိုင်ရေး ဖြစ်သည်။

 

မကြာမီက စစ်မြေပြင် လှုပ်ရှားမှုများ၊ အဓိက ပါဝင်သူများ အပေါ် သုံးသပ်ချက် ဆောင်းပါးများတွင်' NUG အား ညီနောင်သုံးဖေါ် နှင့် အခြား တိုင်းရင်းသား တိုင်းရင်းသား တို့ ထိုးစစ် နောက်မှ ပါလာခြင်းဟု ရေးသားလာကြသည်။

 

ထိုသို့ ဆန်းစစ် သုံးသပ်ခြင်းမျိုးသည် တော်လှန်ရေး၏ ခက်ခဲ ကျယ်ပြန့်မှု ကို အပြည့်အဝ နားမလည် နိုင်သောကြောင့် ဖြစ်သည်။ ဝေဖန်ခြင်းသည် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၏ တစိတ်တပိုင်း ဖြစ်သည်မှာ မှန်သော်လည်း မိမိတို့၏ တော်လှန်ရေး အား အထောက်အကူ မပြုသည့် ဝေဖန်ရေးမျိုး ဖြင့် အတွင်းမှ နေ၍ ဖျက်ဆီးသလို ဖြစ်သွားမည့် အရေးကို များစွာ သတိချပ်သင့်ပေသည်။

 

NUG သည် သံတမန်ရေး နှင့် စီးပွားရေး တွင် တော်လှန်ရေး ကို ဦးဆောင်လာခဲ့ပြီး လွတ်မြောက် ဒေသများ တွင် အုပ်ချုပ်ရေးကို စနစ်တကျ တည်ဆောက်လာခဲ့သည်။ PDF နှင့် LDF တပ်များအား ERO များ နှင့် ညှိညှိ နှိုင်းနှိုင်း ဆောင်ရွက်နိုင်ရန် အရေးပါသော ကဏ္ဍ မှ ပါဝင်ပေးနိုင်ခဲ့သည်။ ERO များသည် PDF များအား လေ့ကျင့်ပေးခဲ့ပြီး NUG ၏ ကာကွယ်ရေး ဝန်ကြီး ဌာန လက်အောက်ရန်သူ တို့ ဖြုံရလောက်သည့် တပ်များ အဖြစ် အသွင် ပြောင်းလဲပေးနိုင်ခဲ့သည်။

 

ဗဟို ကွပ်ကဲရေး နှင့် ညှိနှိုင်းရေး ကော်မတီ C3C နှင့် ပူးတွဲ ကွပ်ကဲ ညှိနှိုင်းရေး ကော်မတီ J2C တို့ လက်အောက်တွင် စစ်ဒေသကြီး သုံးခု ဖွဲ့စည်းပြီး ERO ခေါင်းဆောင်ပိုင်း နှင့် ညှိနှိုင်းပြီး စစ်ဆင်ရေးများ ဖေါ်ဆောင်လာခဲ့သည်။

 

အတူတကွ ပူးပေါင်း ဆောင်ရွက်မှု အဖြစ် ERO များသည် စစ်ရေး ကို တာဝန်ယူခဲ့ပြီး NUG သည် သံတမန် ရေး၊ ရံပုံငွေ ရှာဖွေရေး၊ နည်းပညာပိုင်း ပံ့ပိုးပေးရေး၊ ကျန်းမာရေး၊ ပညာရေး တို့တွင် ဦးဆောင်မှု ပေးလာခဲ့သည်။

 

ထိုသို့ နိုင်ငံရေး နှင့် စစ်ရေးတွင် အခိုင်အမာ မဟာမိတ် အသွင် ရပ်တည် လာနိုင်ခဲ့မှုကြောင့်လည်း စစ်တပ်သည် နိုင်ငံတကာ နှင့် ပြည်တွင်းတွင် ထီးထီးကြီး ဖြစ်လာခဲ့သည်။

 

NUG သည် စစ်တပ်ပိုင်နှင့် ၎င်းတို့နှင့် နှီးနွယ်နေသော ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ်မှောက်ခြင်း၊ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ရန် တွန်းအားပေးခြင်းတို့ဖြင့် စီးပွားရေး စစ်ပွဲကို ဦးဆောင်ခဲ့ပြန်သဖြင့် စစ်ဗိုလ်ချုပ်များ ဝင်ငွေ အကြီးအကျယ် ထိခိုက်လာရပြီး စစ်အသုံးစရိတ် ဖြည့်တင်းရန် မတတ်နိုင် ဖြစ်လာခဲ့ရသည်။

 

အချို့က စစ်တပ် အရေးနိမ့်သွားခဲ့လျှင် မြန်မာသည် ပျက်စီးခြင်း ငါးပါး ဆိုက်သွားလိမ့်မည်ဟု စိုးရိမ်မကင်း ဖြစ်နေမှု များသည် မှားယွင်းနေပေသည်။ NUG, CRPH နှင့် NUCC တို့ ကဲ့သို့ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ထောင်ရေး ကို အကောင်အထည် ဖေါ်နိုင်ရေး ကို တာဝန်ယူ ဆောင်ရွက်နေသော အဖွဲ့အစည်းများ ရှိနေပြီး ဖြစ်သည်။

 

အချို့ကလည်း စစ်တပ် လည်း မျက်နှာမပျက်ရအောင် ဆွေးနွေး အဖြေရှာဖို့ တွန်းအားပေးလာကြသည်။ သို့သော်လည်း စစ်တပ်သည် အရပ်သား ပြည်သူ အစိုးရ၏ စီမံ ကွပ်ကဲမှု ကို လက်ခံပြီး နိုင်ငံရေး နယ်ပယ်မှ ထွက်မသွားမခြင်း မည်သို့သော ဆွေးနွေးမှုမျိုး မှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပေ။

 

မိမိတို့ဖက်မှ ညီညွတ် ရေး ကို ရှေးရှူ၍ ရာစုနှစ် နှင့် ချီ ရှိနေသော တိုင်းရင်းသား များ အကြား အားပြိုင်မှုများ၊ ဗမာ များသာ ကြီးစိုးရမည် ဆိုသော အစွဲများကို ဘေးဖယ်ထုတ် ပစ်ရမည်။ PDF တပ်ဖွဲ့များသည်လည်း အဆင်ဆင့် အမိန့်နာခံမှု အောက်တွင် တစည်းတလုံးတည်း ရှိနေပြီး ဂျီနီ‌ဗာ ကွန်ဗင်ရှင်းကို လိုက်နာသည့် ပရော်ဖက်ရှင်နယ် တပ် ဖြစ်အောင် ကျင့်ကြံ ‌နေထိုင်ရမည်။

 

ERO များ အကြား သံခင်းတမန်ခင်း ဖြင့် တိုးတိုးတိတ်တိတ် ညှိနှိုင်းနေကြသော်လည်း တိုးတက်မှု ရလဒ်ကိုမူ ထုတ်ပြန်ကြေငြာဖို့ မရှိမဖြစ် လိုအပ်နေသည်။

 

တော်လှန်ရေး အပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များ တွင် အကျင့်ပျက် မှုများ လှိုက်စားနေသော စစ်တပ်ကို မဖြစ်မနေ ပြန်၍ အလုံးစုံ မွမ်းမံ ရပေဦးမည်၊ ထိုလုပ်ငန်းစဉ်များအား လူထု ၏ ယုံကြည်မှု ရရှိလာရန် ပွင့်လင်းမြင်သာမှု ရှိရမည့် အပြင် ထိရောက်မည့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်ပေးထားရမည်။

 

နောက်ဆုံး အနေဖြင့် အဓိက ဦးစားပေး အဖြစ် ခေါင်းဆောင်ပိုင်းသည် နွေဦး တော်လှန်ရေး ကို နောက်မှ မဟုတ်ပဲ ရှေ့ဆုံးမှ ဦးဆောင်နေသူများသာ ဖြစ်ရမည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!