တောင်တန်းများ မှ မြို့ကြီး များ ဆီသို့

by Hla Soewai - Dec 11 2023

တိုင်းပြည် သုံးပုံနှစ်ပုံ တွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ တလ ခွဲအတွင်း ၎င်းတို့ ခန့်မှန်း နိုင်သမျှ လူပေါင်း ၅၇၈,၀၀၀ ဦး ခန့် အစားအသောက်၊ အမိုးအကာများ၊ အခြေခံ ကျန်းမာရေး ဆိုင်ရာ အသုံးအဆောင်များ အရေးတကြီး လိုအပ်နေပြီဟု ကုလ လူသားချင်း စာနာမှု အကူအညီပေးမှု ညှိနှိုင်းရေး ရုံးမှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတကာ မှ ထိုအရေးအား ဖြေရှင်းရန် အမျိုးသား ညီညွတ်ရေး အစိုးရအား အသိအမှတ် ပြုဖို့ အရေးတကြီး လိုအပ်နေပြီဟု ကျယ်လောင်စွာ တောင်းဆိုလာနေကြချိန်တွင် စစ်အာဏာသိမ်း အဖွဲ့ အဖို့က တိုင်းပြည် အား လုံးဝ ထိန်းချုပ် ထားချုပ်ထားနိုင် ကြောင်း ဝါဒဖြန့်ဖို့ အရေးတကြီး လိုအပ်လာနေသည်၊ ထို့အတွက် စားသောက်ဆိုင်များ၊ နိုက်ကလပ်များ နှင့် တိုင်းပြည်သည် အနေအထား မပျက် ဖွင့်လှစ်ထားနိုင်ဆဲ ဆိုသည်ကို ပြသလာသည်။ မြန်မာ တို့သည် အပျော်အပါး ကြိုက်တတ်သည်ကို သိထား၍ ယခင် အင်းစိန် စစ်မျက်နှာ တွင် တက္ကသိုလ်ကျောင်းသားများပါ ဗော်လံတီယာ လုပ် ကူညီနေချိန်တွင် ပလေဒီယံ (ပပဝင်း ရုပ်ရှင်ရုံ) တွင် လူကြိတ်ကြိတ်တိုး လက်မှတ် တန်းစီနေသော ဓါတ်ပုံများ ပင် ထွက်လာခဲ့သေးသည်။

 

 သို့သော် ဝါဒ ဖြန့်ယုံမျှနှင့် ၎င်းတို့ရင်ဆိုင်နေရသော အခြေအနေကို ပြောင်းလဲ၍ မရမှန်းလည်း သိထားကြ၍ ငုတ်တုတ် ခံနေကြရသည့် အဖြစ်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အဖြစ် တရုတ် ထံ သံတမန်များ လွှတ်၊ ရုရှားထံမှလည်း အကူအညီများ ပေးပါရန် နည်းမျိုးစုံ ဖြင့်အောက်ကျနောက်ကျခံ တစာစာ တောင်းဆိုနေကြရသည့် အနေအထား ဆိုက်လာသည်။ တဖက်တွင်လည်း အာဏာကိုဖြစ်သည့်နည်းနှင့် ဆုပ်ကိုင်နိုင်‌ရေး လုံးပမ်းးရင်းက ပြည်သူများ အပေါ် တာဝန်မဲ့မှုများ၊ တရားလက်လွတ်မှုများ နှင့် အဓမ္မ မှုများသည် တနေ့တခြား ဆိုးရွားသည်ထက် ဆိုးရွားလိုက်လာနေပြီ ဖြစ်သည်။

 

ရှေ့တန်း သို့ ရောက်နေသော တပ်များ အားလည်း ရိက္ခာ များ၊ စစ်ကူများ လုံးဝ ပေးနိုင်စွမ်း မရှိတော့အောင် ဖြတ်တောက်ခံနေရပြီ ဖြစ်သည်။ ထိုအနေအထားတွင် သူပေးနိုင်သည်က ကျဆုံးသွားသူများ အတွက် ဘွဲ့တံဆိပ်များ၊ ငွေများ ထောက်ပံ့လာရသည်။ ထိုအထဲတွင် တိုက်ပွဲကျ ဗိုလ်မှုးကြီး အဆင့်ရှိသူ နှစ်ဦး အပါအဝင် ရဲအရာရှိ၊ ထောင်ဝန်ထမ်းများ၊ အစိုးရ ဝန်ထမ်း စုစုပေါင်း ၁၄၇ ဦး အား ဆုတံဆိပ်နှင့် ငွေသားများ ပေးအပ်လာသည်။

 

ကောလင်း၊ ဝန်သို၊ ထီးချိုင့် နှင့် ကသာ မြို့နယ်များမှ အစိုးရ ဝန်ထမ်းများ လည်း အမျိုးသား ညီညွတ်ရေး အစိုးရ အုပ်ချုပ်မှု အောက်တွင် တာဝန် ထမ်းဆောင်လာနေ၍ ယခုလို အစိုးရ ဝန်ထမ်းများပါ ဆု ပေးသည့် စာရင်းထဲ ထည့်သွင်းလာခြင်း ဖြစ်သည်ဟု ဧရာဝတီ က သုံးသပ်ထားသည်။

 

ယခုအခါ စစ်အာဏာရှင်တို့၏ ညှင်းပမ်းနှိပ်စက်မှု မျိုးစုံမှ လွတ်ကင်းပြီး အသက်ဝဝ ရှုခွင့်ရလာသော မြို့ပေါင်း ၂၀ ခန့် ရှိလာနေသည့်အပြင် စစ်စခန်းပေါင်း ၃၀၀ ကျော် လက်လွှတ်နေရသည် အထိ တနေ့တခြား အရှိန်အဟုန် ပြင်းထန်လာနေသော ၁၀၂၇ စစ်ဆင်ရေး ကြီး ကို ထိုဆု များ ပေးပြီး အသေအကျေ တိုက်ခိုက် ရန် စိတ်ဓါတ်မြှင့်တင်ပေးယုံဖြင့် လုံလောက် မည်လော။ ၎င်းတို့ တပ်များ အတွင်းကြိတ် တပ်ပျက်လာနေသည့် အနေအထားကိုပင် ကောင်းစွာ ရိပ်စားမိခြင်း မရှိပဲ အသက် ရာကျော် နေရမည့် သာသနာပြု မင်းကြီး အဖြစ် နတ်ရူး၊ မှော်ရူး များ၏ စားကောင်းသောက်ကောင်း အောင် မြှောက်ပင့်ပေးမှုကို အဟုတ်ထင်ကာ ရွေးကောက်ပွဲကိုပင် တနေရာမကျန် ကျင်းပမည်ဟုပင် ကြွေးကြော်ခဲ့ပြန်သည်။

 

ပုံတွင် တော်လှန်‌ရေး မဟာမိတ်များ သိမ်းယူထားသော မြို့များ ၏ အခြေပြ မြေပုံ ကို တွေ့နိုင်သည်။ (ဓါတ်ပုံ - ဧရာဝတီ)

 

ယခုအခါ အောင်ပွဲအလီလီရ၍ ရတိုင်းလည်း လက်နက်ကြီး များ သိမ်းဆည်းနိုင်ခဲ့၍ မဟာမိတ်တပ်များ လက်ဝယ်တွင် နေပြည်တော် ကိုပင် တိုက်ခိုက်လာနိုင်သည့် အင်အားများ ရရှိလာပြီ ဖြစ်သည်။ အနီးအနား တဝိုက်တွင် လည်း ဒရုန်းများ သုံး၍ ဗုံးကြဲ တိုက်ခိုက်လာနေ၍ မြို့တော် အတွင်း နေထိုင်သူများ စိတ်ဓါတ် ကျဆင်းကာ ကျီးလန့်စားစား ဖြစ်လာနေသည်ဟု RFA တွင် ရေးသားထားသည်။

 

စစ်မြေပြင်တွင် စစ်ပွဲတပွဲ လောက်မျှပင် ဟုတ်တိပတ်တိ ကိုယ်တိုင်ကိုယ်ကျ မတိုက်ဖူးပဲ အာဏာရှင်များ၏ ကျွန်ယုံ အဖြစ် နေရာရလာသူသည် ထိုသို့ တပ်ပျက်လုနီးပါး ဖြစ်လာနေမှူကို အဘယ်သို့ ကယ်တင်နိုင်ပေမည်နည်း။ ပြည်သူများကတော့ မကြာမီ လောကငရဲမှ လွတ်ကင်းစွာ နေထိုင်ခွင့် ရကြတော့မည့် ၂၀၂၄ ရက်များ အကြောင်း အတွေးနယ်ချဲ့နေကြပြီ ဖြစ်သည်။

 

နေပြည်တော်တွင်သာမက အမြို့မြို့ အနယ်နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်များမှ လျှပ်တပြက် ပျောက်ကျား စစ်ဆင်ရေး များ ဆင်နွှဲလာနေသည်။ ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်သည် စစ်တပ်မှ ၎င်းတို့ ၏ ကျွန်ယုံကျွန်ကောင်း များကို မည်သို့မျှ အကာအကွယ် ပေးနိုင်စွမ်း မရှိတော့သည်ကို ပြသလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

စစ်တပ်သည် အခြေအနေမပျက် ကြောင်း ပြသနိုင်ရန် ရန်ကုန် လုံခြုံရေး အား အထူးတင်းကြပ်လာခဲ့သော်လည်း ၂၀၂၂ မှ စပြီး ကောင်းစွာ စိမ့်ဝင် ထိုးဖေါက်ထားနိုင်ခဲ့သည့် မြို့ပြ ပျောက်ကျား တပ်ဖွဲ့များ၏ အရှိန်အဟုန် မြှင့် တိုက်ခိုက်ခြင်းကို အလူးအလဲ ခံနေရပြီ ဖြစ်သည်။

 

နိုဝင်ဘာ ၂၃, ၂၄ ရက်နေ့တွင် တောင် နှင့် မြောက်ဥက္ကလာ ရှိ လျပ်စစ်ရုံး များ အား တိုက်ခိုက်ခဲ့ခြင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အရေးကြီးဆုံး ပစ်မှတ် တခု ဖြစ်သော အင်းစိန် ရှိ ဦးပိုင် ဝင်းကို တိုက်ခိုက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

နိုဝင်ဘာ ၃၀ တွင် ရန်ကုန်ရှိ စစ်စခန်း နှစ်ခု နှင့် ရဲစခန်း တခုအား ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ မြောက်ဥက္ကလာ အထက်တန်းကျောင်းတွင် ဝင်ရောက် စခန်းချနေသော စစ်တပ်အား တိုက်ခိုက်ခြင်း၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် သင်္ကန်းကျွန်း ရဲစခန်း အား ဗုံးနှစ်လုံး ဖေါက်ခွဲခဲ့ခြင်း များ အပြင်း မြောက်နှင့် တောင်ဒဂုံမြို့နယ်များ တွင်လည်း ပေါက်ကွဲမှု များ ဖြစ်ပွားလာခဲ့သည်။ ရှေ့လျောက်ပြီးလည်း ပို၍ ပြင်းထန်လာဖွယ် ရှိနေသည်။

 

ဤသည်နှင့် ပတ်သက်ပြီး ဝါရှင်တန် စစ်ကောလိပါမှ ပါမောက္ခ ဇာကာရီ အဘူဇာမှ စစ်ပွဲသည် တောင်တန်းများ မှ သည် မြို့တော်အထိ ချည်းကပ်လာတော့မည့် လက္ခဏာများ ဖြစ်သည်ဟု RFA တွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!