ညီနောင် မဟာမိတ် အဖွဲ့ တပ်လှန့်ပြီ

by Hla Soewai - Dec 11 2023

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို တစ်ရက်ပြီး တစ်ရက် ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး ရည်မှန်းချက်များနှင့်အတူ မြန်မာတစ်နိုင်ငံလုံး မျှော်မှန်း ထားသော ရည်မှန်းချက်များကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ထုတ်ပြန်ချက်ထဲတွင် စစ်ဆင်ရေး ဒုတိယအဆင့် အဖြစ် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ တော်လှန်ပုန်ကန်ရန် အထူးအရေးကြီးကြောင်း၊ ထို့ကြောင့် ရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် ရောက်ရှိသည့်နေရာမှ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကြရန် တိုက်တွန်း လိုက်ကြောင်း၊ စစ်ဆင်ရေး၏ ဒုတိယအဆင့်၌ ပြည်သူတစ်ယောက်ချင်းစီ၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးပြီး ပြည်သူတစ်ယောက်ချင်းစီမှ ပြည်သူအားလုံး စစ်အာဏာရှင်အား တော်လှန်ပုန်ကန်ခြင်းဖြင့် စစ်ဆင်ရေးဒုတိယအဆင့်၏ အဓိက ရည်မှန်းချက်အတွက် ပူးပေါင်းပါဝင်ကြရန်ကိုလည်း တိုက်တွန်းလိုက်ကြောင်း ပါရှိသည်။

 

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထု တစ်ရပ်လုံးတွင် တာဝန်ရှိသည်ကို မီးမောင်းထိုးပြလိုက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှသည် ယနေ့အချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်နေပြီးသူဖြစ်နေရမည်ဆိုသည်ကိုလည်း သတိပေး တပ်လှန့်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အာဏာသိမ်း အဖွဲ့သည် စစ်ရေး တွင်သာ မက စီးပွားရေး တွင်ပါ မည်သို့မျှ ထိုးဖေါက် ဖြေရှင်း နိုင်သည့် အနေအထား သို့ ရောက်လာပြီ ဖြစ်သည်။ ၎င်းတို့ လက်ထဲတွင် ဒေါ်လာများ ပြတ်လာသည့် လက္ခဏ အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများရှိ ဆီဆိုင်များ တွင် ကားတန်းကြီး မြင်မကောင်းအောင် ဖြစ်လာနေပြီ ဖြစ်သည်။

 

ထိုသို့ အနေအထား နှင့် ရင်ဆိုင်လာရသည့် အခါတွင်တော့ စစ်ကောင်စီ ၏ ဖြေရှင်းချက်သည် လူထု အား ဓါတ်ဆီ၊ ဒီဇယ် နှင့် စက်သုံးဆီများ မလိုအပ်ပဲ မဝယ်ကြရန် တစာစာ ပြောဆိုလာနေခြင်း ဖြစ်သည်။

 

အဓိက အချက်သည်ကား စစ်ကောင်စီ ၏ ဗဟိုဘဏ်သည် လောင်စာဆီ တင်သွင်းသူများ အား ‌ဒေါ်လာ ထုတ် မရောင်း ပေး နိုင်တော့ခြင်းပင် ဖြစ်သည်။ ထိုအချက်သည် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ကျပ် ၂,၁၀၀ သတ်မှတ်ထားမှု မှ ပယ်ဖျက်ပေးလိုက်ရခြင်း ဖြင့် ပို၍ ထင်ရှားလာခဲ့ရသည်။

 

ထို့အတွက် သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် ကြိုက်ရောင်း ကြိုက်ဝယ် ဈေးကွက် ကိုသာ အားကိုးရပေတော့သည်။

 

ဤသို့ဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး ဒေသများတွင် မှောင်ခို ဈေးကွက်ကြီး ချက်ခြင်းဆိုသလို ထွက်ပေါ်လာခဲ့ခြင်း ပင် ဖြစ်သည်။ ဆီဆိုင်များတွင် အောတိန်း ၉၂ တလီတာ လျှင် ကျပ် ၂,၅၆၀၊ ၉၅ တလီတာလျှင် ၂,၆၈၀ ကျပ်အထိ ကြာသပတေးနေ့တွင် ရောက်ရှိသွားခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

 

သို့သော် အပြင်ပေါက်ဈေးသည် နှစ်ဆ နီးပါး ဈေးတက်သွားပြီး တလီတာ လျှင် အနည်းဆုံး ၅,၀၀၀ ကျပ် ဖြစ်သွားခဲ့သည်ဟု ဆိုသည်။

 

အာဏာသိမ်း အဖွဲ့သည် မျောက်အုန်းသီးရသည့် အလား ၎င်းတို့ မည်သို့မျှ ကျွမ်းကျင်မှု မရှိသော စီးပွားရေး ကို အမိန့်ပေး အမိန့်ခံ စနစ် ဖြင့် အတင်းအကျပ် စီမံလျင် ရနိုင်သည်ဟု ယူဆနေကြသူများ ဖြစ်ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းကို အမိန့်အမျိုးမျိုး ထုတ်၍ ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ အောင်မြင်မှု မရခဲ့ပေ။

 

၎င်းတို့ လက်ထဲ ဒေါ်လာများ မရှိတော့သည့် အခါကျမှ ဈေးကွက် ကို လွှတ်ပေးလိုက်ခြင်းသည် နောက်ကျသွားခဲ့ရပြီ ဖြစ်သည်။

 

တနိုင်ငံလုံး ရှိ ပြည်သူများ အား ဒုက္ခသုက္ခ မျိုးစုံ ရောက်အောင် တွန်းပို့ ခဲ့သည့် အဖြစ် နှင့် ရင်ဆိုင်လာရလေလေ မဲစာရင်း မှား၍ အာဏာသိမ်းရပါသည် ဆိုသော စစ်ခေါင်းဆောင်များ၏ ဆင်ခြေသည် ယခုအခါ လမ်းပေါ်က သူရူး တယောက်၏ ရေရွတ်သံ နှင့် မခြား ဖြစ်လာနေပြီ ဖြစ်သည်။

 

လူထုအား ငါတို့ ဘာပြောပြောဟု ၎င်းတို့ ဖြစ်ပျက်နေသည်ကို ရန်ကုန် ရှိ နိုင်ငံတကာ သံရုံး များ၊ အဖွဲ့အစည်းများ က မမြင်ချင်မှ အဆုံး မကြားခြင်မှ အဆုံး ဖြစ်နေပြီး သံရုံး ဧည့်ခံပွဲများ တွင် ရယ်ပွဲ ဖွယ့် လှောင်ပြောင်နေကြသည့် အဖြစ်က ကိုယ့်မျက်နှာကို ဓါးနှင့် လှီးပစ်ခြင်လောက်အောက် ပင် ရှက်ဖို့ ကောင်းနေပြီ ဖြစ်သည်။

 

၎င်းတို့ အဖို့ကတော့ လူမိုက်တို့၏ သွားရာလမ်း ဖြစ်သည့် ဓါး ဓါးခြင်း၊ ဒုတ် ဒုတ်ချင်း၊ သူသေ ကိုယ်သေ ရင်ဆိုင်သွားကြရပေတော့မည်။

 

ညီနောင် မဟာမိတ်များ၏ တော်လှန်ရေး တံခွန် ကို တလှုလှု လွှင့်ထူ နေချိန်တွင် မိမိတို့ ပြည်သူများ အနေဖြင့် ဆန်ဆီဆား တန်းစီ ဆိုလည်း တန်းစီလိုက်ကြ၊ ဓါတ်ဆီ တန်းဆီ ဆိုလည်း တန်းစီလိုက်ကြ နှင့် နေသားကျနေနိုင်ရန် ကြိုးစားနေရမည့် အချိန် မဟုတ်တော့၊ မိမိတို့ ကိုယ်တိုင်လည်း တတ်နိုင်သည့် ဖက်မှ ပူးပေါင်းကြရမည်၊ ပူးပေါင်းရန် လိုသည် ဆိုသည့် စိတ်ကို မွေးနိုင်မှသာ ဖြစ်ပေမည်။ 

 

ထိုသို့ မဟုတ်ပဲ ရေသာခို နေကြမည် ဆိုက တော်လှန်ရေး အရှိန်အဟုန် ရပ်တန့်သွားသည့် အဖြစ် ဆိုက်ရောက်လာလျှင် မိမိကိုယ်သာ မိမိ အပြစ်တင်ကြရတော့မည် ဖြစ်သည်။

 

ညီနောင် မဟာမိတ်များ အဖွဲ့က တော့ စကားကုန် ပြောလိုက်ပြီ ဖြစ်သည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo credit – Original Uploader