နိုင်ငံတကာ ရေးရာ မိတ်ဆက်(1)

by Hla Soewai - Dec 08 2023

အပိုင်း (၁)

 

မဖြစ်မနေ လေ့လာရမည့် သမိုင်း

 

သမိုင်းဆိုသည်ကား ကျွနုပ်တို့သည် မည်သူမည်ဝါ ဖြစ်သည်၊ မည်သည့် လူ့အစည်းအရုံးတွင် ပါဝင် နေသည်၊ မည်သည့် နိုင်ငံတွင် နေထိုင်ကြသည်၊ ထိုနေရာသို့ မည်သို့ ရောက်ရှိလာခဲ့ကြသည်ကို နားလည်အောင် ရှင်းပြပေးသော အကြောင်းအရာများပင် ဖြစ်သည်။ မိမိတို့ ဖြစ်တည်ရာ ကို ပို၍ နားလည်လာသည့် အခါတွင် အခြားလူများ၏ အကြောင်းများကိုလည်း ရှုမြင် နိုင်သမျှ ရှူမြင် ပြီး ဆက်စပ်‌ တွေးခေါ်တတ်လာအောင်လည်း အထောက်အကူ ပြုသည်။

 

သမိုင်းသည် လက်တွေ့ဆန်သည်။ အတိတ်၏ အဖြစ်အပျက်များ၊ ပြုမူခဲ့မှုများ အပေါ် ဆင်ခြင် သုံးသပ်ပြီး အနာဂတ် အတွက် ဆုံးဖြတ်ချက် ကောင်းများ ချမှတ်နိုင်သည့် စွမ်းရည်များ ရှိလာအောင် လက်တွေ့ကျကျ ပို့ချပေးရာ ကျောင်းတိုက်ကြီးဟု ပင် ပြော၍ ရပေသည်။ 

 

အတိတ်က ဖြစ်ပျက်ခဲ့သမျှ ထဲတွင် အသေးစိတ် တူညီနေသည် ဟူ၍ တခုတလေမျှ တွေ့ရမည် မဟုတ်သော်လည်း နမူနာ ယူ၍ ရသည့် ပုံစံများတော့ ရှိနေတတ်သည်။

 

ဆယ့်ကိုးရာစု အကုန်ပိုင်း နှင့် နှစ်ဆယ်ရာစု ဆန်းစ တွင် ထင်ရှားသည့် စာရေးဆရာ တဦး ဖြစ်သော ဂျော့ခ်ျ ဆန်တာရာနာ မှ "အတိတ်ကို အမှတ်မရနိုင်သူများသည် အမှားကို နောက်တကျော့ ထပ်လုပ်ရန် စီရင်ချက် ချခံထားရသူများ ကဲ့သို့ ဖြစ်လာလိမ့်မည်" ဟု ရေးသားခဲ့ဖူးပေသည်။

 

သမိုင်းသည် ကမ္ဘာကြီး အကြောင်း ကောင်းစွာ နားလည် နိုင်ရန် ကြိုးစားနေသူ မည်သူ မဆို အတွက် တူးဖေါ်၍ မကုန် နိုင်သည့် ရတနာသိုက်ကြီးလည်း ဖြစ်သည်။

 

ထိုအထဲမှ လက်ရှိ တွင် အသုံးဝင်နိုင်မည့် အကြောင်းအရာ ကိုသာ စီစစ် ရွေးထုတ်ပြီး တတ်နိုင်သလောက် တင်ပြသွားမည် ဖြစ်သည်။

 

လက်ရှိ နိုင်ငံတကာ ခေတ်သစ်ကြီးကို ဖြစ်ပေါ်လာစေသည့် အကြောင်းအရာများသည် ဆယ့်ခုနှစ်ရာစု တွင် အစပျိုးခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

 

စတင်ခဲ့သည့် ခုနှစ် သက္ကရာဇ်ကို အကြောင်းမဲ့ လက်တန်း ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ နိုင်ငံရေး နှင့် ဘာသာရေး များ ရောပြွမ်းကာ ဥရောပ ကုန်းမြေ ကြီး တခုလုံး နီးပါး လောင်ကျွမ်း ခဲ့သည့် "နှစ် သုံးဆယ် စစ်ပွဲကြီး" အဆုံးသတ်သွားခဲ့သည့် ၁၆၄၈ ခုနှစ် နောက်ပိုင်းကို တင်ပြသွားမည် ဖြစ်သည်။

 

ထိုစစ်ပွဲကြီး ပြီးဆုံးစေခဲ့သည့် ဝက်စ်ဖေးလီယား စာချုပ်ဟု ထင်ရှားခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက် သည် လက်ရှိ ကမ္ဘာစနစ်ကြီး ကို မွေးဖွားပေးလိုက်သည့် လက်သည်ကြီးပင် ဖြစ်သည်။ 

 

ထိုစာချုပ် ကြောင့် နိုင်ငံများသည် တနိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ခွင့်၊ လွတ်လပ်စွာ ရပ်တည် ပိုင်ခွင့်၊ နယ်နမိတ် စည်းမျဉ်းများကို လေးစားလိုက်နာရမည် ဆိုသော သဘောတရားများကို စတင် ကျင့်သုံး လာခဲ့ကြသည်။

 

ဥရောပ သမိုင်းကြောင်းကို ဦးစားပေး ခဲ့သည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ ဤသည်ကလည်း 

ကျွနုပ်တွင် ခိုင်လုံသော အကြောင်းများ ရှိနေသော ကြောင့် ပင် ဖြစ်သည်။ ထိုအချိန်တွင် ဥရောပသည် ကမ္ဘာ၏ အခြား သော နေရာ ဒေသများ ပေါ် ဩဇာ လွှမ်းမိုး နိုင်အောင် အင်အား အဆမတန် ကြီးထွားလာနေသော ကြောင့် ဖြစ်သည်။

 

ဝက်စ်ဖေးလီယား စာချုပ်ပါ သတ်မှတ်ချက်များသည် ယနေ့ ကမ္ဘာတဝှမ်း နိုင်ငံ အချင်းချင်း ဆက်ဆံရေး တွင် လိုက်နာရမည့် အုတ်မြစ်များ စတင် ချပေးခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။

 

ယခုအခါ တရုတ်ကဲ့သို့ နိုင်ငံမျိုးသည် ဝက်စ်ဖေးလီယန်း များဟု ခေါ်ရလောက်အောင် စာချုပ်ပါ အချက် အများစု ကို လိုက်နာကျင့်သုံးနေသည်ဟု ဆိုရမည် ဖြစ်သည်။ အချုပ်အခြာ အာဏာ ဆိုသည်ကို အစဉ်တဆက် ခံယူလာခဲ့မှု များကို စွဲကိုင်ထားဆဲ ဖြစ်သည့် တရုတ်ကဲ့ သို့ နိုင်ငံ အချို့အား ဥရောပ တိုက် ပြင်ပတွင်သာ တွေ့နိုင်တော့သည်။

 

ယခု အပိုင်း (၁) တွင် ကျွနုပ်တင်ပြမည့် သမိုင်းကြောင်းကို အချိန်ကာလ အား ဖြင့် လေးခု ပိုင်းခြားထားသည်။

 

ပထမ ပိုင်းသည် နှစ်ကာလ အားဖြင့် အရှည်လျားဆုံး ဖြစ်ပြီး ဆယ့်ခုနှစ်ရာစု အစောပိုင်းမှသည် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည့် ၁၉၁၄ အထိ ရှိပြီး နှစ်ပေါင်း အားဖြင့် သုံးရာခန့် ရှိသည်။ ခေတ်သစ် ကမ္ဘာကြီးတွင် နိုင်ငံများ ပေါ်ထွက်လာပုံ၊ ကိုလိုနီ နယ်မြေများ ပိုင်ဆိုင်လာကြပုံ၊ အင်ပိုင်ယာ အများ အပြား ပြိုကွဲသွားခဲ့ပုံ၊ ဂျပန် တို့ တံခါးဖွင့်လာပုံ၊ ဂျာမဏီ နိုင်ငံ ပေါ်ပေါက်လာပုံ၊ အမေရိကန် ပြည်တွင်းစစ် နှင့် ယင်း၏ နောက်ဆက်တွဲ အဖြစ် အမေရိကန်သည် အင်အားကြီး နိုင်ငံ ဖြစ်လာပုံ၊ စက်မှု တော်လှန်ရေးကြီး ဖြစ်ပွားလာပြီး ကုန်ထုတ်လုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေး နှင့် စစ်ပွဲများ အတွက် နည်းပညာ အသစ်များ ထွန်းကားလာပုံ များကို တင်ပြသွားမည် ဖြစ်သည်။

 

 

ဒုတိယ ကာလ အား ၁၉၁၄ မှ ၁၉၄၅ အထိ သတ်မှတ်ထားပြီး နှစ်ပေါင်း သုံးဆယ်ကာလ အတွင်း ဖြစ်ပျက်ခဲ့ပုံများ ပါဝင်မည် ဖြစ်သည်။ ထိုကာလသည် လူ့ သမိုင်းတလျှောက် သွေးထွက်သံယိုမှု အများဆုံး နှစ်များဟု ပြောနိုင်ပေသည်။ နှစ်ဆယ်ရာစုနှစ်၏ ပထမ ပိုင်း တွင် နှစ်ကာလအားဖြင့် ရှည်ကြာပြီး ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သည့် ကမ္ဘာစစ်ကြီး နှစ်ခု က တဖက် တချက်တွင် ညှပ်ထားသည့် ကာလ အပိုင်းအခြားလည်း ဖြစ်သည်။

 

ထိုကာလများ တွင် နိုင်ငံပေါင်းချုပ် အသင်းကြီး တည်ထောင်နိုင်ခဲ့ပုံ၊ နောက်ပိုင်းတွင် ပျက်စီးသွားခဲ့ရသည့် အကြောင်းများ၊ ကမ္ဘာစီးပွားပျက် ကပ်ကြီး ဆိုက်လာခဲ့ပုံ၊ ကိုယ်ကျိုးကြည့် အမျိုးသားရေး ဝါဒ နှင့် ဖက်ဆစ် ဝါဒ ပေါ်ပေါက်လာပုံ၊ ကမ္ဘာစစ်ပွဲကြီး ဖြစ်ရန် ဦးတည်စေခဲ့သည့် နိုင်ငံခြားရေး မူဝါဒ နှင့် သံတမန်ရေးရာ အမှားအယွင်းများ သည် ရာစုနှစ် တခုတည်း မှာပင် တကျော့ပြန် ဖြစ်လာခဲ့ပုံများ ပါဝင်မည် ဖြစ်သည်။

 

တတိယ ကာလ အပိုင်းအခြားကိုမူ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး စစ်အေးတိုက်ပွဲကြီး ဖြစ်ပေါ်လာပုံ၊ အမေရိကန် နှင့် ဆိုဗီယက်တို့ နှစ်ပေါင်း လေးဆယ်ကြာ သူနိုင်ကိုယ်နိုင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပုံ၊ အဘယ်ကြောင့် စစ်အေးတိုက်ပွဲကြီး ဖြစ်လာခဲ့ပုံ နှင့်ယခု အချိန်အထိ အေးစက်နေရပုံများကို သုံးသပ် တင်ပြသွားမည် ဖြစ်သည်။ မည်သည့် အချိန်တွင် ဘယ်ပုံ ဘယ်နည်း အဆုံးသတ် သွားခဲ့သည့် အကြောင်းများလည်း ပါဝင်မည် ဖြစ်သည်။

 

ပထမပိုင်းတွင် နောက်ဆုံးအဖြစ် စစ်အေး တိုက်ပွဲ အပြီးကာလများကို ဆန်းစစ်သွားမည် ဖြစ်သည်။ ထိုကာလ အား ၁၉၈၉ မှ စတင်ခဲ့သည်ဟု သတ်မှတ်ထားသည်။ နောက်ထပ် နှစ်ပေါင်း သုံးဆယ်ကြာလာသည့် တိုင်အောင် ထိုအခြေအနေမျိုးမှ ပြောင်းလဲ တိုးတက်လာမှုဟူ၍ မဆိုသလောက်သာ ရှိသေးသည်ကို တွေ့လာရမည် ဖြစ်သည်။

 

တချိန်ချိန်တွင်တော့ ထိုကာလ အပိုင်းအခြားကို သမိုင်းပညာရှင်များက ပိုမို ကောင်းမွန်စွာ သုံးသပ် ပြဌာန်းလာကြပြီး အမည်သစ် တခု ပေးလာပေလိမ့်မည်သာ ဖြစ်သည်။

 

မဖြေရှင်းနိုင်သေးသည်များ အများ အပြား နှင့် မရေရာမှု များ ရှိနေသော ထိုကာလအား သမိုင်းပညာရှင်များက မည်သို့ ရှုမြင်ကြမည် ဆိုသည်ကား ကျွနုပ်တို သိလာကြရမည်သာ ဖြစ်သည်။

 

ကျွနုပ်တို့ လက်ရှိ ဖြစ်ပျက်လာနေမှုများ ကို ကောင်းစွာ ဖမ်းဆုပ် နိုင်ရန် မည်သို့မည်ပုံ လှစ်ဟပြလာခဲ့သည့် အတွက် ထိုကာလ အပိုင်းအခြားကို မရှိမဖြစ် သိထားဖို့ လိုပေသည်။