နယ်စပ် တွင် တရုတ် စစ်ရေးလေ့ကျင့်မှု စတင်

by Hla Soewai - Dec 08 2023

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်ဌာနချုပ်မှ လျှင်မြန်စွာ ရွှေ့ပြောင်းလှုပ်ရှားနိုင်မှု၊ နယ်ခြားအား ပိတ်ဆို့နိုင်မှု၊ လက်အောက်ခံ တပ်များ၏ တိုက်ခိုက် နိုင်စွမ်း ရှိမှု တို့အား စမ်းသပ်ရန် စနေနေ့တွင် စတင် ပြုလုပ်မည် ဖြစ်ပြီး အစစ်အမှန် တိုက်ပွဲဝင် အနေအထားဖြင့် လေ့ကျင့်သွားမည် ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

သို့သော် ကျေညာချက် တွင် တပ်အင်အား မည်မျှ ပါဝင်မည်၊ မည်သည့်နေရာတွင် ဆိုသည် နှင့် အချိန် အတိုင်းအတာ အား ဖေါ်ပြထားခြင်း မရှိပေ။

 

မူဆယ်ရှိ ကျင့်စန်းကျော့ ကားဝင်း အတွင်း မီးလောင်မှု ဖြစ်ပွားပြီး နှစ်ရက် အကြာတွင် ယခုလို ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

စစ်ကောင်စီ ပြောခွင့်ရ‌ ဇော်မင်းထွန်း မှ တရုတ်ဖက်မှ မိမိတို့အား အကြောင်းကြားထားပြီး နယ်စပ်‌ဒေသ လုံခြုံ တည်ငြိမ်စေရေး အတွက် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်သည် ထိုကဲ့သို့ လေ့ကျင့်မှု မျိုးကို ၂၀၁၇ မတ်လ တွင် တကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်၊ ထိုစဉ်က လောက်ကိုင်ရှိ MNDAA အဖွဲ့၏ တိုက်ခိုက်မှု ကြောင့် လူ ၃၀ ခန့် သေဆုံးသွားခဲ့ပြီးနောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား ပြင်းထန်စွာ ရိုက်ခတ်လာ‌နေသော အရှိန်ကို တန့်သွားစေရန် ၊ အာရုံ လွှဲနိုင်ရန်၊ လူထု ထောက်ခံမှု ပြန်ရရန် နည်းမျိုးစုံ သုံး၍ ကြိုးပမ်းလာ‌နေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂ ရက်‌ နေ့တွင် တန်ပြန် ထိုးစစ်ကြီး စတင်မည်ဟု ကြိမ်းဝါးခဲ့မှု အား အကောင်အထည် ‌ဖေါ်သည့် အနေဖြင့် ဥပ္ပါတသန္တိ ပရိတ်တော်ကို မာရဝိဇယဘုရားတွင် ဌာနဆိုင်ရာရုံးများက အလှည့်ကျ သွားရောက် ရွတ်ဖတ်ကြရန် နှုတ်ဖြင့် ညွှန်ကြားလိုက်ကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောဆိုသည်ဟု ခေတ်သစ် သတင်းတွင် ပါရှိလာသည်။

 

ယခုအခါ မဟာမိတ် တပ်ပေါင်းစု အဖွဲ့သည် လောင်ကိုင် ဒေသ အား ထိန်းချုပ်ထားသည့် နောက်ဆုံး ကျန် ရှိနေသော အနောက်တောင် ဖက်ရှိ စခန်းကုန်း များ အား သိမ်းယူနိုင်ခဲ့ပြီ ဖြစ်၍ ယခုအခါ လောက်ကိုင် သို့ မိမိတို့ တပ်များ ဦးတည် ချီတက်လာနေပြီဟု MNDAA ပြောခွင့်ရ ပုဂ္ဂိုလ် ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေး တလပြည့်သည့်‌နေ့တွင် နောက်တဆင့်ကို ထပ်တက်မည်ဟု လည်း မဟာမိတ် တပ်ပေါင်းစု ဝင် ညီနောင် သုံးဖွဲ့မှ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

မဟာမိတ် တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်သော ရက္ခိုင်တပ်တော် ပြောခွင့်ရ ခိုင်သုခ နှင့် ဧရာဝတီ သတင်းဌာန တို့ သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ယခုအခါ တိုင်းရင်းသား တပ်များ နှင့် ‌တော်လှန်ရေး အဖွဲ့များ သည် စစ်မျက်နှာ ပေါင်းစုံ မှ တိုက်ခိုက်လာ‌နေသဖြင့် စစ်ကောင်စီ သည် ခံစစ် အနေအထား ဖြင့် ခုခံနေရသည့် အဖြစ် ရောက်‌နေပြီ ဖြစ်၍ ချေမှုန်းခံရတော့မည့် အရေး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဆိုသည်။

 

နိုင်ငံရေး ရည်မှန်းချက်များ နှင့် ပတ်သက်၍ မိမိတို့သည် ဝ ကဲ့သို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဆင့်အတန်း ရရှိဖို့ ရည်မှန်းထားကြောင်း၊ စစ်‌ကောင်စီ အား ချေမှုန်း ပြီး နောက်တွင် တိုင်းရင်းသား အားလုံး ယခင်ကထက် ပို၍ စည်းလုံးညီညွတ်လာနိုင်မှာ ဖြစ် ၍ အပြန်အလှန် ယုံကြည်မှု နှင့် တသားတည်း ရပ်တည်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံ အနာဂတ် အတွက်လည်း ပိုမို ကောင်းမွန်မည့် စနစ်သစ်ကို နောက်ဆုံးတွင် တည်ဆောက်သွားနိုင်မည် ဖြစ်သည်ဟု ဆွေးနွေးသွားခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ “ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေး အာမခံချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘောထားဆန္ဒမပါဘဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မည့် အခြေအနေအပေါ် အာမခံချက်မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိပါ ” ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရှင်းလင်းစွာ သဘောထားပေးခဲ့ပြီးဖြစ်ကြောင်း NUG က ဂျကာတာ ရှိ အာဆီယံ အထူးသံတမန် ရုံး၏ ကြေညာချက်အပေါ် တုန့်ပြန်လာခဲ့သည်။

 

ယခင်ကပင် ၎င်းတို့နှင့် ‌တွေ့ဆုံခဲ့ခြင်း အလျှင်းမရှိပါပဲလျက် ယခုလို အနေအထား ရောက်မှ အားလုံး ပါဝင်မည့် ‌‌ဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟု ပြောလာခြင်းသည် တခုခု လုပ်ပြနိုင်ခဲ့သည်ဟု အင်ဒိုနီးရှားမှ ကြွားလုံးထုတ်လိုမှု သက်သက်သာ ဖြစ်ပေလိမ့်မည်။ 

 

တော်လှန်ရေး သည် ၎င်းတို့ မျှော်လင့်ထားသလို ခြေကုန်လက်ပမ်း ကျမလာသည့် အပြင် ၁၀၂၇ စစ်ဆင်ရေး ဖြင့် ပြည်သူတရပ်လုံးကို အားသစ် အင်သစ်များ ဖြစ်ပေါ်လာစေခဲ့သည်။ 

 

၁၀၂၇ စစ်ဆင်ရေးသည် ပြည်သူတို့၏ တော်လှန်ရေး ကို "ကျွဲကူး ရေပါ" ဖြစ်စေခဲ့သည်ဟု The Diplomat စာစောင်တွင် နှိုင်းယှဉ် ရေးသားထားသည်။ ပြည်သူတို့၏ တော်လှန်ရေး မှ ပေါက်ဖွားလာသော ရလဒ် ဖြစ်ပြီး တရုတ်၏ ပါဝင် ပတ်သက်လာသောကြောင့် ဆိုသည်ကို ပယ်ချခဲ့သည်။

 

ယခင်က တော်လှန်‌ ရေး အပေါ် အယုံအကြည် မရှိ၍ စစ်ကောင်စီ နှင့် အပေးအယူ လုပ်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့ အချို့၏ အနေအထားသည်လည်း ယိမ်းယိုင်လာပြီ ဖြစ်သည်ဟု ဆိုသည်။

 

စစ်ကောင်စီ သည် စစ်ရေး တွင်သာ မက နိုင်ငံရေး၊ သံတမန်ရေး အရ ပါ ဝိုင်းပတ်ခြင်း ခံနေရပြီဟု ဆိုသည်။

 

စစ်ကောင်စီ သည် ပြည်သူများအား ၎င်းတို့ ထားရာနေ စေရာသွား ဘဝ ဖြင့် ဖိနှိပ်လာခဲ့သည့် ရလဒ် အဖြစ် ယခုအခါ ဓါးသွားလည်းကြွေ၊ လှံလည်း ခွေ အဖြစ် နှင့် ရင်ဆိုင်နေရပြီဟု လက်ဝဲသုန္ဒရ အမတ်ကြီး၏ ပျို့လင်္ကာကို ကိုးကား ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!