တာစူ နေကြပြီ

by Hla Soewai - Dec 08 2023

စစ်အာဏာရှင် များသည် တနေ့တခြား အရှုံးနှင့် ရင်ဆိုင်လာရသည့် အချိန်တွင် ဘာကိုမှ မစဉ်းစား မဆင်ခြင် နိုင်တော့၊ မြို့ပေါ်တွင် လူထု အုံကြွမှု ကြီး ဖြစ်လာမည့် အရေး ကို လွန်စွာ ‌ကြောက်ရွံ့ နေပြီ ဆိုသည် မှာ လွန်စွာ ထင်ရှား ပေါ်လွင် လာနေပြီ ဖြစ်သည်။

 

ရန်ကုန် မြောက်ဒဂုံ ၄၀ ဈေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်သွားခဲ့သည့် အတွက် အဆိုပါ ဈေးသို့ ညပိုင်းတွင် စစ်သားများ နှင့် ၎င်းတို့ လက်ကိုင်တုတ် အရပ်သားများ ရာနှင့်ချီ ရောက်ရှိလာပြီး တဈေးလုံးအား ရစရာ မရှိအောင် ဖျက်ဆီးသွားခဲ့ကြသည်။

 

၎င်းတို့ စိတ်ထဲတွင် ထိုသို့ လုပ်ပါက လူထု မှ တော်လှန်ရေး အား ထောက်ခံရဲတော့မည် မဟုတ်ဟု ယူဆနေကြသူများ ဖြစ်သည်။

 

နောက်တကြောင်းကလည်း သက်ဆိုင်ရာ စစ်တိုင်းမှုး များ၊ တာဝန်ရှိသူများသည် ၎င်းတို့ ထိန်းချုပ် နိုင်ဆဲ ဖြစ်သည့် နယ်မြေများတွင် တခုခု ဖြစ်လာပါက မင်းအောင်လှိုင်၏ အမျက်တော် ရှ ခံရမည့် အရေးကို ဒူးတုန်အောင် ကြောက်နေကြ၍လည်း ဖြစ်သည်။

 

ပြည်သူများ အဖို့က အာဏာရှင် စနစ် ဆိုး၏ ခြေရာလက်ရာ များကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရသွားခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြပွဲကို စီစဉ်သူများက ဈေးသူဈေးသားများကို တောင်းပန်ကြောင်း လူမှု ကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

 

ပြည်သူများကတော့ တော်လှန်ရေး အရှိန်ရလာသည်နှင့် အမျှ အုံနှင့် ကျင်းနှင့် ပူးပေါင်းပါဝင်နိုင်ရန် တာစူနေကြပြီ ဖြစ်သည်။

 

ကရင်နီ ပြည်နယ် ၏ ၈၀ ရာနှုန်း နှင့် လွိုင်‌‌ ကော် မြို တဝက်နီးပါး အား ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်ဦး မှ အပြည့်အဝ ထိန်းချုပ် နိုင်ခဲ့ပြီး အာဏာသိမ်း အဖွဲ့၏ အုပ်ချုပ်ရေး ယန္တရား လုံးဝ ပြိုလဲသွားပြီ ဖြစ်သည်ဟု ဒုစစ်ဦးစီးချုပ် ဖြစ်သူ မာဝီ မှ ဧရာဝတီ နှင့် သီးသန့် မေးမြန်းမှု တွင် 

ထုတ်ဖေါ် ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

 

စစ်ကောင်စီ ၏ အဓိက ကုန်သွယ်‌ ရေး ဇုံ ဖြစ်သော

မူဆယ် ရှိ ကျင်ဆန်းကျော့ တွင် ယခုအခါ MNDAA အလံ တလူလူ လွှင့်နေပြီ ဖြစ်သည်။ ထိုသတင်းသည် နိုင်ငံတကာ သတင်းစာမျက်နှာ တိုင်းတွင် ပါရှိလာခဲ့သည်။

 

တရုတ် နိုင်ငံသို့ ဝင်ထွက် နိုင်သည့် လမ်းကြောင်းများ၏ ၄၀ ရာနှုန်းကို တော်လှန်ရေး မဟာမိတ် တပ်များက ဖြတ်တောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

 

တရုတ် စစ်တပ် နေ့စဉ် သတင်းစာ၏ ခေါင်းကြီးပိုင်း မှ ပဋိပက္ခ တွင် ပါဝင်နေသော အဖွဲ့အစည်းများ ချက်ခြင်း အပစ်ရပ်ပြီး ဆွေး‌နွေးကြရန် တောင်းဆိုကြောင်း ရေးသားလာခဲ့သည်။ လက်ရှိတွင် ယူနန် ပြည် နယ် နေရာ အသီးသီး တွင် လေးရက်ကြာ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေ‌ဆဲ ဖြစ်သည်။

 

စစ်ကောင်စီ မှ စိတ်ကောင်းဝင်လာပြီး ပေးကမ်းလာနိုး နှင့် စောင့်မျှော်နေရင်း ၎င်းတို့ အဖွဲ့အစည်း ကောင်းစားရေး အတွက် လုပ်ကိုင်နေကြသော အချို့သော တိုင်းရင်းသား လက်နက်ကိုင်များ အတွက်မူ တော်လှန်ရေး အဖွဲ့များ၏ ၎င်းတို့ ‌ဒေသ အသီးသီးတွင် အောင်မြင်မှု များ ဆက်တိုက်ရနေခြင်းကပင် အားကျဖွယ် ဖြစ်လာ‌သည်။ ၎င်းတို့၏ လက်ရှိ မူဝါဒများ အတွက်လည်း တာဝန်ယူကြရတော့မည် ဖြစ်သည်။

 

ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး ကြီး တလ ပြည့် ဖြစ်ပြီး တော်လှန်ရေး မဟာမိတ် အဖွဲ့များမှ တဆင့်တက်ပြီး နိုင်ငံအနှံ့ စစ်ဆင်ရေး များ ဆင်နွှဲမည်ဟု ကြေငြာထားသဖြင့် စစ်ကောင်စီ သည် ဌာနဆိုင်ရာ နှင့် တပ်ရင်းတပ်ဖွဲ့များအား လုံခြုံရေး တိုးမြှင့်ထားရန် ညွှန်ကြားထားသည်ဟု သိရသည်။

 

စစ်ကောင်စီ သည် ယခု အခါ ခံစစ် အနေအထားဖြင့် ခုခံရင်ဆိုင်နေရပြီ ဖြစ်သည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!