တလ ပြည့် ၁၀၂၇

by Hla Soewai - Dec 08 2023

တနင်္လာနေ့သည် ၁၀၂၇ စစ်ဆင်ရေး ကြီး စတင်ခဲ့သည့် တလမြောက့် နေ့ ဖြစ်သည်။ စစ်ကောင်စီ အတွက်၂၀၂၁ အာဏာသိမ်းပြီး နောက်ပြီး ပထမဆုံး အကြိမ် ဆောက်တည်ရာ မရ ကယောင်‌ ချောက်ချားဖြစ်လာခဲ့ရသည့် နေ့ရက်များ လည်း ဖြစ်သည်။

 

ရှမ်းပြည် မြောက်ပိုင်း၊ ကချင်၊ ရခိုင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်းတို့ တွင် တော်လှန်ရေး မဟာမိတ်တပ်များ တပြိုင်တည်း နီးပါး ထိုးစစ်ကြီး ဆင်နွှဲခဲ့ကြသည်။

 

ယင်းသည် မကြာမီ တွင် ရပ်တန့်သွားမည့် တော်ရိလျော်ရိ ထိုးစစ်ကြီး မဟုတ်ပဲ ၎င်းတို့အား 

ဘင်္ဂလား ပင်လယ်အော်ထဲသို့ပင် မောင်းချရန်

သံန္နိဋ္ဌာန်ချ ဆင်နွှဲလာသည် ဆိုသည်အားလည်း ရိပ်စားမိနေကြပြီ ဖြစ်သည်။

 

နိုင်ငံတော် နှင့် ပြည်သူများ၏ ကံကြမ္မာကို တချက်လွှတ် အာဏာ သုံး၍ ၎င်းတို့စိတ်ကူးရသလောက် စီရင်နိုင်ရန် အာဏာသိမ်းခဲ့သော စစ်ကောင်စီ သည် တိုတောင်းလှသော အချိန် အတွင်းမှာပင် မြို့များ၊ စစ်စခန်း များ အား အကျအဆုံးများစွာ ဖြင့် လက်လွှတ်ခဲ့ရပြီး လက်နက်ချ သူများ၊ လက်လွတ် ထွက်ပြေးကြသူ အများ အပြား ရှိလာခဲ့သည်။ တင့်ကားများ၊ ဟောင်ဝစ်ဇာ ‌အမြှောက်ကြီးကဲ့သို့ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ တောင်ပုံ ရာပုံ ကိုပါ သိမ်းဆည်းရမိခဲ့ကြသည်။ ထို့အတွက် ဗျူဟာ အရ တမင် ဟ ပေးခဲ့သည် ဆိုသော စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း၏ အပြောသည် ပျက်လုံး သဖွယ် ဖြစ်ခဲ့ရသည်။

 

အဆိုးဝါးဆုံး သည်ကား မြန်မာ တပ်မတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ အလယ်တွင် မည်သို့မျှ အဖတ်ဆယ်မရအောင် ကျဆင်းသွားခဲ့ရခြင်းပင် ဖြစ်သည်။ တနိုင်ငံလုံးရှိ ပြည်သူများကလည်း ထိုးစစ်ကြီးကို အားတက်သရော ကြိုဆိုလာခဲ့ကြသည်။

 

ရှမ်းပြည်မြောက်ပိုင်းတွင် မဟာဗျူဟာ ကျသော မြိုများ၊ စစ်စခန်းပေါင်း ၂၂၄ ခု၊ အဓိကကျသော တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချူပ် နိုင်ခဲ့သည်။

 

စနစ်တကျ စီစဉ် ပြီး ပူးပေါင်း ဆင်နွှဲခဲ့သော ထိုးစစ်ကြီးတွင် မဟာမိတ် တော်လှန်ရေး တပ် အင်အား သည် ၂၀,၀၀၀ ခန့်အထိ ရှိခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ချင်းရွှေဟော် မြို့အား သိမ်းပိုက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သိန္ဒီ အစရှိသဖြင့် ဆက်တိုက် ဆိုသလို ရရှိလာခဲ့သည်။

 

စစ်ကောင်စီ တပ်များ အတွက် မဟာဗျူဟာအရ လွန်စွာ အရေးပါလှသည့် ကွမ်းလုံ စစ်ဌာနချုပ်ကို ၁၂ ရက်နှင့် အပြီး သိမ်းယူ နိုင်ခဲ့သည်။ စစ်ကောင်စီသည် လက်နက်ကြီးများ နှင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းတို့မှ အပ မြေပြင် စစ်ဆင်ရေး တခုတလေမျှပင် စတင်နိုင်ခဲ့ခြင်း မရှိပေ။

 

လက်ရှိတွင် မူဆယ်၊ ကျောက်မဲ၊ လားရှိုး တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည်။

 

ချင်း ပြည်နယ်တွင်လည်း ချင်းတော်လှန်ရေး တပ်ဖွဲ့များက ဖလမ်း နှင့် တီးတိန် ရှိ စစ်ကောင်စီ ပစ်မှတ်များ ကို အရှိန်မြှင့် တိုက်ခိုက်လာခဲ့သည်။ မကြာမီ မှာပင် ဖလမ်းမြို့ အနီးရှိ ရိဒ်ခေါဒါရ် မြို့နှင့် မတူပီ မြို့ အနီးရှိ လိုင်လင်းပီ မြို့များအား သိမ်းယူနိုင်ခဲ့သည်။

 

နိုဝင်ဘာ ပထမပတ် အတွင်းမှာပင် KIA, AA, PDF နှင့် ချင်းတော်လှန်ရေး တပ်များ ၏ ပူးပေါင်း၍ ခရိုင်မြို့ ဖြစ်သော ကောလင်း နှင့် ခမ်းပတ် မြို့များ မှ စစ်ကောင်စီ တပ်များအား အပြီးအပိုင် မောင်းထုတ် ပစ်နိုင်ခဲ့သည်။

 

နိုဝင်ဘာ ၁၁ ရက်နေ့ အရောက်တွင်တော့ ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်ဦးသည် PDF တပ်များ နှင့် ပူးတွဲကာ ၁၁၁၁ စစ်ဆင်ရေးကြီးကို စတင်လာခဲ့သည်။ လွိုင်ကော်၊ ဒီမောဆို၊ ဖယ်ခုံ မြို့များရှိ စစ်စခန်း ၂၀ နီးပါးအား သိမ်းယူနိုင်ခဲ့သည်။

 

၁၁၁၁ စစ်ဆင်ရေး စပြီး ဆယ်ရက်အတွင်းမှာပင် စစ်ကောင်စီ တပ်သား ၂၀၀ ကျော် မင်းအောင်လှိုင် အတွက် အသက်ပေးလှု သွားခဲ့ကြပြီး ဒါဇင်ပေါင်းများစွာ လက်နက်ချခဲ့ကြသည်။ တော်လှန်ရေး တပ်ဖွဲ့ဝင် ၄၅ ဦး ကျဆုံးခဲ့သည်။

 

ယခုအခါ မြို့တော် လွိုင်ကော် အား အပြီးအပိုင် သိမ်းပိုက်နိုင်ရန် ရေကုန်ရေခမ်း တိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိသည်ဟု သိရသည်။

 

ရခိုင် ပြည်နယ် တွင် ရက္ခိုင့် တပ်တော် AA မှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထိုးစစ်ကြီး စတင်ဆင်နွှဲလာခဲ့သည်။ သတင်းများ အဆိုအရ စစ်ကောင်စီ စခန်းကြီး လေးခုသာ သိမ်းပိုက်နိုင်ရန် တိုက်ခိုက်ခဲ့ရပြီး စခန်းပေါင်း လေးဆယ်ကျော်ရှိ စစ်ကောင်စီ တပ်သားများသည် ထိုးစစ်ကြီး စတင်ပြီဟု သတင်းရသည်နှင့် လက်လွတ် ဆုတ်ခွာ ထွက်ပြေး ကုန်ကြသည်ဟု ဆိုသည်။

 

ယခုအခါ စစ်‌တွေ မြို့ အနီးရှိ ပေါက်တောမြို့အား သိမ်းယူနိုင်ရန် ကြိုးပမ်းလျက် ရှိနေပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိနေသည်။

 

ထိုသို့ တိုက်ပွဲများ ဒေသ အနှံ့အပြား တွင် ဖြစ်ပွားလာခြင်းကြောင့် တလ အတွင်း စစ်ဘေးရှောင် ပြည်သူများ ၃၃၅,၀၀၀ အထိ ရှိလာခဲ့သည်။

 

စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်နေမှု နှင့် လက်နက်ကြီးများ ကြောင့် အပြစ်မဲ့ ပြည်သူ ၂၀၀ နီးပါး ‌သေဆုံးခဲ့ပြီး ၂၆၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီများက သတင်းထုတ်ပြန်ခဲ့သည်၊ သို့သော် လက် တွေ့တွင် ထိုထက်မက များပြားဖွယ် ရှိသည်ဟု သတင်းများက ဆိုသည်။ 

 

ထိုသို့ ဆိုးဝါးလာနေသော အခြေအနေများ ကြောင့်

စစ်တပ်မှ မင်းအောင်လှိုင်အား ဖယ်ရှားပစ်ခဲ့မည် ဆိုလျှင် နိုင်ငံတကာ အသိုက်အဝန်းမှ တော်လှန်ရေး အင်အားစုများကို စစ်တပ်နှင့် သဘောတူညီချက် တခုခု ရယူရန် တွန်းအားပေးလာမည်ကို အများက စိုးရိမ်နေကြသည်ဟု လန်ဒန် ရှိ ဂါဒီယန်း သတင်းစာအယ်ဒီတာ အာဘော် တွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - ဧရာဝတီ