တရုတ် ၏ စစ် နှင့် ငြိမ်းချမ်းရေး

by Hla Soewai - Dec 08 2023

ရှမ်းပြည် မြောက်ပိုင်းတွင် အာဏာသိမ်း အဖွဲ့ နာလန် မထူနိုင်အောင် အရေးနိမ့်လာနေပြီ ဖြစ်သဖြင့် တရုတ်အဖို့ ၎င်းတို့ အကျိုးစီးပွား အတွက် စစ်‌ ကောင်စီ နှင့်ဆက်ဆံဖို့ အ‌ရေး ပြန်လည် သုံးသပ်လာနေပြီ ဖြစ်သည်ဟု မြန်မာနောင်းတွင် ဆောင်းပါးရှင် Gavin Butler က ရေးသားလာသည်။

 

လော‌လောဆယ် တွင် တရုတ်သည် စစ် နှင့် ငြိမ်းချမ်းရေး အကြား ဟိုဖက် ဒီဖက် ခွလျက် ရပ်နေဆဲ ဖြစ်သည်။

 

နှစ်ဖက် ချက်ခြင်း အပစ်အခတ် ရပ်စဲကြရန် တောင်းဆိုချက် ထွက်လာပြီး နာရီပိုင်း အတွင်းမှာပင် တရုတ် နယ်ခြား ဖက် နေရာ အသီးသီးတွင် လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် အရေး ပေါ်တိုက်ပွဲဝင် အသင့် အနေအထား ရှိရန် ကျည် အစစ်များသုံး၍ စစ်ရေး လေ့ကျင့်မှု စတင်လာခဲ့သည်။

 

တရုတ်၏ နာရီ ချိန်သီး အလား ဟိုဖက် ဒီဖက် ယိမ်းထိုးနေမှု သည် မဟာမိတ် တော်လှန်ရေး အဖွဲ့ ဖက် လုံးဝ ရွှေ့လျားသွားနိုင်သည်ဟု အချို့က ခန့်မှန်းနေကြသည်၊ ထိုသို့ ဖြစ်လာမည်ဆိုက အာဏာသိမ်း အဖွဲ့ အပြီးအပိုင် ဇာတ်သိမ်းသွားတော့မည် ဖြစ်သည်။

 

တရုတ်၏ သဘောထား ယိမ်းယိုင်လာနေသည်ကို အာဏာသိမ်း အဖွဲ့ကလည်း ရိပ်စားမိလာပုံ ရပြီး ၎င်းတို့ လက်သပ်မွေးထားသူများကို တရုတ်သံရုံးရှေ့ သို့ ဆန္ဒပြရန် စေလွှတ်လာခဲ့သည်။ ဤသည်က နှစ်ပေါင်း ၅၀ အတွင်း တရုတ်အား ပထမဆုံး နာမည် တပ်ပြီး ဆန္ဒပြလာခဲ့ခြင်း လည်း ဖြစ်သည်။

 

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် မြန်မာ စစ်ခေါင်းဆောင်များ၏ အောက်ဆိုက် ဝင်ငွေ ရရာ ရကြောင်း ဖြစ်လာနေ၍ တရုတ်၏ နှိမ်နှင်းပေးရန် ထပ်တလဲလဲ တောင်းဆိုချက်ကို ဟန်ပြသာ လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

 

ယင်းကို ကြည့်၍ ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နဲလ် မှ နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံရေးသည် မည်မျှ အတိုင်းအတာ အထိ ထိုးဆင်းသွားသည် ကို ထင်ထင်ရှားရှား သရုပ်ဖေါ် လိုက်ခြင်း ပင် ဖြစ်သည်ဟု မှတ်ချက် ချခဲ့သည်။

 

စစ်ကောင်စီ သည် မိတ်ဆွေ ဟူ၍ များများစားစား မရှိသည့် အပြင် တရုတ်ကိုသာ မိတ်‌ ဆွေဟု အခိုင်အမာ လက်ဆုပ် လက်ကိုင် ပြနိုင်‌ နေသည့် အနေအထားအား စိတ်အနှောက်ယှက် ဖြစ်အောင် လုပ်ပြီး ဘရိတ်ဆွဲလာသည့် လုပ်ရပ်သည် သူ့အတွက် အတော်လေး ထူးဆန်းနေသည်ဟု လည်း ပြောခဲ့သည်။

 

တရုတ်၏ ဖွင့်ပြောစရာ မလိုသည့် ထောက်ခံမှု မျိုး ရ၍သာ ထိုးစစ်ကြီး စတင်လာခြင်း ဖြစ်သည်ဟု သူ့အနေနှင့် ယုံကြည်သည်ဟု ဆိုသည်။ စစ်တပ် မည်မျှ အထိ အားပျော့နေပြီလဲ၊ တိုင်းရင်းသား မဟာမိတ် အဖွဲ့ များ မည်မျှအထိ အင်အား တောင့်တင်းနေသည်လဲ ဆိုသည်ကို သွေးတိုးစမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း သူ၏ ထင်မြင်ချက်ကို ပြောပြခဲ့သည်။

 

တရုတ်သည် စစ်ကောင်စီ နှင့် စီးပွားရေး အကျိုး အမြတ် အတွက်သာ ဆက်ဆံနေခြင်း ဖြစ်သည်၊ ဤသည်ကို စစ်ကောင်စီ ကလည်း သိနေ၍ နယ်ခြားမြို့များ နှင့် ကုန်သွယ်ရေး လမ်းကြောင်းကြီးများ အား အာရုံ စိုက် တိုက်ခိုက်လာနေခြင်း ပင် ဖြစ်သည်။ တော်လှန်ရေး မဟာမိတ် များကလည်း စစ်ကောင်စီ၏ အားနည်းချက်ကို သိနေပြီ ဖြစ်၍ မဖြစ်မနေ ခုခံ သွားမည်သာ ဖြစ်သည် မှာ ထင်ရှားလာနေသည်ဟု ဆောင်းပါးက ဆိုသည်။

 

ယာယီ သမ္မတ ကြီး ဒူဝါး လရှီးလ မှ စစ်ကောင်စီ သည် မြန်မာတို့၏ ရှိရင်းစွဲ မျိုးချစ်စိတ် ကို အခွင့် အရေး တရပ် အဖြစ် အသုံးချကာ လူမျိုးရေး အဓိကရုဏ်းများ အဖြစ် ဖန်တီးလာနိုင်သည်ဟု ပြည်သူများအား သတိပေး လိုက်ပြီ ဖြစ်သည်။

 

နယ်ခြား မြို့ကြီး သုံးမြို့ ဖြစ်သော ချင်းရွှေဟော်၊ လောက်ကိုင် နှင့် မူဆယ် မြို့များ အနက် မဟာမိတ် တပ်များသည် ချင်းရွှေဟော်ကို သိမ်း၊ လောက်ကိုင်ကို ဝိုင်းပတ်ထားပြီး မူဆယ် ကုန်သွယ်ရေး ဂိတ်ကို ထိန်းချုပ်ထားနိုင်သည့် အဆင့်တွင် ရှိနေပြီ ဖြစ်သည်။ တရုတ် နှင့် နယ်ခြားကုန်သွယ်ရေး ပမာဏသည် လက်ရှိ ဘဏ္ဍာရေး နှစ်၏ နှစ်ဝက်မှာပင် ဒေါ်လာ နှစ် ဘီလီယံ ခန့် ရှိနေသည်။

 

လက်ရှိ တွင် လောက်ကိုင်အား သိမ်းယူရန် ဝိုင်းပိတ်ထားသော မဟာမိတ် တော်လှန်ရေး တပ်များမှ မြို့နေ လူထု နှင့် ရွှေ့ပြောင်းလုပ်သားများ ထွက်ခွာ နိုင်ရန် လမ်းကြောင်း ဖွင့်ပေးလိုက်၍ သောင်းနှင့် ချီသော လူများ ထွက်ခွာနေကြပြီ ဖြစ်သည်။ (ပုံတွင် ရှု့)

 

ယခုအခါ နယ်ခြားကုန်သွယ်ရေး အတွက် သွားလာရေး ခက်ခဲသော မိုင်းလားကိုသာ အားကိုးနေရပြီ ဖြစ်သည်။

 

ထို့အတွက် စစ်ကောင်စီ အတွက် လက်နက် နှင့် ငွေရရာ ရကြောင်း ဖြစ်နေသည့် လမ်းကြောင်းသည် ပြတ်တောက်လုနီးပါး ဖြစ်လာခဲ့သည်။

 

တဖက်တွင်လည်း တရုတ်သည် ၎င်းတို့ ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းများ ဖြတ်သန်းရာ နယ်မြေများကို တော်လှန်ရေး တပ်ဖွဲ့များ လက်သို့ ကျသွားမည့်အရေး ကို စိုးရိမ်နေသည်။

 

ထိုအရေးကို စစ်ကောင်စီ အနေဖြင့် အကာအကွယ် မပေးနိုင်က တရုတ်-မြန်မာ ဆက်ဆံရေးသည် အကြီး အကျယ် ထိခိုက်သွားနိုင်ပြီး စစ်ကောင်စီ၏ ကျဆုံးခန်းသည် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာတော့မည်ဟု ရှောင် တန်နဲလ်က ဆိုသည်။

 

၎င်းတို့ အကျိုးကို မကာကွယ် နိုင်ဟု ဆိုလျင် ဆက်၍ ထောက်ခံမှု ပေးနေခြင်းသည် မည်သို့မျှ အဓိပ္ပါယ် မရှိ ဖြစ်လာပြီး၊ လောင်းထားသော မြင်း ခြေကျိုးသွားသည့် အဖြစ်မျိုး ကြုံနေရပြီဟု အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။

 

နယူးဝိခ် မဂွဇင်း ပါ သတင်းတွင်တော့ မြန်မာနယ်စပ်တွင် ဟောင်ဝစ်ဇာ အမြှောက်ကြီးများ ချထားသည်ဟု ဖေါ်ပြထားသည်။

 

တရုတ်သည် အပြင်ဗန်းတွင်တော့ ၎င်းတို့၏ ပြည်တွင်းရေး မစွက်ဖက်ရေး မူကို ကိုင်စွဲနေပြီး အင်အား ၇၀၀ ခန့် ပါဝင်သော ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘော တစီး နှင့် ဖရီးဂိတ် စစ်သင်္ဘော တစီးသည် ရန်ကုန် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီး၊ ယင်းသည် နှစ်နိုင်ငံ ပင်လယ်ရေပြင်တွင် ပူးတွဲ စစ်ရေး လေ့ကျင့်ရန် အတွက် ဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုး‌ဇော်ဦး က တရုတ် နှင့် စစ်ကောင်စီသည် တဦးအပေါ် တဦး မရှိမဖြစ် လိုအပ်နေ၍သာ ဆက်ဆံနေကြရခြင်း ဖြစ်ပြီး ယခုအခါ အာဏာသိမ်း အဖွဲ့၏ အရေခွံ ကွာကျသွားပြီ ဖြစ်၍ ၎င်းတို့အား ဆန့်ကျင် တွန်းလှန်‌နေသည့် အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရမည့် အချိန်ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိအနေအထားသည် မြန်မာ၏ ပြည်တွင်းရေးသာ မဟုတ်တော့ပဲ ဒေသတွင်း တည်ငြိမ်ရေး နှင့် လုံခြုံရေးကို ထိခိုက်လာနိုင်စရာ အကြောင်းများ ရှိလာနေပြီဟု မှတ်ချက်ချခဲ့သည်။

 

ထိုသို့ ဖြစ်လာခဲ့ပါက အာဏာသိမ်း အဖွဲသည်သာ တရားခံ ဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့ ငါးဖွဲ့မှ ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး တနိုင်ငံလုံး အနှံ အကြမ်းဖက်မှုများ ကျုးလွန်နေသော အာဏာသိမ်း အဖွဲ့ လက်အောက်မှ အချိန်မီ ပြည်သူ့ဖက်သို့ ကူးပြောင်းလာရန် ဖိတ်ခေါ်လိုက်သည်။ ထိုသို့ ကူးပြောင်းလာသူများအား အသစ် ဖွဲ့စည်း မည့် ဖက်ဒရယ် ပြည်ထောင်စု တွင် လက်ရှိ ရာထူး ဖြင့် ဂုဏ်သိက္ခာရှိရှိ ဆက်လက် ထမ်းဆောင်ခွင့် ပြုမည်ဟုလည်း အာမခံထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!