ကစ်ဆင်ဂျာ ကွယ်လွန်ပြီ

by Hla Soewai - Dec 08 2023

အမေရိကန် နိုင်ငံရေး ပဉ္စလက်လှည့် ကြီး ဖြစ်ခဲ့သူ အသက် တရာ ရှိ ဟင်နရီ ကစ်ဆင်ဂျား သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

  

 

ကစ်ဆင်ဂျားသည် သူဖြစ်ချင်ခဲ့သည့် နေရာမျိုး ရရှိသွားခဲ့ခြင်း မရှိဟု အစချီကာ အီကော်နောမစ် မဂ္ဂဇင်းမှ ယခုလို ရေးသားခဲ့သည်။

 

အမေရိကန် မှ ကမ္ဘောဒီယားကို ကျူးကျော်တိုက်ခိုက်ခဲ့ချိန် ၁၉၇၀ ဇွန်လ အစောပိုင်းတွင် ကစ်ဆင်ဂျားသည် အိမ်ဖြူတော်ရှေ့ လာဖေရက် ပန်းခြံထဲတွင် သူ အမြဲတွေ့နေကျ ငြိမ်းချမ်းရေး လိုလားသူ တဦး ဖြစ်သည့် အသက် ၂၇ နှစ် အရွယ်ရှိ ဘရိုင်ယန် မက်ဒေါနယ် အား လူမသိ‌ သူမသိ သွားရောက် တွေ့ဆုံ စကားစမြည် ပြောခဲ့သည်။ ထိုသို့ တွေ့ဆုံခဲ့မှုသည် စစ်ပွဲကို အပြင်းအထန် ဆန့်ကျင်နေသူများအား ဖျောင်းဖြနားချ နိုင်ရန် ကြိုးပမ်းနေမှု၏ တစိတ် တပိုင်း အဖြစ် ပါဝင်ခဲ့သည်။

 

ကစ်ဆင်ဂျာသည် အခြား သူ့အား ဝေဖန်နေသူများ ကဲ့သို့ပင် ဘရိုင်ယန်ကိုလည်း နားဝင်အောင် မပြောနိုင်ခဲ့၊ သို့သော် သူတို့ နှစ်ဦး အဆက်အသွယ် မပြတ် ဆက်ရှိနေခဲ့သည်။ အမျိုးသား လုံခြုံ‌ ရေး အကြံ‌ ပေး ဖြစ်သူ နှင့် ဆံရှည်ကိုယ်‌ တော် ဘရိုင်ယန် တို့ မကြာခဏ ဆိုသလို တွေ့ဆုံပြီး စစ်ပွဲ မှသည် ကန့် ၏ တွေးခေါ်မျှော်မြင်မှု သဘောတရားများ ပါ မကျန် ဆွေးနွေး ပြောဆိုနေကြချိန်တွင် သမ္မတ နစ်ဆင်သည် အိမ်ဖြူတော်၏ အနောက်ဖက် ဆောင်တွင် သုန်သုန် မှုန်မှုန် မျက်နှာပေး နှင့် ထိုင်နေချိန်မျိုးလည်း ဖြစ်သည်။

 

ကစ်ဆင်ဂျာသည် သူ့အား ဝေဖန်နေသူများ ကို သဘောပေါက် အောင် ပြောနိုင်လိမ့်မည်ဟူသော သူ၏ ယုံကြည်မှုကို တခါဖူးမျှ စွန့်လွှတ်ခဲ့ခြင်း မရှိပေ၊ ဘရိုင်ယန် နှင့် ပြောဆိုခဲ့မှု ကိုပင် တဦး နှင့် တဦး အပြန်အလှန် နားမလည် ဖြစ်နေမှု အကြား ယာယီ တံတား တခု ဆောက်နိုင်ခဲ့မှု ဟု ပြောဆိုခဲ့သည်။

 

ထိုသို့ ဝေဖန်နေသူများ ထဲတွင် ကမ္ဘာတွင် ဩဇာ တက္ကိမ ရှိသူများ၊ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲလာ ထိတ်တန်း သတင်းထောက်များသာမက ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးများ နှင့် အလှမ်းဝေးသည့် ဘရိုင်ယန် လို ဆံရှည်ကိုယ်တော် ငြိမ်းချမ်း ရေး သမား များကိုပင် ထည့်သွင်းထားသူ ဖြစ်သည်။

 

သူသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီ ဂျာမဏီ ပြည်တွင် ဂျူးတယောက် အဖြစ် အပယ်ခံ ဘဝ နှင့် လူဖြစ် ကြီးပြင်းခဲ့သူ ဖြစ်သည်။ နာဇီများက ဂျုး ဖြစ်နေသည် ဆိုသော အကြောင်းပြချက်ဖြင့် ဖခင် ဖြစ်သူအား အထက်တန်းပြ ကျောင်းဆရာ အလုပ်မှ ထုတ်ပယ်ခံခဲ့ရချိန်တွင်တော့ မိခင် ဖြစ်သူသည် "ဟစ်တလာ တိုင်းပြည်" တွင် သူ၏ ကလေးများ အတွက် အနာဂတ် မရှိတော့ ဆိုသည်ကို စောစီးစွာ သဘောပေါက် လာခဲ့သည်။

 

မိသားစု နှင့် အတူ အမေရိကားသို့ ထွက်ပြေးလာခဲ့သော ထိုစဉ်က ဟိန်းဇ် ခေါ် ကစ်ဆင်ဂျားသည် ဆယ့်ငါးနှစ် အရွယ်သာ ရှိပေသေးသည်။ သူသည် ညီငယ် ဖြစ်သူ ဝေါ်လ်ဝာာ ကဲ့သို့ ဂျာမန် လေယူလေသိမ်း ပျောက်အောင် တခါဖူးမျှ အားထုတ်ခဲ့ခြင်း မရှိသူ ဖြစ်သည်။

 

သူ့အား ဝေဖန်သူများကပင် ထက်မြက်သော ဉီးနှောက် ပိုင်ရှင် ဖြစ်သည်ဟု ဝန်ခံ ပြောဆိုခဲ့ကြရသည်။ သူ၏ ဘွဲ့ယူ စာတမ်းသည် ၃၈၃ မျက်နှာအထိ ရှိအောင် ရှည်လျား ထွေပြားလွန်းနေသဖြင့် နောက်ပိုင်းတွင် ဟားဗတ် တက္ကသိုလ် မှ ထို ပမာဏ၏ တဝက် ထက် မများစေရ ဆိုကာ Kissinger Rule အဖြစ် သတ်မှတ်ပေးခဲ့ရသည်။

 

သူ၏ စာတမ်းသည် နပိုလီယန် အရေးနိမ့်သွားပြီးနောက် ဥရောပ တွင် တည်ငြိမ်မှု ရရှိအောင် သံတမန်ရေး ဖြင့် ထိန်းပေး နိုင်ခဲ့ပုံ ကို ဆန်းစစ် သုံးသပ်ပြသည့် အကြောင်း ဖြစ်သည်။

 

ဆယ့်ငါးနှစ် အကြာတွင် နစ်ဆင်၏ အစိုးရ အဖွဲ့ထဲ ရောက်လာခဲ့သည်။ ဆယ့်ကိုးရာစု နှစ် အတွင်း အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့သူ ကာဆယ်ရီး နှင့် ဩစတီယား အင်ပိုင်ယာ ၏ ပြည်ထဲရေး ဝန်ကြီး မက်တာနစ်ခ်ျ တို့၏ အတွေးအခေါ် များကို လေ့လာခဲ့ခြင်းကြောင့် အမေရိကန် နှင့် ဆိုဗီယက် ယူနီယံ တို့၏ တဦး ပေါ် တဦး အသာစီးရရန် အကြိတ်အနယ် လုံးပမ်းနေသည့် ရည်မှန်းချက်ကို ကောင်းစွာ ဖမ်းဆုပ်နိုင်ခဲ့သည်။

 

သူသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားဝင် သတ်မှတ်ထားသော လုပ်ငန်း ဘောင် ပြင်ပမှ လုပ်ကိုင်တတ်သူ မျိုး ဖြစ်သည်။ အမေရိကန် ၏ သံတမန်ရေး လမ်းကြောင်းသည် တီထွင် ဖန်တီးမှု မရှိ ဖန်တရာတေ‌ အောင် သုံး‌ နေ၍ အားအင် ကုန်ခန်းသလောက် ဖြစ်နေပြီဟု ယူဆခဲ့၍လည်း ဖြစ်သည်။

 

ဆရာသမား ဖြစ်သူ နစ်ဆင်သည်လည်း လူမသိ သူမသိ ကြံရသည်ကို အကြိုက်‌ တွေ့သူ ဖြစ်၍လည်း ရုရှား၊ တရုတ် အပါအဝင် လူတိုင်းနီးပါး နှင့် ကန်လန့်ကာ နောက်ကွယ်မှ သူ၏ လှုပ်ရှားမှုများကို သဘော‌ ခွေ့ လာခဲ့သည်။

 

အမှု ကြီးသည် ငယ်သည် ဖြစ်စေ သူ၏ လှည့်ဖျားတတ်မှု သည် အသုံးတည့်ခဲ့သည် ခြည်းသာ ဖြစ်သည်။ သူ၏ အဖွဲ့သားများက အိမ်ဖြူတော်တွင် ထမင်း စားခွင့် မရသည့် အဖြစ်ကို မကျေမနပ် ပြောလာသည့် အခါ ထိုသို့ ဖြစ်ရခြင်းသည် အိမ်ဖြူတော် ဝန်ထမ်း အကြီးအကဲ၏ အပြစ်ဟု လှီးလွှဲ ပြောခဲ့သည်၊ တကယ်တမ်းတွင် ထိုသို့ ညစာ စားခွင့် မပေးခဲ့ခြင်းသည် သူ၏ အိုင်ဒီယာသာ ဖြစ်သည်။ သူ၏ အမျိုးသား လုံခြုံ‌ ရေး အဖွဲ့ဝင်များ နေ့လည်စာ စားရင်းသောက်ရင်း အခြား လူများ နှင့် ရောနှောမိသွားပြီး အဆက်အသွယ်များ ရသွားမည့် အရေးကို မလိုလားသောကြောင့် ဖြစ်သည်။

 

မျက်နှာပြောင်တိုက်ပြီး လိမ်ရမည့် အရေးနှင့် ကြုံလာလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်သူမျိုးလည်း ဖြစ်၍ သူနှင့် စကား စစ်ထိုးနေကျ အစ္စရေး ဝန်ကြီးချုပ် ရှီမွန် ပီးယက်ဇ် မှ "သူမြင်ဖူးသမျှ ထဲတွင် စကားကို ဖြောင့်‌ ဖြောင့်တန်းတန်း ပြောဖို့ ဝန်အလေးဆုံး လူစား" ဟု ပြောခဲ့ဖူးသည်။

 

သူသည် ကာဆယ်ရီး ကဲ့သို့ ကိုယ့်ကိုကိုယ် ယုံကြည်ထားမှု ပျောက်ဆုံးစေတတ်သည့် ထောင်ချောက်မျိုးထဲ ခေါင်းတိုး မဝင်မိစေရန် သတိထားတတ်သူ ဖြစ်သည်။ သူ၏ သုံးအုပ်တွဲ ကိုယ်ရေး အထုပ္ပတ္တိသည် သူ၏ အောင်မြင်မှု များ ကို ပြည့်စုံအောင် ‌ဖေါ်ပြနိုင်စွမ်း မရှိဟု ဆိုကာ စာရေးသူ ဝေါ်လ်တာ အိုင်စက်ကွန် နှင့် အတော်ကြာကြာ စကားမပြောပဲ နေခဲ့ဖူးသည်။

 

လက်ထောက် အတော်များများလည်း သူနှင့် လမ်းခွဲခဲ့ကြသော်လည်း အများအပြားလည်း သူနှင့် သစ္စာရှိစွာ မခွဲမခွာ ရှိနေခဲ့သည်၊ ထိုသို့ ရှိနေခြင်းမှာလည်း ကြုံလာရသည့် အရေးကြီးသော ပြဿနာများ တွင် သူတို့၏ အမြင်ကို ပြောခွင့်ပေးထားခဲ့‌ခြင်းကြောင့်ပင် ဖြစ်သည်။

 

သူ့အဖို့ အရေးကြီးဆုံး ကြုံလာရသည့် ပြဿနာကား ဗီယက်နမ် စစ်ပွဲ၏ အပျက်အစီး ပုံများအကြားတွင် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒကို ပြန်လည် တည့်မတ်ပေးရန် လိုအပ်လာချိန်တွင် ဖြစ်သည်။

 

၁၉၇၂ တွင် အမေရိကန် သည် အခြေအနေ မလှ ဖြစ်လာခဲ့သည်၊ နိုင်ငံတကာ အလယ်တွင် အရှက်တကွဲ အကျိူနည်း ဖြစ်လာခဲ့ပြီး၊ ပြည်တွင်းတွင်လည်း အကွဲကွဲ အပြားပြား ဖြစ်နေပြန်သည်။ ကစ်ဆင်ဂျားသည် တရုတ် နှင့် ဆိုဗီယက်အကြား ရန်စောင်နေမှု များ မြင့်တက်လာနေသည်ကို အခွင့်အရေး တရပ် အဖြစ် အသုံးချပြီး မျှခြေတခု အသစ် ဖန်တီး နိုင်မှသာ နှစ်ဖက် စလုံးက ၎င်းတို့၏ အနေအထား မြှင့်တင် လာနိုင်ရန် အမေရိကန် ဖက် လှည့်လာကြလိမ့်မည်ဟု တွက်ဆလာခဲ့သည်။

 

ဤသို့ဖြင့် အစ္စရေး နှင့် အီဂျစ် အကြား လွန်းပျံ ခရီးစဉ် စတင်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ဆိုဗီယက် ၏ နေရာတွင် အမေရိကန် တို့ ဝင်ရောက်နေရာယူနိုင်ရန် လုံးပမ်းလာခဲ့သည်။ သူ တစိုက်မတ်မတ် ကိုးကွယ်ခဲ့သော ဆယ်ကိုးရာစုနှစ် သူရဲကောင်းကြီးများ၏ နိုင်ငံရေး ပစ္စလက် အတတ်ကို ထိုက်ထိုက်တန်တန် အသုံးချနိုင်ခွင့် ရသွားခဲ့ခြင်းပင် ဖြစ်သည်။ အရာရာတိုင်းသည် အမေရိကန် ကို မျက်နှာ သာ မပေး ဖြစ်နေချိန်တွင် သူ့ကြောင့် အန်ကယ် ဆမ် သည် ဒရိုင်ဘာ ထိုင်ခုံတွင် နေရာ ပြန်ယူခွင့် ရသွားခဲ့သည်။ 

 

သူသည် ထို့အတွက် ကျေးဇူးတင် ခံခဲ့ရသလားဟု မေးစရာ ရှိလာသည်။ သူ့အပေါ် သံသယ ရှိသူများ နှင့် ပညာရှင်များက အမေရိကန် မူ များ နှင့် လူ တသန်းခန့်၏ အသက်များ ဖြင့် ရင်းခဲ့ခြင်းဟု ပြောခဲ့ကြသည်။ အမေရိကန် အား အများ၏ "ယုံကြည် ကိုးစားမှု' ရရန် အတွက် ဗီယက်နမ် စစ်ကို ဆက်၍ ဆင်နွှဲခဲ့ယုံမက ကမ္ဘောဒီယား နှင့် လာအို ကိုပါ ကျူးကျော် တိုက်ခိုက်စေခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ် ဟု ဖြစ်လာမည့် အရှေ့-အနောက် ပါကစ္စတန် စစ်ပွဲကြီး တွင် လူမျိုးတုံး သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့သည်ကိုပင် ကောင်းချီးပေးခဲ့သည်။ ပါကစ္စတန် သည် ထိုအချိန်က တရုတ် နှင့် ပေါင်း၍ သူ့အား အကူအညီ ပေးနေခြင်းကြောင့်ပင် ဖြစ်သည်။

 

ချီလီတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းပွဲ နှင့် လုပ်ကြံ သတ်ဖြတ်မှုများ၊ အင်ဂိုလာတွင် ဖြစ်ပွားခဲ့သော ပုန်ကန် ထကြွလာမှု များ ကို အကွက်ချ စီစဉ်ခဲ့သူလည်း ဖြစ်သည်။ ထိုသို့ မလုပ်က နိုင်ငံများသည် ဆိုဗီယက် တို့၏ အကြံအစည်များ ကြောင့် ဒိုမီနို အချပ်များလို တခုပြီး တခု ပြိုလဲလိုက်လာမည်ဟု ယုံကြည်ခဲ့၍လည်း ဖြစ်သည်။

 

၁၉၇၃ ခုနှစ် အတွက် နိုဘဲလ် ဆု ချီးမြှင့်ခံရချိန်တွင် ဗြိတိသျှ သတင်းစာ ဆရာ ခရစ္စတိုဖာ ဟစ်ချင်းစ် မှ နိုဘဲလ်ဆု အစား စစ်ရာဇဝတ်မှုများ နှင့် ခုံရုံးတင်သင့်သည်ဟု ပြောခဲ့ဖူးသည်။

 

ထိုသို့သော အပြောများက လူနည်းစု ထံမှသာ ဖြစ်သည်ဟု သူ့ကိုယ်သူ ပြန်နှစ်သိမ့်ခဲ့သည်။

 

အသက် အရွယ် ရလာသည့် အခါ သူ့အပေါ် ဝေဖန်မှုများက ပို၍ ကျယ်လောင်လာခဲ့သည်။ အမေရိကန် ၏ လွတ်လပ်ခွင့်ကို မြတ်နိုးမှု၊ ပြန်လည် ရုန်းထနိုင်စွမ်း တို့ကို နိုင်ငံရေး လက်တွေ့ဝါဒ နှင့် စတေး ပစ်ခဲ့သည်ဟု ပြောလာကြသော်လည်း သူ၏ အန္တိမ ရည်မှန်းချက်သည် သူ့အား ဂျာမဏီပြည်မှ အပြီးအပိုင် မောင်းထုတ်ပစ်စေခဲ့သည့် ကမ္ဘာစစ်ကြီးမျိုး ထပ်မံ မပေါ်ပေါက်ရန် မည်သို့ပင် လုပ်ရ လုပ်ရ ဝန်မလေး ဆိုသည်ကို ထိုသို့ ဝေဖန်နေသူ တဦးတလေကမျှ သဘောပေါက်ခဲ့ကြခြင်း မရှိပေ။

 

ထို့အတွက်ကြောင့်လည်း အမေရိကန် အစိုးရ အဖွဲ့တွင် သူ ပါဝင်ခဲ့သည့် ၁၉၆၉-၇၇ ကာလများ တွင် သံခင်းတမန်ခင်း များ အကြီးအကျယ် ထကြွ လှုပ်ရှားခဲ့သည့် အချိန်များ ဖြစ်လာခဲ့သည်။ အပြင်လောက သို့ ရောက်သွားချိန်တွင်တော့ ကစ်ဆင်ဂျာ နိုင်ငံခြားရေး မူဝါဒ ယန္တရားကြီး ကျန်ရစ်ခဲ့ခြင်း မရှိတော့၊ အထင်ကရ နိုင်ငံရေး ပုဂ္ဂိုလ်ကြီး အဖြစ် အများသူငါလို ငွေ အမြောက်အမြား ရရှိလာခဲ့သည်။

 

တရုတ်ပြည်တွင် သူသည် ဆူပါစတား တယောက် ဖြစ်လာခဲ့သည်။ အသက် ၉၀ ကျော်လာချိန်တွင် ခေါင်းဆောင်မှု အရည်အသွေး၊ ဉာဏ်ရည်တု ၏ အန္တရာယ်များ အကြောင်း စာအုပ်များ ရေးသားခဲ့သည်။ လူသားတို့၏ အသိဉာဏ် ပွင့်လင်းမှု အဆုံးသတ်သွားမည့် အရေးကို စိုးရိမ် ပူပန်လာခဲ့သည်။ သူကိုယ်သူလည်း လူယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်ပေးမည့် အမျှော်အမြင်ရှိသူ တဦး ဟုလည်း မှတ်ယူခဲ့သည်။

 

သို့သော် သူ အမှန်တကယ် တောင့်တခဲ့သည့် အမေရိကန် ဩဇာအာဏာ ဖြစ်တည်ရာ သီးသန့် အတွင်းစည်းဝိုင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိ ပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

 

(ပုံတွင် တရုတ်ပြည်သို့ လျို့ဝှက်သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း ဝန်ကြီးချုပ် ချုအင်လိုင်း နှင့် တွေ့ဆုံခဲ့စဉ်)

 

(၂၀၂၃ နိုဝင်ဘာ ၂၃ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Henry Kissinger never quite belonged where he wanted to be" ဆောင်းပါးကို ပြန်လည် တင်ပြခြင်း ဖြစ်သည်။)