မြန်မာ စစ်တပ် ပြိုလဲသွားနိုင်မှု အပေါ် အမေရိကန် နှင့် အင်အားကြီး နိုင်ငံများ အဆင်သင့် ဖြစ်ပြီလော

by Hla Soewai - Dec 08 2023

အဆိုပါ ခေါင်းစဉ် ဖြင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ အပေါ် ဩဇာ သက်ရောက်မှု ရှိသည့် Council on Foreign Relations အဖွဲ့ကြီးမှ အထက်ပါ ခေါင်းစဉ် ဖြင့် မေးခွန်းထုတ်လာခဲ့ပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ် များ အတွင်း မြန်မာ စစ်တပ်သည် တိုင်းရင်းသား လူနည်းစု တပ်များ နှင့်ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့များ နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် အကြီးအကျယ် အရေးနိမ့်ကာ နယ်မြေ အမြောက်အမြား လက်လွှတ်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

 

ပျက်စီးခြင်း ငါးပါးကို ဦးတည်စေခဲ့သည့် အာဏာသိမ်းခဲ့မှု နောက်ပိုင်းတွင် နှစ် နှစ်ခွဲကြာမျှ လူထု၏ လက်နက်စွဲကိုင် တော်လှန်မှု နှင့် ရင်ဆိုင်နေခဲ့ရပြီး ယခု အခါ စစ်တပ်သည် အားပျော့လာနေပုံရပြီး ချေမှုန်းခံရမည့် အလားအလာများ တွေ့လာနေရသည်။

 

ထိုမျှ အထိ အခြေအနေ ဆိုးဝါးလာနေမှု ကြောင့် ၎င်းတို့ တင်မြှောက်ထားသည့် ယာယီ သမ္မတ မှပင် လွတ်လွတ် လပ်လပ် ပြောခွင့် မရသည့် အနေအထားကြားမှပင် မအောင့်အီး နိုင်တော့ပဲ နိုင်ငံသည် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားနိုင်သည်ဟု သတိပေး လာခဲ့ရသည့် အထိ ဖြစ်လာသည်။

 

စစ်တပ်သည် နည်းလမ်းပေါင်းစုံဖြင့် ကျဆုံးလာနေပြန်သည်။ စစ်တပ်ဖက်မှ ဘက်ပြောင်းလာသူ အရေ အတွက် များသည်ထက် များလာနေသည်။ အင်အား ချို့တဲ့လာနေ၍ ကျေးရွာများ အပေါ် ဗုံးများ ကြဲချ တုန့်ပြန်နေရသည်၊ ထိုနည်းဗျူဟာ မျိုး ဖြင့် ဆုံးရှုံးသွားသော နယ်မြေများ တွင် မည်သို့မျှ ပြန်လည် စိုးမိုးနိုင်ခြေ မရှိတော့ပေ။ လူထု ၏ ဒေါသ ကို ဆွပေးသလို သာ ရှိမည် ဖြစ်၍ တော်လှန်ရေး အဖွဲ့များ နှင့် ပို၍ ပူးပေါင်းလာကြဖို့သာ ရှိပေသည်။

 

နောက်ထပ် အကြောင်းတခုက စစ်တပ် သုံးနေသော ရုရှား တိုက်လေယာဉ် သုံး ပစ္စည်းများ ခမ်းခြောက်လာနေခြင်းပင် ဖြစ်သည်။ ရုရှားသည် သူ့အတွက် ချန်ထားရ၍ အပိုပစ္စည်းများ မထောက်ပံ့ နိုင်တော့ပေ။ ထို့အတွက် စစ်ကောင်စီသည် လက်နက်များ ရရာ ရကြောင်း မြောက်ကိုရီယားဖက် လှည့်လာနေသည်ကို ကြည့်က ကြံရာမရ ဖြစ်လာနေသည်ကို ပြဆိုနေခြင်းလည်း ဖြစ်သည်။

 

စစ်တပ်၏ ဘဏ္ဍာရေး အခြေအနေကို အနီးကပ် လေ့လာ စောင့်ကြည့်နေသူများ အဆိုအရ အားလုံး ထင်ထားသည်ထက် ပင် ပိုဆိုးနေပြီး ဒေဝါလီ ခံရလုနီးနီး ဖြစ်လာနေပြီဟု သိရသည်။ ထိတ်တန်း ဗိုလ်ချုပ်ကြီး တဦးကိုပင် လာဘ်စားမှု ဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးလည်း ဖြစ်သည်။

 

စစ်တပ်သည် အတွင်းမှ နေ သူ့အလိုလို ပြိုလဲသွားနိုင်သည့် အလားအလာများလည်း ရှိနေသည်။ အငယ်တန်း စစ်အရာရှိများသည် မင်းအောင်လှိုင်၏ စစ်ကို စီမံခန့်ခွဲနေမှု အပေါ် အတော်ကို မကျေမနပ် ဖြစ်နေကြသည်။ ထို့အတွက် နောက်ထပ် အာဏာ သိမ်းပွဲ တခု မပေါ်ပေါက်နိုင်ဟု သေချာပေါက် မပြောနိုင်တော့သည့် အခြေအနေ ဆိုက်လာနေသည်။ ထိုသို့ ဖြစ်လာမည် ဆိုက စစ်တပ်သည် ပို၍ပင် အခြေ အနေ ဆိုးသွားနိုင်ပြီး ဗုံးဗုံးလဲကျ သွားနိုင်ပေသည်။

 

ဝါရင့် မြန်မာ စစ်ရေး သုံးသပ်သူ အန်တော်နီ ဒေးဗီစ် မှ အေရှား တိုင်း စာစောင်တွင် ရေးသားထားရာတွင် စစ်တပ်သည် မြောက်ပိုင်းကို တန်ပြန် ထိုးစစ်ကြီး ဆင်နွှဲ ခဲ့မည်ဆိုက စစ်အင်အား အလုံအလောက် မသုံး နိုင်တော့၍ တော်လှန်ရေး တပ်များ အခြား

နေရာ များသို့ ဝင်ရောက် တိုက်ခိုက် လာအောင် ဟ ပေးလိုက် သလို ဖြစ်သွားလိမ့်မည်၊ ထို့အပြင် ရှမ်း‌‌ မြောက်သို့ စစ်ချီလာသော တပ်များသည် လည်း ပျောက်ကျားစစ်ဖြင့် ချေမှုန်းခံရဖို့သာ ရှိသည်ဟု ဖေါ်ပြထားသည်။

 

စစ်တပ်သည် နေပြည်တော် အပါအဝင် အဓိက မြို့ကြီးများကို ကာကွယ်ရန် ပြန်ရုပ်သိမ်းမည် ဆိုပါကလည်း စိတ်ဓါတ် များ အကြီးအကျယ် ကျဆင်းသွားနိုင်ပေသည်။ အင်အား တောင့်တင်းလှပါသည် ဟု ယူဆ ခံထားရသည့် စစ်တပ်သည် ယခုအခါ ကသော ကမျော ဆုတ်ခွာနေရပြီဟု ယူဆစရာ ဖြစ်လာပေတော့မည်။

 

ယခုအခါ စစ်တပ်သည် အလျှင်အမြန် အရေးနိမ့်လိုက်လာနေပြီ ဆိုသည့် အချက်ကို လက်ခံရတော့မည့် အချိန်ရောက်လာပြီ ဖြစ်သည်။ စစ်တပ် အတွင်း အာဏာသိမ်းမှု ဖြစ်ပွားခြင်း၊ တော်လှန်ရေး အဖွဲ့များက ဒီထက် ပို၍ အောင်ပွဲများ အကြီးအကျယ် ရရှိလာခြင်း များ ဖြစ်လာပါက စစ်တပ်သည် အခြားနိုင်ငံများ ကဲ့သို့ပင် ကွဲထွက်သွားမည် ဖြစ်သည်။

 

ထိုအခြေအနေကို အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်များ မကိုင်တွယ် နိုင်ခဲ့လျှင် နိုင်ငံသည် အုပ်စုငယ်များ ကွဲကာ ပြိုကွဲသွားနိုင်ပြီး၊ ဘုံရန်သူလည်း မရှိတော့၍ အချင်းချင်း ပြန်တိုက်လာမည့် အနေအထား ရောက်လာနိုင်ပေသည်။ တိုင်းပြည်သည်လည်း ကသောင်းကနင်း ဖြစ်ကာ မီးဟုန်းဟုန်းတောက်လာနိုင်ပေသည်။

 

အမေရိကန် အရာရှိ အတော်များများက စစ်တပ်သည် ပြိုလဲ မသွားနိုင်ဟု ယုံကြည်နေကြဆဲပင် ဖြစ်သည်။ နောက်ဆုံးတွင် စစ်တပ်သည် တော်လှန်ရေး အဖွဲ့များ နှင့် စေ့စပ် ဆွေး‌ နွေးပြီး လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားလာကြလိမ့်မည်သာ ဖြစ်သည်ဟု တွက်ဆနေကြသည်။

 

သို့သော် တော်လှန်ရေး အဖွဲ့များ အောင်ပွဲ အလီလီ ရလာနေချိန်တွင် မည်သည့် အကြောင်းနှင့်မျှ စေ့စပ် ‌ ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာစရာ အကြောင်း မရှိပေ။ စစ်တပ်သည်လည်း ပို၍ ချိနဲ့လာပြီး အတွင်းတွင် အက်ကွဲကြောင်းများ ထလာနေမည်လည်း ဖြစ်သည်။

 

သို့သော် စစ်တပ် ပြိုလဲသွားခဲ့လျှင် မြန်မာ ပြည်သူများကို မည်သို့ အကူအညီ ပေးရမည်၊ အနာဂတ် ဖက်ဒရယ် ဒီမိုက‌‌ ရေစီ နိုင်ငံ‌ တော် တည်ဆောက် ရေး အတွက် ရှိရမည့် လုပ်ငန်း ဘောင်များ ကူညီ ချမှတ်‌ ပေးရမည် ဆိုသည်တို့နှင့် ပတ်သက်ပြီး ပြင်ဆင်ထားသည်မျိုး အမေရိကန် အစိုးရ တွင် မရှိသလောက် ဟု ဆိုရမည် ဖြစ်သည်။

 

ထိုသို့ ပြင်ဆင်ထားမှုမျိုး ယခုကတည်းက စထားသင့်ပြီ ဖြစ်သည်။ စစ်တပ် ပြိုလဲသွားမှ လုပ်မည် ဆိုလျှင် အချိန်သည် ကိုယ့်ဖက်တွင် မရှိတော့၊ နကိုယ်ကတည်းက စီးပွားရေးသည် ပြိုလဲ ပျက်စီးနေပြီ ဖြစ်သည့်အပြင် အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်ရန် အားလုံးနှင့် အဆင်ပြေ အောင် ညှိပေးနိုင်မည့် ခေါင်းဆောင်ဟူ၍လည်း NUG ထဲတွင် ပင် ရှားပါးနေပေသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းစစ် ကာလ တလျှောက်လုံး အကျဉ်းထောင်ထဲတွင် ရှိနေခဲ့သည်။ သူမ၏ နိုငိငံရေး အယူအဆများ နှင့် ဂုဏ် အရှိန် အဝါအား NUG အတွင်းရှိ တက်သစ်စ များ နှင့် အခြား တော်လှန်ရေး အုပ်စုများက ရှောင်ကွင်း သွားနိုင်ကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!