၁၀၂၇ သန္ဓေတည်လာခဲ့ပုံ

by Hla Soewai - Dec 08 2023

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့၏ ပြောခွင့်ရ လီကျားဝန် မှ သည် မြောက်ပိုင်း တွင်သာ မက စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည့် စစ်ဆင်ရေး ဟု ဖြစ်ပြီး အားပျော့နေပြီ ဖြစ်သော စစ်ကောင်စီ နှင့် ဆွေးနွေးညှိနှိုင်းစရာ အကြောင်း မရှိဟု ဆိုသည်။

 

စစ်တပ်သည် ယခုအခါ ဆုံးရှုံးသွားသော နယ်မြေများ ပြန်ရရန် ထိုးစစ်ဆင်နိုင်ဖို့ လုံလောက်သည့် အင်အား မရှိတော့ပဲ လေကြောင်း ကိုသာ အားကိုး၍ ရှေ့သို့ တိုးမလာနိုင်ရန် ခံစစ် အနေအထား ဖြင့် တိုက်ခိုက်နေရပြီ ဆိုသည်က အားလုံး အသိပင် ဖြစ်သည်။ စစ်ကောင်စီ လက်အောက်ခံ တပ်များသည်လည်း ၎င်းတို့၏ ကျဆင်းနေသော စိတ်ဓါတ်များ ပြန်လည် မြှင့်တင်ပေးနိုင်မည့် အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်ကောင်း မည်သည့် အချိန်များ ထွက်ပေါ်လာလေမည်နည်းဟု စောင့်ဆိုင်းရင်း စခန်းများ တခုပြီး တခု လက်လွှတ်ဆုံးရှုံး လိုက်လာနေယုံမက တပ်ရင်းလိုက်ပင် ပြုတ်ပြုတ်ပြုံး သည့် အနေအထားများ နှင့် ရင်ဆိုင်နေကြရသည်။ ၎င်းတို့ စိတ်ထဲတွင်လည်း လက်ရှိ စစ်ခေါင်းဆောင်သည် တကယ်တမ်း တွင် “အနူတော လူချော” လုပ်နေသူပါကလားဟု သိမြင်လာပြီး ပါးရည်နပ်ရည် ရှိသူများက လက်နက်ချ ဘက်ပြောင်းမှု များ ပြုလုပ်လာကြပြီ ဖြစ်သည်။

 

ထိုကဲ့သို့ စစ်ရေး အရ အကြီးအကျယ် အရေးနိမ့်သွားမှု အား စစ်ခေါင်းဆောင်များက တရုတ်မှ နောက်ကွယ်မှ ကူညီနေ၍ ဟု လှီးလွှဲပြောဆိုလာကြသော်လည်း ယင်းသည် အဓိက အချက် မဟုတ်ဟု ဝါရှင်တန် ဒီစီ ရှိ ဝီလ်ဆန် စင်တာ မှ သုတေသီ ကိုရဲမျိုးဟိန်း မှ အတွင်းကျကျ လေ့လာပြီး ဧရာဝတီ တွင် ယခုလို ရေးသား တင်ပြလာခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေး ကြီး အကောင်အထည် ပေါ်လာရန် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ယမန်နှစ်ကတည်းက စတင်ပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသို့ နိုင်ငံ အနှံ့ စစ်ဆင်ရေး ကြီး ဆင်နွှဲနိုင်ရန် တိုင်းရင်းသားများ နှင့် လက်တွဲ အကောင်အထည် ဖေါ် နိုင်ရေး အတွက် C3C ခေါ် ဗဟို ကွပ်ကဲရေး နှင့် ညှိနှိုင်းရေး ကော်မတီ၊ J2C ခေါ် ပူးတွဲ ကွပ်ကဲ ညှိနှိုင်း ရေး ကော်မတီ များ အသီးသီး ဖွဲ့စည်း လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် တိုင်းရင်းသား တပ်မတော်များ နှင့် ဆက်သွယ် ဆောင်ရွက်ရန် မဟာမိတ် ဆက်ဆံရေး ကော်မတီ တရပ် ARC အား လည်း ဖွဲ့စည်း ထားခဲ့ပြီး ဖြစ်သည်။ ထိုကော်မတီ သည် သီးခြားရပ်တည်နေသည့် မဟာမိတ် ညီနောင်များ နှင့် အဓိက ဆက်သွယ်နိုင်ရန် အတွက် ဖြစ်သည်။ ထိုအဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် ကို စစ်သင်တန်းများ ပို့ချပေးခဲ့သည့် အဖွဲ့များ လည်း ဖြစ်သည်။

 

NUG နှင့် ညီနောင် သုံးဖေါ် အကြား ပူးတွဲ အကောင်အထည် ဖေါ်နိုင်မည့် စစ်ရေး မဟာဗျုဟာ တရပ် ချမှတ် နိုင်ရန် ၂၀၂၃ အစော ပိုင်း တွင် စတင်လာခဲ့သည်၊ ဤသည်ကလည်း ညီနောင် သုံးဖေါ်များ အဖွဲ့မှ တော်လှန်ရေး အင်အားစုများအား ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည့် အချိန်လည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်သည် ညီနောင် သုံးဖေါ် အဖွဲ့နှင့် ပူးတွဲ မဟာဗျူဟာ ချမှတ် နိုင်ရန် ရှမ်းမြောက် ဒေသ သို့ ရောက်ရှိလာခဲ့ပြီး လပေါင်းများစွာ တိုင် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု အတွင်း သတင်းများ အရ သိခဲ့ရသည်။ ထို့ပြင် ဗမာ ပြည်သူ လွတ်မြောက်ရေး တပ် (BPLA)၊ ပြည်သူ လွတ်မြောက်‌ရေး တပ် (PLA) ကလည်း ထိုသို့ မဟာဗျုဟာ တရပ် ဖေါ်ဆောင်နိုင်ရန် အဓိက အခန်းမှ ပါဝင်လာခဲ့ကြသည်။

 

၁၀၂၇ စစ်ဆင်ရေး အား တနှစ်ကျော် အချိန်ယူ ပြင်ဆင်ခဲ့ရသည်။ MNDAA သည် NUG လက်အောက်ခံ PDF များ၊ AA, TNLA, KNDF, အခြား ဗမာ အမျိုးသား လက်နက်ကိုင် တပ်များ ဖြစ်သော BPLA, PLA တပ်များ မှ အင်အားများ ထုတ်နှုတ်ပြီး လက်နက်အပြည့်အစုံ တပ်ဆင်ပေးကာ တပ်ရင်း ၆၁၁ ကို ဖွဲ့စည်းလိုက်သည်။

 

ထိုတပ်ရင်းအား လားရှိုး-မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင် ကြား စစ်တပ်၏ မဟာဗျုဟာကျသော လမ်း များကို ပိတ်ဆို့နိုင်ရန် ဖြန့်ကျက်ချထားလာခဲ့သည်။ နိုင်ငံ၏ အခြား ဒေသများရှိ တော်လှန်ရေး အင်အားစုများ၏ ဒရုန်း ပညာရှင်များလည်း ၂၀၂၂ ကတည်းက ရောက်ရှိလာကြပြီ ဖြစ်သည်။

 

၁၀၂၇ စစ်ဆင်ရေးသည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်ပင်ခြင်း မရှိပဲ ညီနောင် မဟာမိတ် အဖွဲ့က ၎င်းတို့ သဘော နှင့် ၎င်းတို့ စတင်ခဲ့ခြင်း ဆိုသည့် သေချာကျနစွာ လေ့လာခြင်း မရှိပဲ ပြောဆိုနေမှုများသည် မှားယွင်းနေသည်ကို အထင်အရှား တွေ့လာရသည်။ NUG နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည် ဆိုသည်အား TNLA အဖွဲ့၏ အထွေထွေ အတွင်းရေးမှုး ဗိုလ်မှုးချုပ် တာဘုန်းကျော် မှ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော DVB နှင့် အင်တာဗျုး တွင် ရှင်းလင်းစွာ ထုတ်ဖေါ်ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။ 

 

၎င်းမှ ၁၀၂၇ စစ်ဆင်ရေးသည် ရုတ်ခြည်း ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ တနှစ်ခန့် အချိန်ယူပြီး ပြင်ဆင်ခဲ့ရသည့်အပြင် NUG လက်အောက်ခံ တပ်များလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

 

စစ်ဆင်ရေး စတင်လျှင် စတင်ချင်း ချင်းရွှေဟော် အား တိုက်ခိုက် သိမ်းပိုက်ပြီး ဆက်တိုက်ဆိုသလို ကွမ်းလုံ၊ မုန်းကိုး၊ ဟိုပန်၊ နမ်းခမ်း တို့အား ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီ တပ်စခန်း ပေါင်း ၂၀၀ ကျော် သိမ်းယူနိုင်ခဲ့သည်။ တလ အတွင်းမှာပင် အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်များသည် ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် အတူ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးများ၊ အနောက်ဖက်တွင် ချင်း နှင့် ရခိုင် တိုင်းရင်းသားများ၊ အရှေ့ဖက်တွင် ကရင်နီ တိုင်းရင်းသား၊ ကရင် ပြည်နယ် နှင့် တနင်္သာရီ တိုင်းတို့ တွင် ကရင်တိုင်းရင်းသား တပ်များက ပူးပေါင်း ပါဝင်လာကြသည်။

 

တလ ပြည့်သည့် နေ့တွင်တော့ နိုင်ငံအနှံ့ ထိုးစစ်ကြီး ဆင်နွှဲတော့မည်ဟု တရားဝင် ကြေငြာလာခဲ့ပြီ ဖြစ်သည်။ ယင်းနှင့် အတူ စစ်တပ်သည် ၎င်းတို့ သမိုင်း တလျှောက် တခါဖူးမျှ ကြုံခဲ့ခြင်း မရှိသည့် ပြည်နယ် တိုင်း ၁၄ ခု ရှိသည့် အနက် ရှမ်းပြည်နယ် နှင့် ဧရာဝတီ တိုင်း မှ လွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် သမာရိုးကျ စစ်ပွဲသာမက ပျောက်ကြား စစ်ဆင်ရေးများ၊ လျို့ဝှက် စစ်ဆင်ရေး များ ဖြင့် တိုက်ခိုက်လာမှု များ ကို ရင်ဆိုင်လာခဲ့ရပြီ ဖြစ်သည်။

 

မန္တလေး ပြည့်သူ့ကာကွယ်ရေး တပ်များကလည်း မန္တလေးကို သိမ်းယူနိုင်ရန် ရွှေပြည်စိုး စစ်ဆင်ရေးကြီး ကို စတင်လာပြီး ကျောက်မဲ၊ နောင်ချို ဒေသများ တွင် ထိုးစစ် ဆင်နွှဲလာခဲ့သည်။ လောလောဆယ်တွင် မန္တလေး နှင့် အလှမ်းမဝေးလှသော မတ္တရာ မြို့ တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီ ဖြစ်သည်။

 

မဝေးလှသော အနာဂတ်တွင် သမိုင်းပညာရှင်များက နိုင်ငံကို ကင်ဆာရောဂါဆိုးကြီး ပမာ အမြစ်တွယ်နေသည့် စစ်အာဏာရှင် စနစ်ဆိုးသည် ၂၀၂၁ အာဏာသိမ်း ပွဲ ဖြင့် ကျုးလွန်ခဲ့သော အမှားကြီး ကြောင့် တိုင်းရင်းသား အားလုံး စုစည်း ညီညွတ်လာကြပြီး ပူးပေါင်းတွန်းလှန်နိုင်ခဲ့မှုကြော လဲပြိုသွားရပေတော့သည်ဟု သမိုင်းပညာရှင်များက တညီ တညွတ်တည်း မှတ်ချက်ချ ရေးသားလာကြမည်မှာ မလွဲဧကန် ဖြစ်သည်ဟု ဆောင်းပါးရှင်က ‌ရေးသားထားခဲ့သည်။

 

နောက်ထပ် သတင်းတပုဒ်အရ ပြည်တွင်း ပြည်ပရှိ မြို့ပြ အဖွဲ့အစည်းပေါင်း ၆၀၀ ကျော်မှ အာဆီယံ ၏ “အားလုံး ပါဝင် ဆွေးနွေးရန်” ထပ်မံ တောင်းဆိုနေမှုများ ရပ်ဆိုင်းရန် တညီတညွတ်တည်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပြီ ဖြစ်သည်။ ထိုသို့ ပြောဆိုနေမှုများသည် မြန်မာပြည်သူများ ၏ ဆန္ဒ နှင့် စွန့်လွှတ်နစ်နာ ခံခဲ့ရမှုများကို ထိခိုက်နစ်နာစေသည်ဟု လည်း ပါရှိခဲ့သည်။

 

အာဆီယံသည် စစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုပ်မှုများကို လစ်လျု ရှုခဲ့ပြီး တာဝန်ခံအောင် မလုပ်ခဲ့နိုင်ယုံမျှမက ထိုသို့ စစ်ရာဇဝတ်မှုများ ကျုးလွန်နေသူများ နှင့် စေ့စပ် ဆွေးနွေးရန် ပြောဆိုနေခြင်း ဖြစ်သည်ဟု ဆိုကာ နိုဝင်ဘာ ၂၀-၂၂ အာဆီယံ အထူး သံတမန် ရုံး၏ ကြေငြာချက်အား ပယ်ချလိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!