ဘီဂျင်းတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ သည် စစ်ကောင်စီ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေ နှင့် တွေ့ဆုံခဲ့ရာ တွင် အမျိုးသား ရင်ကြားစေ့ ရေး အလျှင်အမြန် အကောင်အထည် ဖေါ်ပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ဆက်လုပ်သွားရန် ပြောဆိုလိုက်သည်။ စစ်ကောင်စီသည် တရုတ်၏အမျက်တော် ရှနေမှု ကို ပြေရာပြေကြောင်း ပြောဆိုဖို့ ရောက်လာခြင်း ဖြစ်ပုံရသည်။
အလားတူပင် အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဗီနေး ကွာထရာ သည် နယူးဒေလီ တွင် ရောက်ရှိ နေသော ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး လွင်ဦး အား တွေ့ဆုံပြီး ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန် သတိပေးလိုက်ပြန်သည်။
လက်ရှိ တွင် အကျိုးစီးပွားကြောင့် အောင့်အည်း ဆက်ဆံနေကြရသော မရှိမဲ့ ရှိမဲ့ မိတ်ဆွေ ဆိုသူများကပင် ၎င်းတို့အား ဆန့်ကျင်ပြောဆိုလာကြပြီ ဖြစ်သည်။
ယခုအခါ တော်လှန်ရေး မဟာမိတ် တပ်များသည် လောက်ကိုင်ကို ခုခံနိုင်ရန် အကျအန ပြင်ဆင်ထားသည့် ခံတပ်ကြီး အားလည်း သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်၊ စစ်ဆင်ရေး၏ ပထမ ရည်မှန်းချက် အဖြစ် လောက်ကိုင်ကို ထိန်းချုပ်နိုင်ပြီ ဆိုက မဟာမိတ်များသည် တလိမ့်လိမ့် နှင့် နေပြည်တော်သို့ ချီတက်လာတော့မည် ဖြစ်သည်။
ကျပ်ငွေ တန်ဖိုး အဆမတန် ထိုးကျလာမှုကြောင့် စက်သုံးဆီ တင်သွင်းရန် နိုင်ငံခြားငွေ ပြတ်လတ်လာနေသဖြင့် ရန်ကုန်တွင် ဓါတ်ဆီ တန်းစီနေသော ကားတန်း ရှည်ကြီးများ တွေ့လာနေရသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်သည် မည်သို့မျှ ထိန်းချုပ်နိုင်စွမ်း မရှိတော့၍ တဒေါ်လာ လျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထားမှု ကို ပယ်ဖျက်ပေးလိုက်ရပြီ ဖြစ်သည်။
ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင် တန်နဲလ် မှ သုံးသပ်ရာတွင် အရေးကြီးဆုံး ဖြစ်သည့် လောင်စာဆီ အတွက် တင်သွင်း နေသူ များကို ပင် နိုင်ငံခြားငွေ ထုတ်ပေးနိုင်စွမ်း မရှိတော့၊ ထိုအနေအထားသည် ငရဲမင်းကြီး မှ ထပ်၍ ခေါင်းလောင်းထိုး အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။
မင်းအောင်လှိုင်သည် မွှန်ထူနေ၍ အမှန်ကို မြင်နိုင်စွမ်း မရှိ ဖြစ်လာနေသော်လည်း ၎င်းအား ထောက်ခံသူ များသည် မိမိတို့ အပေါ် ပြင်းထန်စွာ ရိုက်ခတ်လာတော့မည့် အန္တရာယ်ကြီးကို တွေးကာ နေမထိ ထိုင်မသာ ဖြစ်လာကုန်ကြသည်။
ထို့အတွက်ကြောင့်လည်း အကြံကုန် ဂဠုန် ဆားချက် ဆိူကာ ပြည်သူများကို ခြိမ်းခြောက်လာခြင်းပင် ဖြစ်သည်။
တကယ်တမ်းတွင် အားလုံး မျှော်လင့် နေကြသည့် သူ၏ တန်ပြန် ထိုးစစ်သည် သူ၏ စကားအတိုင်း ဆိုက တော်လှန်ရေး မဟာမိတ်များကို မဟုတ်ပဲ ၎င်းတို့ လှုပ်ရှား နယ်မြေများရှိ ပြည်သူများ ဖြစ်နေပေသည်။
ထိုကဲ့သို့ လုပ်ရပ်သည် ထိုဒေသရှိ ပြည်သူများ တော်လှန်ရေး အပေါ် ပို၍ ထောက်ခံလာစေရန် တွန်းပို့လိုက်ခြင်းသာ ဖြစ်၍ မဟာဗျူဟာအရ အရေးနိမ့်မှု ကြီးပင် ဖြစ်သည်ကို စစ်ကျောင်းပင် တက်စရာ မလိုပဲ သာမန် စဉ်းစားကြည့်ယုံမျှ နှင့်ပင် သိနိုင်သော အရာပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် ထိုလမ်းကြောင်းကို အဘယ်ကြောင့် ရွေးချယ်ခဲ့ရသနည်း ဆိုသည်က
ဩစတေးလျှ မဟာဗျူဟာ မူဝါဒ ရေးရာ အင်စတီကျု ၏ The Strategist စာစောင်တွင် စစ်ရေး သုတေသီ အင်ဒရူး ဆဲသ် မှ စစ်တပ်တွင် လူအင်အား မရှိတော့ခြင်းက အဓိက ပြဿနာ ဖြစ်လာနေသည်ဟု အောက်ပါ အတိုင်း သုံးသပ် ပြလာခဲ့သည်။
အခိုင်အခံ တည်ဆောက်ထားသည့် ခံတပ်များအားလည်း ခုခံကာကွယ် နိုင်မည့် လုံလောက်သည့် အင်အားနှင့် လက်နက်ကြီးများ ချထားပေးနိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေးသည် စစ်တပ် အဖို့ ဖြစ်လာမည် ကို အစိုးရိမ်ဆုံး အိမ်မက်ဆိုး ကြီး နှင့် အပြင်တွင် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု သုံးသပ်ထားသည်။ ၎င်းတို့၏ တပ်များအား နဲနဲ နှင့် ကျဲကျဲ ဝိုင်းထားရသည့် အဖြစ်ကြောင့် တကြိမ်လျှင် တိုက်ပွဲကြီး တပွဲထက် ပိုတိုက်ဖို့ ဆိုသည်က လွန်စွာ ခက်ခဲလာနေရသည်။
တဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်များသည် နိုင်ငံရေး အရ ကွဲပြားမှု များ ရှိနေဆဲ ဖြစ်သော်လည်း စစ်ရေး တွင် မူ မကြုံဖူးအောင် ပေါင်းစည်းလာခဲ့ကြသည်။ ထို့အတွက်လည်း စစ်တပ်အား စစ်မျက်နှာ မျိုးစုံ တပြိုင်တည်း ဖွင့်၍ တိုက်ခိုက်နိုင်ကြသဖြင့် ထူးထူးခြားခြား အောင်ပွဲများ ရလာခဲ့ခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီ အဖို့က အဖက်ဖက်က ရှုပ်ထွေးလာနေသော စိန်ခေါ်မှုများ ကြားတွင် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရဖို့ ဖြစ်လာနေသည်။
ကမ္ဘာတဝှမ်း ရှိ စစ်ရေး ကျွမ်းကျင်သူများ ဘုရားဟော ကျမ်းဂန် အလား လက်ခံထားကြသည်က ပြည်တွင်း ပုန်ကန်မှု ကို နှိမ်နှင်းရန် အတွက် စစ်အင်အားသည် ဆယ်ချိုး တချိုး အသာစီးရှိ နေရမည် ဟူ၍ ဖြစ်သည်။ အချို့က ၁၅:၁ ဟူ၍ ပင် ပြောနေကြသည်။ အရည်အတွက် များ တိုင်းလည်း အောင်မြင်မည်ဟု သေချာပေါက် အာမခံနိုင်သော်လည်း အင်အား သည် အရေးပါသည့် နေရာတွင် ရှိနေသည်။
စစ်တပ် အဖို့က စစ်မျက်နှာ တိုင်း ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိသည့် အဖြစ်ကို ထင်ရှားစွာ တွေ့မြင်နေရသည်။
လက်ရှိ စစ်အင်အား ပိုင်းအရ ဆိုလျှင် ညီနောင်သုံးဖေါ်တွင် ၄၅-၅၀,၀၀၀ ခန့်၊ KIA နှင့် KNLA ပေါင်းလျှင် တိုက်ရေခိုက်ရေ ပြည့်ဝနေသည့် အင်အား ၂၀,၀၀၀ ခန့်၊ ကရင်နီ တပ်တွင် ၁,၀၀၀ နှင့် ချင်းတို့၏ CNA တွင် ၁,၅၀၀ ခန့် ရှိနေသည်။ PDF အင်အား သည် ၆၅,၀၀၀ ခန့်နှင့် LDF သည် ၃၀,၀၀၀ ခန့် ရှိနေသည်။
မြန်မာ အရေး လေ့လာစောင့်ကြည့်နေသူများ က တော်လှန်ရေး တပ်များ၏ စုစုပေါင်း အင်အားကို ၈၀,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြသည်။ စစ်တပ် အဖို့က ထိုမျှ အင်အား ကို နိုင်ငံ အနှံ့ ထိုးစစ် ဆင် တိုက်ဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်ပေ။
စစ်ပြန်များ၊ ပြည်သူ့စစ်ဆိုသူများ၊ မိသားစုဝင်များ နှင့် အရပ်ရပ် ရှိ ထောက်ခံသူများကို စုစည်းနိုင်သည် ဆိုလျှင်ပင် တန်ပြန် ထိုးစစ်ဆင်ဖို့ အတွက် လိုအပ်သည့် အင်အား ရဖို့ မဖြစ်နိုင်ပေ။
၎င်းတို့တွင် ရှိ အလျှင်အမြန် ရွှေ့ပြောင်းနိုင်သော လက်ရွေးစင် တပ်များကို သုံး၍ တနေရာချင်းစီ ကို သာ ရင်ဆိုင် နိုင်သော်လည်း အခြားနေရာများတွင် ဟာလာဟင်းလင်း ဖြစ်ကျန်ရစ် နိုင်သည်၊ လေကြောင်းမှ အသာစီးရထားသည် ဆိုသော်လည်း လေကြောင်း သက်သက်ဖြင့် ဆုံးရှုံးသွားသော မြို့များ နယ်မြေများကို ပြန်လည် သိမ်းယူ နိုင်စွမ်း ရှိမည် မဟုတ်ပေ။
နောက်ဆုံးတွင် စီးပွားရေးအရ အချက်အချာကျပြီး လူဦးရေ ထူထပ်သည့် မြို့ကြီးများကို ကာကွယ်နိုင်ရန် တပ်များကို ပြန်ခေါ်လာနိုင်ဖွယ် ရှိသည်ဟု သုံးသပ်နေကြသည်။
သို့သော် ၎င်းတို့၏ တပ်များ ထိုအခြေအနေအထိ မပြိုကွဲ ပဲ တစည်းတလုံးတည်း ဆက်ရှိနေမည်လား ဆိုသည်က မဖြစ်မနေ မေးရတော့ မည့် မေးခွန်းမျိုး ဖြစ်လာနေပေပြီ။ ယင်းသည် အာဏာသိမ်း အဖွဲ့ ဆက်လက် ရပ်တည် နိုင်ရေး အတွက် မရှိမဖြစ် လိုအပ်နေပေသည်။
အတွင်းတွင် တင်းမာမှု များ ရှိလာနေပြီး စိတ်ဓါတ်များ ကျဆင်းလာနေသည်က အထူး ပြောစရာပင် မလိုပေ။ ယခု အချိန်အထိတော့ သိသိသာသာ အကွဲအပြဲမျိုး၊ ပုန်ကန်မှုမျိုး ထွက်ပေါ်မလာသေးပေ။
အချို့သော ပညာရှင်များက နိုင်ငံ ပြိုကွဲသွားနိုင်သည်ဟု အပိုင် ခန့်မှန်းနေကြပြီး အချို့ကမူ ထိုသို့ မဖြစ်ရန် ပြင်ဆင်ထားသင့်ပြီး ကုလသမဂ္ဂမှ ဝင်စွက် ဖို့ လိုလာပြီဟု ပြောနေကြသည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြီးများအား ဖယ်ရှားနိုင်မည်လား ဆိုသည်က ပြောရန် စောလွန်းနေသေးသည်၊ အမေရိကန် ထောက်လှမ်းရေး အသိုက်အဝိုင်းကမူ ၎င်းတို့ အဖို့ ပြေးစရာ မြေမရှိ၍ အချင်းချင်း ညှိနှိုင်း ပြီး ရုန်းကန်နေကြဆဲပင် ဖြစ်သည်ဟု သုံးသပ်နေကြသည်။
မင်းအောင်လှိုင်သည် ဆွေးနွေးညှိနှိုင်းခြင်းမျိုးဖြင့် ဖြေရှင်းရန် လက်မခံပဲ အဆုံးထိ ခါးခါးသီးသီး တိုက်ခိုက်သွားဖွယ် ရှိနေသည်ဟု ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!