တော်လှန်ရေး အင်အားစုများ တိုး၍ ညီညွတ်လာကြသည့် အတွက် အနောက်အုပ်စု မှ အကူအညီ ပေးသင့်ပြီ ဟု အထက်ပါ ခေါင်းစဉ်ဖြင့် လန်ဒန် အခြေစိုက် ကမ္ဘာကျော် အီကောနော်မစ် မဂ္ဂဇင်းကြီးမှ ရေးသားလာပြီ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ရက်စက်ကြမ်းကြုပ်စွာ အာဏာသိမ်းခဲ့မှု အား ယခင်က သေနတ်ပင် မကိုင်ဖူးခဲ့သော မြန်မာတို့သည် ပြည်သူ့ကာကွယ်ရေး တပ် ဟု အမည်ပေးထားသော တော်လှန်ရေး တပ်ဖွဲ့များသို့ ဝင်ရောက်လာခဲ့ကြသည်။ သို့သော် မြန်မာ အား လေ့လာစောင့်ကြည့်နေကြသူများက ထိုသို့ ကြိုးပမ်းအားထုတ်လာမှုသည် အားပျော့လွန်းပြီး ကြံမိကြံရာ လုပ်မှု အဖြစ် ရှု့မြင်ခဲ့ကြသည်။
ထိုသို့ ဖြစ်ကတတ်ဆန်း မပြည့်မစုံနှင့် ဖွဲ့စည်းလာသော တော်လှန်ရေး တပ်ဖွဲ့များသည် အင်အားတောင့်တင်းလှသော မြန်မာ စစ်တပ်အား မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု လည်း တွက်ဆခဲ့ကြသည်၊ ၎င်းတို့ထက် ပို၍ စနစ်ကျသော နိုင်ငံတဝှမ်း ရှိ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များပင် အစွန်အဖျား ဒေသများမှ နေ၍ ကာလကြာမြင့်စွာ တိုက်ခိုက်နေကြရဆဲ ဖြစ်သည်ကိုလည်း တွေ့ရှိနေကြရသော ကြောင့်လည်း ဖြစ်သည်။
ထိုသို့ ရှု့မြင်ထားမှု အား ယခုအခါ ပြန်လည် သုံးသပ်ရမည့် အချိန် ကျလာပြီ ဖြစ်သည်။
ပြီးခဲ့သည့် လကုန်ပိုင်းမှ စ၍ မြန်မာ လက်နက်ကိုင် တပ်များသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဆုံးရှုံးမှုများ နှင့် ရင်ဆိုင်လာခဲ့ရသည်။ အောက်တိုဘာ ၂၇ ရက်နေ့တွင် မဟာမိတ် ညီနောင်များ အဖွဲ့မှ ၁၀၂၇ ဟု အမည်ပေးထားသော ထိုးစစ်ကြီး အား စတင်လာပြီး တရုတ်နယ်နမိတ် နှင့် ထိစပ်နေသော ရှမ်းပြည် မြောက်ပိုင်းတွင် စစ်ကောင်စီ ၏ စခန်းများကို တိုက်ခိုက်လာခဲ့သည်။
၎င်းတို့ အကျိုးအမြတ် များစွာ ဖြစ်ထွန်းနေသော တရုတ် နှင့် ကုန်သွယ်ရေး လမ်းကြောင်း ပေါ်ရှိ အချက်အခြာ ကျသော မြို့များ နှင့် စစ်စခန်းပေါင်း တရာကျော်ခန့်ကို သိမ်းယူနိုင်ခဲ့သည်။ အကြီးမားဆုံး ဆုလဒ် အဖြစ် ဆွတ်ခူးရန် ရည်မှန်းထားသော လောက်ကိုင်သည် လည်း မဟာမိတ် ညီနောင်များ လက်တွင်းသို့ ကျလုကျခင် ဖြစ်လာနေသည်။
ကိုးကန့်ဒေသ၏ အုပ်ချုပ်ရေး မြို့တော် ဖြစ်သော်လည်း လောက်ကိုင်သည် တရုတ် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ကြီးများ နှင့် စစ်တပ်၏ အခြွေအရံများ ပေါင်းကာ အွန်လိုင်း လောင်းကစားမှုများ၊ အင်တာနက် မှ လိမ်လည် မှုများ ကို တရုတ် အာဏာပိုင်များ စိတ်အနှောက်အယှက် ဖြစ်လာသည့်အထိ ဆိုးဆိုးရွားရွား ကျုးလွန်နေသည့် မြို့လည်း ဖြစ်သည်။
ထိုဒေသတွင် မဟာမိတ် ညီနောင်များ အဖွဲ့၏ အောင်မြင်မှု များကို အခြားဒေသများရှိ တော်လှန်ရေး တပ်ဖွဲ့များက လည်း အလားတူ ရလဒ်များ ထွက်ပေါ်လာအောင် လုံးပမ်းလာကြသည်။ နိုင်ငံ အနောက်ခြမ်းရှိ အိန္ဒိယ နှင့် ထိစပ်နေပြီး တောတောင်ထူထပ်ရာ ဒေသ ဖြစ်သည့် ချင်းပြည်နယ်တွင် တော်လှန်ရေး တပ်များက စစ်စခန်းများကို သိမ်းယူ နိုင်ခဲ့သည်။ ကရင်ပြည်နယ်တွင်လည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ် များက ၎င်းတို့ ဒေသတွင်းရှိ စစ်ဌာနချုပ် အား တိုက်ခိုက်ခဲ့ကြသည်။
ရခိုင် ပြည်နယ်တွင်လည်း စစ်မျက်နှာသစ် ဖွင့်လာခဲ့သည်။ ထိုဒေသတွင် အခြေစိုက်နေသော ရက္ခိုင့်တပ်တော်သည် မြောက်ပိုင်း မဟာမိတ် ညီနောင် များ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံမြောက်ပိုင်း တွင် တိုက်ခိုက်နေကြသော်လည်း ယခုအခါတွင် အပစ်အခတ်ရပ်စဲရေး ကို ချိုးဖောက်ကာ စတင် တိုက်ခိုက်လာပြီ ဖြစ်သည်။
တိုင်းရင်းသား တပ်များသည် မဟာဗျူဟာ များ ကို သုံးသပ်ပြီး တက်ညီလက်ညီ တိုက်ခိုက်ကြခြင်းပင် ဖြစ်သည်။ ၎င်းတို့ထဲမှ အတော်များများသည် PDF များ နှင့် တူညီသော ရည်မှန်းချက်များ ထားရှိပြီး လေ့ကျင့်သင်ကြားကာ အတူ လက်တွဲ တိုက်ခိုက်ခဲ့ကြခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီအား ခုခံတွန်းလှန်နေသည့် တပ်များသည် ယခင်ကလို ဖြစ်ကတတ်ဆန်း မဟုတ်တော့။ တဖက်တွင် စစ်တပ်သည် အင်အား ကို အစွမ်းကုန် ဖြန့်ကျက် ချလာနေရ၍ စိတ်ဓါတ်များ ပြိုလဲ ကျဆင်းလိုက်လာနေပြီ ဖြစ်သည်။ ၎င်းတို့တွင် အရံထားသည့် အင်အား ဟူ၍ မဆိုသလောက်သာ ရှိတော့၍ ဆုံးရှုံးသွားသည်များကို ပြန်တိုက်ယူ ရန် စိတ်ကူးနိုင်စွမ်းပင် မရှိတော့ပေ။
ထိုသို့ တစုတစည်းတည်း တိုက်ခိုက်လာမှု အပေါ် အာဏာသိမ်း အဖွဲ့ကိုသာ အပြစ်တင်ရဖို့ ဖြစ်လာရသည်။ အာဏာသိမ်းပြီး ချိန်မှစ၍ နိုင်ငံတွင်းရှိ မြို့ပေါင်း ၃၃၀ ရှိသည့်အနက် ၃၁၅ မြို့ တွင် အကြမ်းဖက်မှုများ ကျုးလွန်လာခဲ့ကြသည်ဟု စင်္ကာပူ အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု မှ ရှိုနာ လွန်းက တွက်ချက်ပြခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက စစ်အင်အား အဓိက စုဆောင်းရာ ဒေသ ဖြစ်သည့် နိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသရှိ ဗုဒ္ဓဘာသာ မြန်မာ များသည်ပင် ၎င်းတို့ အား ပုန်ကန်လာခဲ့ကြသည်။ စစ်တပ်အား မုန်းတီးနေမှုသည် နိုင်ငံတဝှမ်းတွင် အထင်အရှား တွေ့လာရသည်။ စစ်တပ်မှ လူသစ် စုဆောင်းသူများသည် တော်လှန်ရေး အဖွဲ့များထံ ခိုလှုံခြင်း၊ လက်နက်ချခြင်းများ လုပ်လာကြသည်။
အနောက်တိုင်း အင်အားကြီး နိုင်ငံများ အနေဖြင့် မြန်မာတို့၏ လက်နက်ကိုင် တော်လှန်ရေး နှင့် ပြန်လည် ချိတ်ဆက်ရန် အချိန်ကောင်းပင် ဖြစ်သည်။ အဆိုပါ အင်စတီကျု မှ ထွက်ရှိလာမည့် စာအုပ်သစ် ဖြစ်သည့် “မေးခွန်းဟောင်းများ အတွက် အဖြေသစ်” New Answers to Old Questions တွင် အာရွန် ကော်နယ်လီ နှင့် မစ္စက် လွန်း တို့မှ မကြာခဏ ဆိုသလို လစ်ဘရယ် မဆန်ပဲ ထိန်းချုပ်လွန်းသော ဒေါ်အောင်ဆန်းစုကြည် အပေါ် မျှော်လင့်ချက်များ စုပြုံထားခဲ့သော အနောက်အုပ်စု အနေဖြင့် ခေါင်းဆောင်သစ်များ ထွက်ပေါ်လာနေပြီ ဆိုသည်ကို ယခုအခါ ပို၍ သဘောပေါက်လာဖွယ် ရှိသည်ဟု ရေးသားထားသည်။
ထိုခေါင်းဆောင်သစ်များ ကို အနောက်အုပ်စု အနေဖြင့် အားပေးကူညီသင့်ပေသည်။ မြန်မာ တို့၏ တော်လှန်ဆန့်ကျင်နေမှု ကို လက်နက်များ ထောက်ပံ့ပေးဖို့ မဖြစ်နိုင်ဟု ဆိုလျှင်ပင် ၎င်းတို့၏ စစ်ဆင်ရေး များ နှင့် စစ်ကောင်စီ မှ မထိန်းချုပ်နိုင်တော့သည့် ဒေသများသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေး တို့တွင် အထောက်အကူ ဖြစ်စေနိုင်သည့် အင်တာနက် ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို ပံ့ပိုးပေးသင့်လှသည်။
လောလောဆယ်တွင် နောက်ကွယ် သံတမန်ရေး လမ်းကြောင်းတွင် အနောက်အုပ်စုမှ မပါဝင်သလောက် နီးနီးရှိနေသည့်အတွက် တရုတ် အပါအဝင် ပြင်ပ အင်အားကြီး နိုင်ငံများ ဝင်လာအောင် လမ်းဖွင့် ပေးထားသလို ဖြစ်နေသည်၊ ထိုနိုင်ငံများသည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဆိုသည်အား ပေယျာလကံ ပြုထားကြသူများလည်း ဖြစ်သည်။
မြန်မာ သည် နိုင်ငံတွင်း ရှိ သန်း ငါးဆယ် သော လူများ အတွက် သာ မဟုတ်ပဲ ဒေသတွင်း နှင့် နိုင်ငံတကာ အတွက်ပါ အန္တရာယ် ရှိလာနေသည်။
ထိုသို့ ဒီမိုကရေစီအတွက် အန္တရာယ်ကြီး ကျရောက်လာနေပြီ ဖြစ်၍ အနောက် အုပ်စု မှ ဝင်ရောက် ကူညီသင့်ပြီ ဖြစ်သည်။
(၂၀၂၃ နိုဝင်ဘာ ၁၆ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ “Myanmar Junta Suffers Startling Defeats” ဆောင်းပါးကို ပြန်လည် တင်ပြသည်။)
ကျွန်တော်၏ မနေ့က ပို့စ် လည်း ဖေ့စ်ဘုတ်မှ လူမှု ကျင့်ဝတ်များ နှင့် မညီဆိုကာ ဖြုတ်ချခြင်း ခံခဲ့ရပြီး ယခုဆို သုံးကြိမ် ရှိသွားပြီ ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!