စနေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ အယ်ဒီတာ အာဘော် မှ "Myanmar Still a ticking Time Bomb" ဟူသော ခေါင်းစဉ် ဖြင့် ယခုလို ရေးသားလာခဲ့သည်။
မြန်မာ နိုင်ငံတွင် ဖေဖေါ်ဝါရီ လ အာဏာ သိမ်းအပြီး သုံးနှစ် အတွင်း အခြေအနေများသည် အဆိုးမှသည် ငရဲတမျှ ပွက်ပွက်ဆူသည့် အနေအထားသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုသို့ ဆိုးဝါးလိုက်လာနေသည့် အနေအထား ကြောင့် ထိုင်း အနေဖြင့် အခြား ရွေးချယ်စရာ လမ်းမရှိတော့ပဲ ဆိုက် ရောက်လာလတ္တံ သော လူသားချင်းစာနာထောက်ထားစွာ ဖြေရှင်းရမည့် အကျပ်အတည်းကြီး အတွက် ကြိုတင် စီမံထားသင့်သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ အရပ်သား အစိုးရ ထံမှ စစ်တပ်၏ အာဏာ သိမ်းယူမှု အပေါ် မြို့ကြီးပြကြီးများ တွင် နိုင်ငံရေး အရ ကန့်ကွက် ဆန္ဒပြမှု များ ဖြင့် စတင်ခဲ့ရာမှ ယခုအခါ တိုတောင်းလှသော အချိန်အတွင်းမှာပင် နိုင်ငံ အနှံ့ ထိန်းမနိုင်သိမ်းမရ အခြေအနေ ရောက်သွားခဲ့ရသည်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များမှ အခြေအနေကို အခွင့်ကောင်းယူကာ ခုခံနိုင်စွမ်း မရှိတော့သော စစ်တပ်ထံမှ နယ်မြေ အမြောက်အမြားကို သိမ်းယူခဲ့ကြသည်။
အနောက်ဖက်တွင် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ် အတွင်း စစ်မျက်နှာ ပေါင်းစုံ ဖွင့်ကာ ထိုးစစ်ကြီး စတင်လာခဲ့သည်။ ထို့အတွက် ယခင် အကြမ်းဖက် ခံရမှု ကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာ များ အပြင် နောက်ထပ် လူပေါင်း ၂၆,၀၀၀ ခန့် နေရပ်စွန့်ခွာ ခဲ့ကြရပြန်သည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေသည် စစ်တပ်၏ ထိန်းချုပ်မှု အောက် ရှိနေဆဲ ဖြစ်သော်လည်း ရက်အနည်းငယ် အတွင်း ပေါက်တောမြို့အား လက်ပြောင်းလက်လွှဲ ဖြစ်သွားခဲ့ရသည်ကို ကြည့်က စစ်တွေ အခြေအနေသည်လည်း ယိမ်းယိုင်လာနေပြီဟု ခန့်မှန်း၍ ရပေသည်။
အနောက်မြောက် ဒေသရှိ ချင်းပြည်နယ် တွင်လည်း ချင်း အမျိုးသား တပ်ဦးသည် စစ်ကောင်စီ တပ်သားများကို အိန္ဒိယ မီဇိုရမ် ပြည်နယ်ထဲသို့ မောင်းထုတ်နိုင်ခဲ့သည်။ ထွက်ပြေးလာသူများက အိန္ဒိယ အစိုးရထံ လက်နက်ချခဲ့ကြသဖြင့် နယူးဒေလီ အဖို့ အလန့်တကြား ဖြစ်လာခဲ့ရသည်။
အရှေ့မြောက်ဖက်ခြမ်း ရှိ တရုတ် နှင့် အဓိက ကုန်သွယ် လမ်းမကြီး ဖြတ်သန်းသွားရာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် MNDAA နှင့် TNLA တပ်များသည် ထိုးစစ်ကြီး ဆင်နွှဲပြီး စစ်စခန်းပေါင်းများစွာကို သိမ်းယူနိုင်ခဲ့သည်၊ ထိုတိုက်ပွဲများကြောင့် လူပေါင်း ၅၀,၀၀၀ ခန့် အိုးအိမ် စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။
တရုတ် နှင့် ကုန်သွယ်ရေး လမ်းကြောင်းသည် စစ်ကောင်စီ အတွက် နှစ်စဉ် နယ်ခြားကုန်သွယ်မှု မှ ရနေသည့် ဝင် ငွေ ဒေါ်လာ ၅၂.၃ ဘီလီယံ ထဲမှ ၄၀ ရာနှုန်း ပဲ့ပါသွားပြီ ဖြစ်၍ စီးပွားပျက်မတတ် ဖြစ်သွားခဲ့ရသည်။ ထို့အတွက် ဒုသမ္မတ ဆိုသူ မြင့်ဆွေမှ "နယ်ခြားဒေသရှိ အခြေအနေများကို ထိထိရောက် ရောက် မထိန်းချုပ်နိုင်လျှင် တိုင်းပြည် ပြိုကွဲမည့် အန္တရာယ် နှင့် ရင်ဆိုင်ရတော့မည် ချက်ခြင်းဆိုသလို သတိပေးလာရသည့် အထိ ဖြစ်လာခဲ့သည်။
တကယ်တမ်းတွင် မြင့်ဆွေ၏ တာဝန်သည် အာဏာသိမ်း အဖွဲ့အတွက် အများအမြင်တွင် တင့်တယ်စေရန် ရုပ်ထွက်ပြရသူသာ ဖြစ်သည်။ ထိုသို့သော လူမျိုးက သတိပေးလာရပြီ ဆိုကတည်းက ရှေ့လျောက် ကြမ်းရမ်းလာဖို့သာ ရှိပြီး ပဋိပက္ခ ကျယ်ပြန့်လာသည်နှင့် အမျှ အရပ်သား ထောင်ပေါင်းများစွာ ထပ်မံ၍ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြရဖို့ ရှိနေသည်။
တရုတ်သည် မြန်မာနိုင်ငံတွင်း ဆိုးဝါးလာနေသော အခြေအနေများ အတွက် စိုးရိမ်မကင်း ဖြစ်လာပြီး ဒုနိုင်ငံခြားရေး ဝန်ကြီး နွန်ယောင်းကို စေလွှတ်ပြီး ၎င်းတို့ ရင်းနှီးမြုပ်နှံထားမှု များ လုံခြုံစိတ်ချမှု ရှိနေရန် စစ်ကောင်စီ ၏ အာမခံချက်ရရန် အရေးဆိုလာသည်။ အဆိုပါ ခရီးစဉ် အတွင်း တရုတ်မှ နယ်ခြားဒေသ လုံခြုံမှု ရှိရေး အတွက် မိမိတို့နှင့် "ပူးပေါင်းဆောင်ရွက်ရန်" စစ်ကောင်စီ အား တိုက်တွန်းလာခဲ့သည်ကို ကြည့်ပါ အဆိုပါ အရေး တွင် ၎င်းတို့ ဦးဆောင်မှု နောက် လိုက်ရန် အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိ ပဋိပက္ခ အပေါ် ထိုင်း၏ သဘောထားသည် အချိန်နှင့် အမျှ ပြောင်းလဲနေပုံ ရသည်ဟု ဆိုရမည် ဖြစ်သည်။
ပရာရွတ် ချန် အိုချာ လက်ထက်တွင် နေပြည်တော်နှင့် ပလူးပလဲ လုပ်ရန် စိတ်အား ထက်သန်နေခဲ့သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ အပြင်းအထန် ရှုတ်ချ ပြောဆိုနေချိန်တွင် အသိအမှတ်ပြုသည့် အနေဖြင့် အစိုးရ ကိုယ်စားလှယ် တဦး ပထမဆုံး စေလွှတ်သည့် နိုင်ငံသည် ထိုင်းနိုင်ငံ ဖြစ်လာခဲ့သည်။
အခြားနိုင်ငံများမှ အာဆီယံ ထီးရိပ်အောက် ခိုပြီး မြန်မာအား လမ်းကြောင်းပေါ် ပြန်ဆွဲတင်ရန် အတူတကွ ကြိုးပမ်းလာနေစဉ်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမူဒွင်နိုင်းသည် အများ နှင့် ဆန့်ကျင်ပြီး အာဏာသိမ်း အဖွဲ့ နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခဲ့၍ အာဆီယံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု များ နှင့် ညီညွတ်မှု ကို ထိခိုက်သွားခဲ့သည်။
မြန်မာ ဂျက်တိုက်လေယာဉ်များ ထိုင်းနယ်မြေထဲသို့ ကြိမ်ဖန်များစွာ ကျုးကျော်ဝင်ရောက်လာသည်များ အားလည်း အရေးမကြီးဟန် လျော့ပေါ့ ပြောဆိုခဲ့ပြန်သည်။
လက်ရှိ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်သည် မြန်မာနှင့် ပတ်သက်သော ကိစ္စများနှင့် တမင်တကာ ခပ်ကင်းကင်း နေ နေသည်ကို သိသာထင်ရှားစွာ တွေ့လာရသည်။ မြန်မာနိုင်ငံထဲ လူကုန်ကူး ခံရ၍ ရောက်နေသော ထိုင်း နိုင်ငံသား ၂၀၀ ကျော်အား ပြန်လည် ခေါ်ယူရန် ကိစ္စကို ဥပမာ အဖြစ် ကြည့်နိုင်ပေသည်။
ထိုင်းနိုင်ငံသားများ နယ်ခြားမှ ခဲတပစ်စာ အကွာအ ဝေး တွင် ဒုက္ခတွေ့နေရသည့် အရေးအား အောက်တိုဘာ လ အစောပိုင်းကတည်းက သိရှိခဲ့သော်လည်း ယခုထိ ပြန်ခေါ်နိုင်ခြင်း မရှိသေးပေ။
မြေပြင်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်နေ၍ ပြန်ခေါ်ဖို့ အရေး နှောင့်နှေးနေရသည်မှာ သံသယ ဖြစ်စရာ မလိုသော်လည်း အစ္စရေး တွင် ပိတ်မိနေသော နိုင်ငံသားများကို အခက်အခဲ တစုံတရာ မရှိပဲ လျောလျောလျူလျူ ခေါ်ထုတ်နိုင်ခဲ့သည် နှင့် နှိုင်းယှည် ကြည့်ပါက ဘန်ကောက် နှင့် နေပြည်တော်အကြား ပူးပေါင်း ဆောင်ရွက်မှု အတိုင်းအတာ ကို ခန့်မှန်းကြည့်၍ ရပေသည်။
ဆရက်သာ အစိုးရသည် ပရာရွတ် ကဲ့သို့ မဟုတ်ပဲ ၎င်းတို့အား တရားဝင် အဖြစ် အသိအမှတ်ပြုသည့် သဘောမရောက်အောင် မြန်မာ စစ်ကောင်စီ နှင့် ဝေးဝေးနေသည်မှာ မှန်သော်လည်း ရှိလာနေသည့် ပြဿနာကို မရှိလေဟန် ဟန်ဆောင်၍တော့ မဖြစ်နိုင်ပေ။
နိုင်ငံတွင်း ပြောင်းဆန်လာသည့် အခါ စစ်ဘေးရှောင်ရမည့် လူများ အဖို့ ထိုင်းနိုင်ငံထဲ ရောက်လာကြမည်သာ ဖြစ်သည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံ တဝှမ်းမှ ရောက်လာသူများ ရှိနေပြီးလည်း ဖြစ်သည်။
ထိုင်း အစိုးရ အနေဖြင့် မြန်မာသည် ပွက်ပွက်ဆူလာနေသော ဒယ်အိုးကြီး မဟုတ်တော့ပဲ အချိန်မရွေး ပေါက်ကွဲနိုင်သည့် တချက်ချက် မြည်လာနေသော ချိန်ကိုက်ဗုံးကြီး အဖြစ် သဘောပေါက်ဖို့ အချိန်တန်ပြီ ဖြစ်သည်။
ထို့အတွက် ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့များ အားလုံး စေ့ဆပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာရန် အာဆီယံ၏ ကြိုးပမ်းနေမှု ကို ဝိုင်း၍ မြှင့်တင်ပေးသင့်သည်။ သို့မဟုတ်က ဒေသတွင်းရှိ အထိမခိုက် မခံ ဖြစ်လာနေသည့် ငြိမ်းချမ်းနေမှုသည် အန္တရာယ် ကြုံလာရနိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!