တိုက်ပွဲများသည် ယခုအခါ နေပြည်တော် အနီး မိုင် ငါးဆယ် တဝိုက်တွင်ပင် ခပ်စိတ်စိတ် ဖြစ်လာနေချိန်၌ မြန်မာ အရေး လေ့လာသူ များ ၏ သုံးသပ်ချက်များအရ ထွက်ပေါ်လာနိုင်သော ရလဒ် သုံးမျိုး ကို တွေ့လာရသည်ဟု The Diplomat ဆောင်းပါးတွင် ဖေါ်ပြထားသည်ကို ကောက်နှုတ် တင်ပြလိုပါသည်။
ပထမ တမျိုးမှာ ၁၉၄၅ တွင် အမေရိကန် တို့ အနောက်ဥရောပ စစ်ပွဲကြီး ကို အနိုင်ရရှိခဲ့မှု နှင့် အတူ ငြိမ်းချမ်းရေး အား ဖေါ်ဆောင်နိုင်ခဲ့ခြင်း။
ဒုတိယ အမျိုးအစား မှာ ၁၉၇၅ တွင် အမေရိကန်တို့ ဗီယက်နမ် စစ်ကို အရေးနိမ့်သွားခဲ့သော်လည်း ငြိမ်းချမ်းရေး ရရှိလာခဲ့ခြင်း။
တတိယ အဖြစ် အီရတ် နှင့် အာဖဂန်နစ္စတန် ကဲ့သို့ စစ်ပွဲကို အနိုင်ရရှိခဲ့သော်လည်း ငြိမ်းချမ်းရေး ဆုံးရှူံးသွားခဲ့ခြင်း မျိုး တို့ ဖြစ်သည်ဟု ဆိုသည်။
မြန်မာ အတွက် နောက်ထပ် ရွေးချယ်စရာ ရှိနေသည်က အခြား အဖွဲ့များမှ စစ်ကို အနိုင်တိုက်စေပြီး မိမိတို့ အတွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်း မျိုး ဖြစ်သည်၊ ဤသည်က အမျိုးသား ညီညွတ်ရေး အစိုးရ အတွက် ထွက်ပေါ်လာနိုင်သော ရလဒ်မျိုး ဖြစ်နိုင်ပေသည်။
လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယာယီ သမ္မတ မြင့်ဆွေ ဆိုသူတို့ မှ တိုင်းပြည် ပြိုကွဲ တော့မည်ဟု အလွန်အကျွံ ချဲ့ကား ပြောဆိုနေကြသော်လည်း တိုင်းရင်းသား အုပ်စုများက လွတ်လပ်သော တသီးတခြား နိုင်ငံ ထူထောင်မည်ဆိုက စီးပွားရေး ဖက်တွင် ကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ် သလို ဖြစ်လာနိုင်သည်ကို ကောင်းစွာ သိရှိထားကြပြီးလည်း ဖြစ်သည်။
စစ်တပ်၏ အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး သွေးစည်း ညီညွတ်ပြီး တသားတည်း ရပ်တည်ကြဖို့ အရေးတကြီး ပြောဆိုလာကြမှု နှင့် တိုင်းရင်းသား များ ညီညွတ်ရေး အတွက် အတွေးအခေါ် အယူအဆ သစ်များ ထွက်ပေါ်လာခဲ့သည်။ "ကျွန်တော်တို့ အမှောင်ခေတ်ကို ကျော်လွန်လာခဲ့ပြီး ရောင်နီ ပေါ်လာပြီ ဖြစ်သည့် အာရုဏ်ဦး ကို ရောက်လာခဲ့ကြပြီ" ဟု NUG ဝန်ကြီး တဦးက ပြောခဲ့သည်။
လေ့လာသူများ အားလုံးက မြန်မာ စစ်တပ်သည် ပြီးခဲ့သည့် နှစ်ပေါင်း ငါးဆယ် အတွင်း ယခုလောက် ကြီးမားသည့် အန္တရာယ်မျိုး တခါဖူးမျှ မကြုံခဲ့ဖူး" ဟု တညီတညွတ်တည်း မှတ်ချက်ချခဲ့ကြပြီး ဖြစ်သည်။
ရာပေါင်းများစွာသော စစ်ကောင်စီ တပ်သားများ ကျဆုံးခဲ့ခြင်း၊ တပ်ရင်းအလိုက် လက်နက်ချမှုများ ထွက်ပေါ်လာခြင်း၊ လက်နက်ချလာသူ အရည်အတွက် များပြားလာခြင်း တို့ကြောင့် စိတ်ဓါတ်များ ကျဆင်းလာပုံ ရှိသည်ဟုလည်း သုံးသပ်ခဲ့ကြသည်။
ရက္ခိုင့် တပ်တော်သည်လည်း နိုဝင်ဘာ ၁၄ ရက်တွင် စတင်တိုက်ခိုက်လာသည့် အတွက် စစ်တပ် အတွက် နောက်ထပ် စစ်မျက်နှာ အသစ် နှင့် ရင်ဆိုင်ခဲ့ရသည်။ ကယားပြည်နယ် မြို့တော် လွိုင်ကော်သည်လည်း မဟာမိတ် တပ်များ လက်သို့ ကျလုကျခင် အနေအထား ရောက်လာခဲ့သည်။ တရုတ် နယ်စပ် သွား အဝေးပြေး လမ်းမကြီးများအားလည်း ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်သည်။
ဘီဂျင်းသည် စစ် ကောင်စီ နှင့် ဆက်ဆံရေး ကို ပြန်လည် သုံးသပ်လာပုံရသည်၊ ၎င်းတို့မှ နယ်စပ်တွင် နယ်ခြားစောင့် တပ်များ၏ အကာအကွယ် နှင့် မှိုလို ပေါက်လာနေသော အွန်လိုင်း လိမ်လည်မှု များ ကျုးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း အာဏာသိမ်း အဖွဲ့ က တုံဏှိဘာဝေ လုပ်နေခဲ့၍ ဖြစ်သည်။
NUG သည် အားပျော့သည်ဟု ကာလကြာမြင့်စွာ စွပ်စွဲမှု များ ရှိနေသော်လည်း ကချင် လွတ်မြောက်ရေး တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့မှ နေပြည်တော်ထိ ချီတက်လာကြဖို့ မရှိ၊ စစ်ပွဲသည် အဆုံးတွင် စစ်တပ် အတွင်း အာဏာသိမ်းပြီး အသစ် ထွက်ပေါ်လာသော အဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး အဆုံးသတ် သွားပေလိမ့်မည်။
ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားပြီးနောက်တွင် အမျိုးသား အစိုးရ ဖွဲ့စည်းရေး တာဝန်သည် NUG ကဲ့သို့ ဗမာအများစု ပါဝင်သည့် အဖွဲ့မှ တာဝန်ယူရလိမ့်မည်ကို တိုင်းရင်းသား အုပ်စု များက သိထားကြပြီး ဖြစ်သည်။ NUG သည်သာ ပြည်ပ အစိုးရ များ နှင့် ဆွေးနွေးနိုင်မည် ဖြစ်သည်။ စစ်ကောင်စီ ကျဆုံးသွားပြီး နောက်ပိုင်း တိုင်းရင်းသား အုပ်စုများ၏ ထောက်ခံမှု ရထားသော NUG သည်သာ ဖက်ဒရယ် အစိုးရ ပုံစံ ဖွဲ့စည်း နိုင်မည့် တခုတည်းသော လမ်းကြောင်းလည်း ဖြစ်နေသည်။
ယခုအခါ တိုင်းရင်းသား အုပ်စု အားလုံးနီးပါး ပါဝင် တိုက်ခိုက်လာကြပြီ ဖြစ်၍ ဖက်ဒရယ် စနစ်သည် မလုပ် မဖြစ် အကောင်အထည် ဖေါ်ရတော့မည်ကို NUG သည် လက်ခံလာခဲ့သည်။ ယခင် အာဏာရှိစဉ်က ဖက်ဒရယ် စနစ်ကို စကားဟဟ ပင် မပြောခဲ့၍ NUG ထဲတွင် ယခင် ပုံစံ အတိုင်း ပြန်သွားချင်သူများ ရှိကောင်း ရှိနေနိုင်သည်ဟု တိုင်းရင်းသား တပ်များက သံသယများ ရှိနေသည်မှာလည်း သဘာဝ ကျပေသည်။
မြန်မာအတွက် အကောင်းဆုံး ဖြေရှင်းချက်သည် ဖက်ဒရယ် နိုင်ငံ ထူထောင်ရေးပင် ဖြစ်သည်။ ထိုလမ်းကြောင်းအားလည်း အပြန်အလှန် နားလည် မှုများ ဖြင့် လျှောက်လှမ်းရမည် ဖြစ်သည်။
အာဏာရှင် ခေတ် အလွန် တွင် NUG သည် နိုင်ငံကို တစုတစည်း တည်း ထိန်းချုပ်နိုင်ရန် နှင့် စစ်တပ် အတွင်း ပြုပြင်ပြောင်းလဲမှု များ ဖေါ်ဆောင်ရန် အင်နှင့် အားနှင့် အုပ်ချုပ်သွားရမည် ဖြစ်သော်လည်း တိုင်းရင်းသား နယ်မြေ များကို ဖြန့်ကျက်လာသည် အထိ အလွန်အကျွံ ဖြစ်မလာဖို့ လိုသည်။
ငြိမ်းချမ်းရေး ရရှိ ဖို့အတွက် NUG သည် စစ်ရေး အရ အရေးပါဆုံး အခန်းကဏ္ဍ မှ ပါဝင်နေဖို့ လိုသည်။
ပြည်တွင်းစစ် အပြီး အခြား ထည့်သွင်း စဉ်းစားစရာ များ လည်း ရှိနေသည်၊ ဤသည်က ဖက်ဒရယ် တပ်မတော် ပင် ဖြစ်သည်၊ ထိုသို့ ဖွဲ့စည်းနိုင်က ကောင်းသည် ဆိုသော်လည်း လက်တွေ့တွင် နောက်ပိုင်း ငြိမ်းချမ်းရေး ရရှိဖို့ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ရန် လိုအပ်နေသဖြင့် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်း မည် ဆိုက ထိုလိုအပ်ချက် နှင့် အတိုက်အခံ ဖြစ်သွားနိုင်ပြန်သည်။
မည်သို့ပင် ဆုံးဖြတ်စေကာမူ ပေါ်ထွက်လာသော စစ်တပ် ဖွဲ့စည်းမှုသည် ဖက်ဒရယ် ရည်မှန်းချက် များ နှင့် အညီ ဖြစ်မှသာ ပီပြင်သော တော်လှန်ရေး ဖြစ်လာပေလိမ့်မည်။
နောက်ထပ် ဆောင်းပါး တပုဒ်တွင် မင်းအောင်လှိုင်သည် သူ အားကိုးပြုနေသော မော်စကိုမှ ဝင်ကူလေမည်လားဟု မျှော်လင့်ကောင်း မျှော်လင့်နေဖွယ် ရှိသော်ငြားလည်း ပြီးခဲ့သည့် စက်တင်ဘာလ တွင် ဖြစ်ပွားခဲ့သော နဂိုနို-ကာရာဘတ် စစ်ပွဲတွင် ၎င်းတို့၏ မဟာမိတ် ဖြစ်သည့် အိမ်နီးချင်း အာမေးနီးယား ဖက်မှ ပင် ဝင်ကူခဲ့ခြင်းမျိုး မရှိပေ။
မြန်မာသည် စစ်တပ် ဖျက်ဆီးသွားသည့် နိုင်ငံအား ပြန်လည် တည်ဆောက်ရေး နှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် နိုင်ငံတကာ၏ အကူအညီများ လိုအပ်နေသည်၊ ထိုက်ထိုက်တန်တန် လည်း ပေးသင့်သည်ဟု ဆိုသည်။
၁၉၉၁ တွင် ကုလသမဂ္ဂ မှ ကြားကာလ အစိုးရ အဖြစ် နှစ်နှစ်တာ တာဝန်ယူ အုပ်ချုပ်ခဲ့သည့် ကမ္ဘောဒီယား၏ သင်ခန်းစာများကိုလည်း ရယူသင့်သည်ဟု ယူအေအီး၏ The National သတင်းစာတွင် ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!