အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(10)

by Hla Soewai - Nov 17 2023

Human Intelligence (၄)

 

အပြင်သို့ ပေါက်ကြားလာ‌သော စစ်ထောက်လှမ်းရေး၏ စာရွက်စာတမ်းများ အရ စစ်ထောက်လှမ်းရေး ဦးစီးရုံးသည် "Human Rights Defenders", "Generation Z Defence Force" ကဲ့သို့ နာမည်တု များ ဖြင့် ပျောက်ကြား ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်ဟု သိရှိရသည်။

 

ထိုသို့ အယောင်ဆောင် လှုပ်ရှားမှုများသည် သမာရိုးကျ မဟုတ်တော့ပဲ ခေတ်မီ ဆန်းပြားသော လှည့်စားမှု များဖြင့် အခြား အဖွဲ့များ၏ ယုံကြည်မှု ရှိလာအောင် စစ်စခန်းများ နှင့် ရဲစခန်းများကို ပင် အယောင် ဆောင် တိုက်ခိုက်ပြခဲ့ကြသည်။ ထိုသို့ ဟန်ပြတိုက်ခိုက်ခဲ့မှုများ ကို စစ်ထောက်လှမ်းရေး ဦးစီးရုံး၏ ကြားမှ စီစဉ်ပေးမှု ဖြင့် "အထူးတပ်ဖွဲ့" က ဆောင်ရွက်လာခဲ့သည်။

 

ထောက်လှမ်းရေး ကိုယ်တိုင်လည်း အတိုက်အခံများ အပေါ် လူထု၏ ယုံကြည်မှု မဲ့လာစေရန် မြို့လယ်ကောင်များ တွင် ဖေါက်ခွဲမှုများကို ကျုးလွန်ခဲ့ကြသည်။

 

အဆိုပါ စာရွက် စာတမ်းများအရ အာဏာသိမ်း အဖွဲ့၏ သူလျို ကွန်ယက်သည် အတော်လေး ကျယ်ပြန့်နေပြီး မြေအောက်တော်လှန်ရေး အဖွဲ့များ၏ ထိပ်ပိုင်း ဦးဆောင်သူများ အကြားသို့ပင် စိမ့်ဝင်နိုင်ခဲ့သည် သိခဲ့ရသည်။ အဆိုပါ သူလျို ကွန်ယက်များ ကြောင့် ဖြိုးဇေယျာသော်၊ ကိုဂျင်မီ နှင့် အခြား နှစ်ဦးသည် ၂၀၂၂ ဇူလိုင်လတွင် ကွပ်မျက်ခံခဲ့ရသည်။

 

စစ်ထောက်လှမ်းရေးသည် ပြည်ပနိုင်ငံများ အထူးသဖြင့် ဒုက္ခသည် အများစု နှင့် ၎င်းတို့အား ဆန့်ကျင် လှုပ်‌ရှား‌ နေသူ များ ရှိ‌‌ နေသည့် အိမ်နီးချင်း နိုင်ငံများသို့ အေးဂျင့်များ စေလွှတ်ခဲ့သည်။ အမေရိကန် အခြေစိုက် Committee to Protect Journalists အဖွဲ့မှ မြန်မာ စစ်ထောက်လှမ်းရေးသည် ထိုင်းနယ်ခြား မြို့များ နှင့် ဒုက္ခသည် စခန်းများ တွင် ရှိနေပြီး ထို‌နေရာများတွင် လှုပ်ရှားနေကြသော သတင်းသမားများကို စောင့်ကြည့် ထောက်လှမ်း‌လျက် ရှိသည်ဟု ကာလကြာမြင့်စွာ ကတည်းက ယုံကြည်ထားပြီး ဖြစ်သည်။

 

ဤသည်ကလည်း မှန်ကောင်းမှန်ုနိုင်ဖွယ် ရှိနေသည်။ ၂၀၂၁ မေလ အတွင်းတွင် အာဏာသိမ်း အဖွဲ့၏ သူလျိုများဟု သံသယ ရှိသူ ၂၅ ဦးအား ကေအင်ယူ လက်အောက်ခံ ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့က ကွပ်မျက် ပစ်ခဲ့သည်။ ၂၀၂၂ ဩဂုတ်လ ထဲတွင်လည်း ထိုင်းနိုင်ငံ အတွင်း သံဃာတော်များ၊ သီလရှင်များ အဖြစ် အယောင်ဆောင်နေသည့် မြန်မာ ထောက်လှမ်းရေး အေးဂျင့် အမြောက်အမြားကို ဖမ်းဆီးမိခဲ့သည်ဟု ထိုင်း သတင်းများ တွင် ပါရှိလာခဲ့သည်။

 

ထိုင်း NGO များကလည်း မြန်မာ စပိုင်များ ဒုက္ခသည် စခန်းများ အတွင်း ထောက်လှမ်း သတင်းယူနေသည်များကို တွေ့ခဲ့ရသည်ဟု ပြောဆိုလာကြသည်။

 

ယခင်က ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယ မှ စပိုင်လုပ်သည် ဆိုကာ မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ဖူးသည်။ ထိုသို့သော လှုပ်ရှားမှု များ ရပ်ဆိုင်းသွားလောက်ပြီဟု ယုံကြည်စရာ အကြောင်း လုံးဝမရှိပေ။ အနောက်ဖက် နယ်ခြားသို့ ဒုက္ခသည်များ နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုး၍ ရောက်လာနေမှု ကြောင့် ပို၍ပင် လှုပ်ရှားလာဖွယ် ရှိနေသည်။

 

အလားတူ အခြားနေရာများသို့ အေးဂျင့်များ စေလွှတ်ခြင်း၊ မြန်မာနိုင်ငံသားများကို သတင်းပေးများ အဖြစ် သိမ်းသွင်းခြင်းများလည်း လုပ်လာဖွယ် ရှိနေသည်။ ၎င်းတို့ အဓိက ပစ်မှတ်ထားသော နိုင်ငံများမှ NUG ကိုယ်စားလှယ် ရုံးများ ရှိနေသည့် ဩစတေးလျှ၊ နော်ဝေး၊ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံ ရှစ် နိုင်ငံပင် ဖြစ်သည်။

 

ထိုနိုင်ငံများ တွင် နေထိုင်လျက် ရှိသော မြန်မာ အရည် အတွက် သိသိသာသာ များပြားနေပြီး အားလုံး လိုလိုသည်လည်း စစ်အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် လှုပ်ရှားလျက် ရှိနေကြသည်။ ထို့ပြင် အိမ်ရှင် အစိုးရ များအားလည်း မိမိတို့ အရေး တော်ပုံကို ထောက်ခံမှု ပေးရန်လည်း လော်ဘီ လုပ်လျှက် ရှိသည်။

 

ထို့ပြင် မြန်မာနိုင်ငံ အတွင်း ဒုက္ခရောက်လျက် ရှိသော ပြည်သူများ အား အကူအညီများ ပေးနိုင်ရန်၊ NUG အား ငွေကြေး ထောက်ပံ့နိုင်ရန်၊ PDF များ အတွက် လိုအပ်သော လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် ရံပုံငွေများ တက်တက်ကြွကြွ ရှာဖွေ စုဆောင်းပေးနေကြသည်။ ထိုကဲ့သို့သော လှုပ်ရှားမှု များအား စစ်ကောင်စီ အဖို့ စိတ်မဝင်စားပဲ နေ၍ မရအောင် ဖြစ်လာခဲ့သည်။ ၎င်းတို့အဖို့ အနည်းဆုံး သတင်းရယူရေး၊ ထိုးဖောက်ဝင်ရောက်ကာ လုပ်ငန်း ဆောင်တာများ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ရန် လုပ်ကြမည်သာ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် လက်နက်ကိုင်သူများရော၊ လက်နက် မကိုင်သူများ ကိုပါ ထောက်လှမ်းနိုင်ရေးသည် အထူးဦးစားပေး အဆင့် သတ်မှတ်လာခဲ့သည်။ ထိုကဲ့သို့ လှုပ်ရှားလာမှု များကို နှိမ်နှင်းရန် အဓိက အခက်အခဲသည် လုပ်ငန်း သဘောသဘာဝ အရ လျို့ဝှက်ထားရ၍ ‌မည်သူမည်ဝါ ဖြစ်သည်ကို ဖေါ်ထုတ်နိုင်ဖို့ မလွယ်ကူ ခြင်းပင် ဖြစ်သည်။

 

ထောက်လှမ်းရေး တိကျ မှန်ကန်မှု ရှိခြင်းသည် အနိုင် နှင့် အရှုံး ကို ဆုံးဖြတ်ပေးလိမ့်မည်ဟူသော စကားရပ်လည်း ရှိနေပြန်သည်။

 

နိုင်ငံ တွင်းတွင်လည်း စစ်တပ် နှင့် ရဲများ၏ ဗရမ်းဗတာ ဝင်ရောက် ဖမ်းဆီးမှုများသည်လည်း မဆန်းတော့သလို ဖြစ်လာနေသည်။ အာဏာသိမ်း အဖွဲ့အဖို့ ၎င်းတို့ရည်ရွယ်ရာ ပစ်မှတ်များကို တိတိကျကျ အရေးမယူနိုင်ခဲ့လျှင် နောက်ဆုံးပေါ် လက်နက် အသစ် အဆန်းများ ပိုင်ဆိုင်ရန် လုံးပမ်းနေမှုများသည် မည်သို့မျှ အဓိပ္ပါယ် ရှိလိမ့်မည် မဟုတ်ပေ။ ထိုလက်နက်များကို မလိုအပ်ပဲ အရမ်းကာရော သုံးစွဲနေခြင်းကပင် ဖြုန်းတီးပစ်ရာ ကျနေသည်။

 

ထို့ပြင် အပြစ်မဲ့ ပြည်သူများ အသက် အိုးအိမ် ဆုံးရှုံးသွားရခြင်းသာ အဖတ်တင်ပေလိမ့်မည်။ ၎င်းတို့အား ထိခိုက်နစ်နာ ခဲ့သူများ နှင့် နိုင်ငံတကာမှ ပို၍ ဆန့်ကျင်လာအောင် အားပေးအားမြှောက် လုပ်ရာလည်း ကျပေသည်။